Wednesday, March 15, 2017

" သင်နှစ်သက်သလိုအမည်ပေးနိုင်သော တိုင်းပြည် " (၄)

" သင်နှစ်သက်သလိုအမည်ပေးနိုင်သော တိုင်းပြည် " (၄)

#အိပ်ပျော်နေသော_မြို့တော်

(၁)

ကျွနုပ်သည် ညအိပ်ရမှာပင် အလွန်တရာ
စိုးရွံ့ထိတ်လန့်နေမိ၏။ အကြောင်းမှာ ညစဉ် ညတိုင်း
အိပ်ပျော်လေသည်နှင့် အလွန်စိတ်ပျက်ဖွယ်ကောင်းသည့်
တိုင်းပြည် တို့ကို အကြောင်းအရာများနှင့်တကွ
အိမ်မက်မြင်မက်လေသောကြောင့်
ဖြစ်ပေတော့သည်။

တည နှင့် တည အိမ်မက်တို့သည်
မတူညီသလို တိုင်းပြည်များ၏ ဖြစ်စဉ်တို့လည်း မတူညီကြ။
တထပ်တည်း တူညီကြလေသည်မှာတော့
ထိုထိုသော တိုင်းပြည်တို့သည် လွန်စွါ စိတ်ပျက်စရာ
ကောင်းသည့် အချက်ပင်။

အိမ်မက်သမျှ တိုင်းပြည်တို့သည်
တိုင်းပြည် နာမည်မသိရ။၎င်းတိုင်းပြည်တို့သည်
တိုင်းပြည်တခုတည်းအား မြင်မက်လေလော..???
သို့တည်းမဟုတ် မတူညီသည့် တိုင်းပြည်များပင်လော..???
ကမ္ဘာလောက၌ အမှန်တကယ် တည်ရှိသော တိုင်းပြည်များလော..???

သို့လော သို့လော မေးခွန်းများကို ဖြေဆိုရန်မှာ
ကျွနုပ်၏ ဥာဏ်နှင့် မည်သို့မျှ သက်ဝင်နိုင်ခြင်း
မရှိလေသောကြောင့် စာရှုသူများထံသာ
ထိုးအပ်လိုက်ရသည်ချည်း ဖြစ်လေတော့၏။

©©©©©©©©©©©©©©©©©©©

(၁)

ဤတိုင်းပြည်သည် တတိုင်းပြည်လုံး
အိပ်ပျော်နေသော တိုင်းပြည်ဖြစ်၏။တနည်း အိပ်ပျော်နေသော
မြို့တော် ဖြစ်၏။ကျွနုပ်စရောက်သည့် အခါမှစတင်၍
ယခုချိန်အထိ မည်သူ တဦးတလေမျှ အိပ်နေရာက မနိုးကြသေးချေ။
အလွန်ထူးဆန်းပေ၏။

တိုင်းပြည်ရှိလူများ အိပ်ပျော်နေကြသော်လည်း
မြောက်ဘက်အတော်ဝေးဝေးနှင့် အနောက်ဘက်ပိုင်းတွင်
စစ်ပွဲများဖြစ်နေသည့်နှယ် တဝုန်းဝုန်း အသံများကို ကြားရလေသည်။
မည်သို့ပင် စစ်ပွဲသံနှယ် ဆူညံပွက်လောရိုက်နေလည်း တိုင်းပြည်ရှိ
အိပ်ပျော်နေသူများသည် မည်သူမျှ မနိုးကြချေ။အိပ်ကောင်းမြဲ အိပ်နေကြ၏။

ကျွနုပ်သည် တိုင်းပြည်လွှတ်တော်အတွင်းသို့ ဝင်ရောက်လေ့လာ
ကြည့်ရာ အမတ်မင်း ဝန်မင်းများလည်း တခူးခူး တခေါခေါ တသောသော
နှင့် တရေးတမော မက အိပ်ပျော်နေကြသည်ကို မြင်တွေ့ရ၏။

(၂)

သူတို့၏ရင်ဘတ်တွင် တံဆိပ်များကိုကြည့်မိရာ
ပညာရေးဝန်ကြီးဋ္ဌာန lလျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဋ္ဌာန l
စိုက်ပျိုးရေး  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန l
ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန lယဉ်ကျေးမှုဝန်ကြီးဋ္ဌာနl
သာသနာရေးဝန်ကြီးဋ္ဌာနl သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဋ္ဌာန lအလုပ်သမား   လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာနl စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနl
စက်မှု့ ဝန်ကြီးဋ္ဌာန l ကျမ်းမာရေးဝန်ကြီးဋ္ဌာန lဆောက်လုပ်ရေးဝန်ကြီးဋ္ဌာန l
လူမှု့ဝန်ထမ်း   ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာန l
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဋ္ဌာန lစီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဋ္ဌာန l ပြန်ကြားရေးဝန်ကြီးဋ္ဌာန l
တိုင်းရင်းသားရေးရာဝန်ကြီးဋ္ဌာန l ပြည်ထဲရေးဝန်ကြီးဋ္ဌာန အစရှိသဖြင့်
အသီးသီးသော တံဆိပ်များကို တွေ့ရလေသည်။

ဆန်းပေစွ။ထူးပေစွ။ ဤတိုင်းပြည်သည် အိပ်ပျော်နေသော
တိုင်းပြည်ကြီးပေလော။အလုပ်မလုပ်ကြတော့ပေဘူးလား…???
ဤသို့သော တိုင်းပြည်ကြီးသည် ကမ္ဘ္ဘ္ဘ္ဘ္ဘာလောက၌ တကယ်ရှိနေသည်မှာ
အံ့သြဖွယ်ရာပင်မဟုတ်လေလော …???

(၃)

ကျွနုပ်သည် လွှတ်တော်အတွင်း လှည့်ပတ်ကြည့်ရှုနေရင်း
သင်္ကန်းဝတ်နှင့် စိတ်မနှံ့ပုံရသော ရဟန်းတပါးသည်
သတ်ကွ ဖြတ်ကွ ဘုရားအလောင်းကွ ဟူ၍ ဟစ်ကြွေး
အော်ဟစ်ပြီး သကာလ  အိပ်ပျော်နေသော l
သာသနာရေးဝန်ကြီးဋ္ဌာနတံဆိပ်ကပ်ထားသော ပုဂ္ဂိုလ်နှင့်
ပြည်ထဲရေးဝန်ကြီးဋ္ဌာန တံဆိပ်ကပ်ထားသော ပုဂ္ဂိုလ်တို့အား
လက်မှာ ကိုင်ထားသည့် ပန်းချီစုတ်တံဖြင့် မျက်နှာများအား
ပန်းချီရေးဆွဲသည့်အလား သုတ် နယ် သွားပေရော့သည်။

ဤသို့ ပြုလုပ်သွားသော်လည်း အနှီ ပုဂ္ဂိုလ်များသည်
တုပ်တုပ်မျှ မလှုပ်ရေးချ မလှုပ်ကြချေ ။တခူးခူး တခေါခေါ တသောသော
နှင့် တရေးတမော မက အိပ်ပျော်နေကြသည်ကို အံ့အားသင့်ဖွယ်
မြင်ရလေ၏။ကျွနုပ်လည်း ဤအဖြစ်အပျက်ကို ထောက်၍
အရူးတွေ မအိပ်သည်မှာ အမှန်ဖြစ်ကြောင်း တွေးဆမိလေ
တော့သည်။

(၄)

ဤအတွေးနှင့် အတူ ကျွနုပ်ထိတ်လန့် မိသည်မှာ
ဤတိုင်းပြည်သည် လူကောင်းများ အကုန်အိပ်ပျော်နေပါက
အရူးများသာ နိုးထ သောင်းကျန်းနေပေလိမ့်မည်။သို့ဆိုက
ပြဿနာ ။ ပြဿနာမှ တကယ့်ပြဿနာ ပေ။
အရူးတွေ ကျွနုပ်အား ရန်ရှာလျှင် မည်သို့ ပြုလုပ်ရမည်နည်း ???

ကျွနုပ်သည် ကြောက်ကြောက်နှင့် ဆက်လက်ထွက်ခွါလာရာ
သေနတ်သံများ ကြားရပြီး အပြန်အလှန် ပစ်ခတ်နေသည်ကို
အထင်းသားမြင်တွေ့ရလေ၏။သေနတ်ကျည်ဆန်များသည်
ပစ်ခတ်နေသူများအား မထိဘဲ အိပ်ပျော်နေသူ အိပ်မောကျနေသူ
လူကောင်းများကိုသာ ထိမှန်၍ သွေးချင်းချင်းရဲနေတော့သည်။
သို့ပါသော်လည်း ဤတိုင်းပြည်မှ ပြည်သူများသည် အသက်သာ
သေသွားကြသည် နိုးထသွားကြသည်ကို လုံးဝ မတွေ့ရပေ။
သနားစရာ ပြည်သူများပါလား…???သူတို့သည် စိတ်မနှံ့သူများ၏
နိုးထသောင်းကျန်းမှုအောက်တွင် လက်နက်ကိုင် သောင်းကျန်းမှုများ
အောက်တွင် မည်သို့မျှ အေးချမ်းစွာ အိပ်စက်ရဖွယ် မရှိပေ။
အခန့်မသင့်လျှင် အသက်များပင် ဆုံးရှုံးနိုင်သေးသည်ကိုလည်း
တွေ့ရလေ၏။

(၅)

ကျွနုပ်သည် အိပ်ပျော်နေသူ ပြည်သူများအား
အခါခါ ကြိုးစားနှိုး၏။လုံးဝ မရ။ သူတို့ခမျာ အလွန်အိပ်မော
ကျနေပုံပင်။အိပ်မောကျလွန်း၍ လူသေကောင်များနှင့်ပင်
တူနေလေတော့သည်။

ကျွနုပ်သည် ဤထူးဆန်းသော တိုင်းပြည်အား
အလွန်စိတ်ဝင်စားလာ၏။ ကျွနုပ်ရောက်ရှိနေသော ထိုတိုင်းပြည်၏
အမည်နာမကို မြင်သမျှနေရာတွင် ရှာဖွေကြည့်၏။
အင်တာနက်တွင် ရှာကြည့်သည် မတွေ့။တိုင်းတပါး
အွန်လိုင်းမှ  မိတ်ဆွေများကို မေးကြည့်သည်။
သူတို့လည်း စိုးစဉ်းမျှ မသိချေ။GPS ဖွင့်ပြီး
မိမိရောက်ရှိနေသည့်နေရာအား Google Map တွင်
ရှာဖွေကြည့်၏။ ထူးဆန်းစွါ အိန္ဒိယ သမုဒ္ဒရာထဲရောက်နေသည်ကို
တွေ့ရလေ၏။ထိုတိုင်းပြည်အား အမည်နာမ လတ်တလော
ပြောမည်ဆိုလျှင် အိပ်ပျော်နေသောတိုင်းပြည်ဟုသာ
ပြောရပေမည်။

ကျွနုပ်သည် ဤ အိပ်ပျော်နေသောတိုင်းပြည်သို့ မည်သို့ မည်ပုံ
ရောက်ရှိလာသနည်း ဆိုသည်ကို စဉ်းစားရခက်နေသည်ထက်
ဤတိုင်းပြည်အကြောင်းကို ကနဦးသိလိုလာ၏။

(၆)

ကျွနုပ်ရောက်ရှိနေသည်မှာ မြို့တော်၏
အထင်ကရပြတိုက် အနီးတွင် ဖြစ်ရာ ချက်ချင်းပင် အလျင်အမြန်
သွားရောက်လေ၏။ ကံကောင်းသည်ဟု  ဆိုရပေမည်။
ပြတိုက်တွင် ဖယောင်းရုပ်တုများ ပြည့်နှက်နေလေသည်။

ဖယောင်းရုပ်တု အားလုံးသည်
အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် အလုပ်အမျိုးမျိုးအား
အားကြိုးမာန်တက် လုပ်ကိုင်နေကြသည်ကို ထူးခြားဖွယ်
မြင်တွေ့ရလေ၏။ ပြတိုက်ရှိ ဖယောင်းရုပ်တု အားလုံးကို
ကြည့်ရသည်မှာ အလွန် စိတ်တက်ကြွဖွယ်
ဖြစ်ပေသည်။

ကျွနုပ်လည်း ဤုပြတိုက်အပြင်ဘက်ထွက်၍
အိပ်ပျော်နေသော ပြည်သူများအား ကြည့်ရသည်မှာ
စိတ်မချမ်းမြေ့ဖွယ် ဖြစ်ပြီး ပြတိုက်အတွင်းမှ ဖယောင်းရုပ်တုများကို
ကြည့်ရသည်မှာ စိတ်တက်ကြွဖွယ်ဖြစ်ပေါ်ပုံကို
တွေးတောနေခိုက် မျက်နှာကြက်မှ အိမ်မြောင်သည်
မျက်နှာပေါ်သို့  ဖုတ်ခနဲ ပြုတ်ကျလာလေရာ
အိပ်ရာမှ လန့်နိုးလေတော့သတည်း………………

(၇)

ကျွနုပ်သည် အိမ်မက်ထဲတွင် ထင်ရှားစွါ မြင်တွေ့ခဲ့သော
အထက်ပါ အိပ်ပျော်နေသော သူများနေထိုင်ရာ တိုင်းပြည်အား
အိပ်ပျော်နေသောတိုင်းပြည်ဟု အမည်ပေးလိုက်လျှင် အမှန်တော့
ပြီးချေပြီ။သို့ပါသော်လည်း ကျွနုပ်သည် အိမ်မက်ထဲက
ထိုတိုင်းပြည် အကြောင်းကို စဉ်းစားပြီး
ကမ္ဘာလောကရှိ မည်သည့်တိုင်းပြည်နှင့် တူညီသလဲ ဆိုသည်ကို
အတော် စဉ်းစားရကြပ်နေ၏။အဆုံးသတ် အနေဖြင့်
ကျွနုပ်၏ ဥာဏ်နှင့် မည်သို့မျှ သက်ဝင်နိုင်ခြင်း
မရှိလေသောကြောင့် စာရှုသူများထံသာ " သင်နှစ်သက်သလို
အမည်ပေးနိုင်သော တိုင်းပြည် " (၄)   ဟူ၍သာ
ထိုးအပ်လိုက်ရလေတော့သည် တကား ……………………
………………………………………………………………………
………………………………………………………………………………
…………………………………………………………………

                                   #မောင်သုခ
                                  (9-March-2017)

No comments:

Post a Comment