Wednesday, March 15, 2017

ထူးဆန်းသော အသီး

" ထူးဆန်းသော အသီး "

(၁)

ထူးဆန်းသောအသီး အကြောင်းကို ပြောတဲ့အခါ
အသီးရဲ့ ပုံသဏ္ဍာန်နဲ့ အကြောင်းအရာကို စာရှုသူကွက်ကွက်ကွင်းကွင်း
လယ်ပြင်မှာ ဆင်ထခုန်သလို မြင်အောင် ကနဦးပြောပြလိုပါတယ်။

အသီးရဲ့အရောင်ဟာ ပန်းသီးလို အဆင်းနီပြီး မွှေးအီသော
အနံ့အသက်နဲ့ ဆွဲဆောင်ပါတယ်။ပုံသဏ္ဍာန်ကတော့
လုံးဝန်းပြီး ပုဏ္ဏရိပ်ပင်ငယ်က အသီးလေးတွေလို
အရွယ်အစားသေးငယ်ပါတယ်။ဒီအသီးကို မိမိအနီးအနား
တစုံတဦးကသာ စားနေမယ်ဆိုရင် အရွယ်ငယ်ငယ်နဲ့
ဘယ်လိုမှ မလိုက်ဖက်တဲ့ချိုမြမွှေးအီတဲ့ အနံ့ဟာ
အဆိုပါအသီးကို စားချင်စိတ်ပေါက်အောင် လူတကာကို
ဆွဲဆောင်ပါတယ်။

ဒီလောက်သေးတဲ့အသီးလေးကို မျိုချလိုက် ပြီးရောပေါ့လို့
တွေးစရာရှိပေမယ့် ဒီထူးဆန်းသော အသီးကို စားမိသွားတဲ့
စားဖူးတဲ့လူတိုင်းဟာ ဘယ်လိုနည်းနဲ့မှ မျိုချဖို့ စိတ်ကူးကြမှာ
မဟုတ်တာတော့ အသေအချာပါပဲ။ကုန်သွားမှာတောင်စိုးတဲ့အတွက်
တစ်တိ တစ်တိနဲ့ အသီးသေးသေးလေးကို နည်းနည်းချင်း နည်းနည်းချင်း
စားသုံးကြသူချည်းပါပဲ။အသီးတစမကျန်ကုန်သွားရင်တောင်
လက်ချောင်းတွေကို အငမ်းမရ စုပ်ပြီး စားသောက်ကြပါသေးတယ်။

(၂)

ဒီထူးဆန်းသော အသီးကို စားမိသွားတဲ့သူဟာ
နောက်ထပ်အခါခါ စားချင်စိတ်ပေါက်သလို အချိန်နဲ့အမျှ
ဘာအလုပ်မှ ဖြောင့်ဖြောင့်မလုပ်နိုင်ဘဲ စိတ်ထဲမှာ
မူးယစ်ဆေးစွဲသလို အသီးကို စားချင်သောက်ချင်စိတ်ကသာ
ကြီးစိုးနေပါတော့တယ်။

ထူးဆန်းသော အသီးဟာ လူကိုပေါ့ပါးစေသလို
အာရုံကြောတွေကိုလည်း နိုးကြားလာစေပါတယ်။
သူဟာ ကြောက်ရွံ့ထိတ်လန့်တတ်သူကို ပင်ကိုယ်ထက်
နှစ်ဆ ကြောက်ရွံ့ထိတ်လန့်စေပြီး ရဲတင်းလွန်းတဲ့သူကိုလည်း
သာမာန်ထက် နှစ်ဆ ရဲတင်းလာစေပါတယ်။လူတိုင်းကို
သံသယ မျက်စိနဲ့ ကြည့်တတ်လာသလို ထင်ယောင်ထင်မှားမှု
တွေကိုလည်း ဖြစ်ပေါ်စေတတ်ပါတယ်။သာမာန် ပင်ကိုယ်ထက်
အရာရာကို နှစ်ဆ နှစ်ဆ တိုးပွါးစေတာတော့ အလွန်
ထူးဆန်းသောအချက်လို့ ပြောရမှာပါပဲ။

တကယ်တော့ ထူးဆန်းသောအသီးဟာ အသီးတလုံးလို့
ဆိုရမှာထက် မူးယစ်ဆေးဝါးတခုလို ဖြစ်နေတော့တာပါပဲ။
အကြောင်းကတော့ ဒီအသီးဟာ စိတ်ပျံ့လွင့်မှုနဲ့ စိတ်ကယောက်
ကယက်ဖြစ်မှုတွေကိုလည်း ဖြစ်ပေါ်စေလို့ပါ။ဒါ့ပြင် သူဟာ
အချိန်ကို ကုန်မှန်းမသိ ကုန်စေပါသေးတယ်။

ဒီအသီးကို စာရေးသူဟာ တလတိတိ သုတေသနပြုပြီးတဲ့
အခါမှာတော့ ခြံထဲမှာ ရှိတဲ့ အသီးသီးနိုင်မယ့် အပင်အားလုံးကို
အမြစ်ကလှန်ပြီး မီးရှို့ပစ်လိုက်ပါတော့တယ်။နောက်ထပ် ထပ်မံပြီး
ဒီအပင်နဲ့ ဒီအသီးတွေ သီးလာမှာ စားသုံးမိမှာ စားသုံးမိကြမှာကို
အလွန်ထိတ်လန့် မိတာကြောင့် မျိုးစေ့ပါမကျန်အောင်ကို
ဖျက်ဆီးလိုက်ပါတော့တယ်။ထူးဆန်းသော အသီးနဲ့ ထူးဆန်းဖွယ်ရာ
တွေကတော့ >>>>>>>

(၃)

ကျွနုပ်သည် ပေတရာ့ငါးဆယ်ပတ်လည်ကျယ်သော
ခြံဝန်းလေးတခုထဲတွင် စိတ်ကူးပေါက်ရာ သစ်ပင် ဝါးပင်လေးများကို စိုက်ပျိုးပြီး
အေးအေးလူလူ နေထိုင်သော သူတယောက်ဖြစ်၏။တရက်သောအခါ
မာမူမြတ်စိုးဟိန်းပေးသော ကွမ်းပင်ပိုးကျသောအခါ ပိုးသတ်ရန်ဆေးနည်းကို
အကျအနစီရင်ပြီး ခြံထဲရှိကွမ်းပင်များတွင် စေတနာသဒ္ဒါမရှိပါဘဲ ကပ်လျက်
စားသောက်နေသော အနှီကွမ်းပိုးများကို မောင်းထုတ်ရန် ဆေးဖြန်းလျက်ရှိ၏။

ဤတွင် ကျွနုပ်၏ ကွမ်းခြံနံဘေး အပင် အသီးစုံလင်စွါဖြင့် ကြီးထွား
အရွယ်ရောက်နေသော ထူးဆန်းသောသစ်ပင်လေးကို သတိထားမိလေ
တော့သည်။

အရွက်များမှာ ဝိုင်းစက်၍ ပုဏ္ဏရိတ်ပင်နှင့် အရွက်မှလွဲလျှင်
တထပ်တည်းတူညီလေ၏။ သီးနေသော အသီးများမှာလည်း
နီရဲလုံးဝန်းကာ ပုဏ္ဏရိတ်သီးလေးများအလား ပန်းသီးလေးများအလား စားချင့်စဖွယ်ဖြစ်နေသောကြောင့် လက်မှ ဖျက်ခနဲ ခူးလိုက်ပြီး
ပါးစပ်ထဲသို့ စွတ်ခနဲ ထည့်လိုက်မိလေသည်။

ဤတွင် စတင်၍ ထူးဆန်းသောအသီး၏ အရသာနှင့်
ချိုအီသော အနံ့အသက်ကို စတင်ခံစားမိလေတော့၏။
ကျွနုပ်တသက်နှင့်တကိုယ် စားခဲ့ဖူးသော အသီးများထဲတွင်
ပဲခူးရိုးမတောထဲမှ ရေသဖန်းသီးသည် အလွန် အနံ့အရသာ
ပြည့်စုံ၍ အကောင်းဆုံးဟု ဤထူးဆန်းသော အသီးကို
မစားဖူးလျှင် ဆိုရမည် ဖြစ်သော်လည်း ထူးဆန်းသော အသီးကို
စားမိလိုက်သောအခါ အကောင်းဆုံးသော ရေသဖန်းသီးသည်
ဒုတိယနေရာသို့ ရောက်ရှိသွားပေတော့သည်။အသီးတကာ့ အသီးထဲတွင်
ဤထူးဆန်းသော အသီးသည် အကောင်းတကာ့ အကောင်းဆုံးပင်။
စားပြီးရင်း ထပ်ထပ် စားချင်သလို လူကိုလည်း လန်းဆန်းတက်ကြွ
စေလေ၏။ကျွနုပ်သည် ထိုနေ့ ထမင်းမစားဖြစ်တော့ချေ။

ကျွနုပ်သည် ဤထူးဆန်းသောအသီးကို အစွဲကြီးစွဲမိလေပြီ။
ညည မအိပ်တော့ ။ဤအသီးငယ်လေးတွေကိုသာ တန်းတန်းစွဲ
စားပြီးရင်း စားနေမိတော့၏။ဤအပင်များကို မျိုးအထပ်ထပ်ပွါးကာ
ခြံတွင် စိုက်ထားလေ၏။အသီးအတွက် မပူမပင်ရတော့ ။
ကျွနုပ်အတွက် ကမ္ဘာလောကတွင် မရှိမဖြစ် လိုအပ်သည့်
တခုတည်းသောအရာမှာ ထူးဆန်းသော အသီးများသာ
ဖြစ်ပေတော့သည်။

(၄)

တည ခြံတွင် သူခိုးများလား ဓါးပြများလား မသိ လူအုပ်လိုက်
သန်းခေါင်ယံအခါ ကပ်လာလေ၏။ဓါတ်မီးများလည်း တဝင်းဝင်းပင်။
စကားသံများလည်း အတိုင်းသားကြားရ၏။ဒီကောင့်ကို သတ်ပြီး
ထူးဆန်းသော အပင်များကို ယူသွားမည်ဟုလည်း ဆို၏။
ကျွနုပ်လည်း စဉ်းစားပေပြီ။ဒီအပင်အကြောင်း ဘယ်သူမှ မသိ။
ဒင်းတို့ အဘယ်သို့ သိလေသနည်း…???စာရှုသူများ ပြောပြ
လိုက်လေသလား …??? တွေး၏။ဒါမှမဟုတ် ခြံထဲတခါတခါ
ကြောင်တောင်တောင် ရောက်လာတတ်သော ညီထွေး ၏
စနက်လေလော ။သို့လော သို့လော တွေးတောကာ
ခေါင်းရင်းရှိ ငှက်ကြီးတောင်ကိုယူ၍ တဲအပြင်သို့ ထွက်လိုက်လေ၏။
မိုးထိန်ထိန် လင်းနေသည့်အောက်တွင် တစုံတယောက်မှ မရှိရေးချ
မရှိချေ။ မိမိ အထင် အမြင်များ မှားလေသလော။သန်းခေါင်ယံအခါမှ
လူအုပ်ကြီးသည် ဘယ်ရောက်သွားလေသလဲ …???သန်းခေါင်ယံမှ
နံနက်ကာလသို့ အဘယ်သို့ ချက်ခြင်းလက်ငင်း ရောက်လာလေသလဲ…???
ဤထူးဆန်းသော အသီးသည် အချိန်ခရီးသွားရန်အတွက် လှို့ဝှက်ချက်များ
ဖြစ်နေပေသလော …???တွေးမရသည့်အဆုံးကျွနုပ်သည် သုံးလေးည
အိပ်မပျော်သည့်ဒဏ်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားလေတော့၏။

(၅)

အိပ်ရာက နိုးသောအခါ ယုန်ငယ်တကောင်သည်
တစ်တုန်တုန် တစ်ရီရိ ဖြင့် နှေးတိလေးကန်စွါ သွားနေသည်ကို မြင်ရ၏။
ပါးစပ်မှလည်း တစုံတခုကို ဝါးနေလေဟန်။သတိထားကြည့်တော့
ထူးဆန်းသောအသီးကို သကောင့်သားစားနေလေပြီ။စားထားတာလည်း
မနည်းမနော အစေ့များ အပုံလိုက်ကျန်ခဲ့၏။ကျွနုပ်လည်း ဆွေ့ကနဲ
တဲမှထွက်ကာ ယုန်ငယ်ကို ပွေ့လိုက်လေ၏။ထူးဆန်းပေစွ။
ယုန်ငယ်သည် ကျွနုပ်လက်သို့ရောက်လေသည်နှင့် အသက်ပျောက်
ခဲ့လေပြီ။အကြောက်လွန်၍ အသက်ပျောက်ခြင်းသာ
ဖြစ်တန်ရာ၏။ယုန်အား သေစေလိုစိတ်မရှိသော ကျွနုပ်လည်း
စိတ်တော့ မသက်မသာ ဖြစ်မိပေတော့သည်။

ကျွနပ်သည် ထူးဆန်းသော အသီးများကို သံသယစတင်
ဝင်ရောက်လေပြီ။ဤထူးဆန်းသော အသီးများတွင် သမရိုးကျ
မဟုတ်လေသော သံသယ ဖြစ်ဖွယ် အာနိသင်များ သေချာပေါက်
ရှိနေ၏။

(၆)

ကျွနုပ်လည်း ခြံတွင်မွေးထားသော ခွေးလေး ဘိုနီအား စမ်းသပ်ကျွေးကာ
စောင့်ကြည့်လေ၏။ဘိုနီသည် သတ္တိရှိသော ခွေးလေးတကောင်ဖြစ်၏။
ဥာဏ်လည်း အလွန်ကောင်း၏။ထူးဆန်းသော အသီးကို စားပြီးသောအခါ
ဘိုနီ၏ လှုပ်ရှားမှုသည် သာမာန်မဟုတ်တော့ ယခင်အခါ ခြံအရှေ့မှ
ဖြတ်သွားသော နွားအုပ်ကို အဝေးကထိုးဟောင်လေ့ရှိသော်လည်း
ယခုအခါ နွားအုပ်ကို အတင်းဝင်ကိုက် အတင်းဝင်ဆွဲလေတော့သည်။
နွားတို့အား ဟောင်နေသော အခြားခွေးတို့အား ယခင်က ရန်မလုပ်။
ယခုအခါ ထိုးခွေးတွေကိုပါ ရန်လုပ်၍ ကိုက်ခဲလေတော့၏။
ဝုန်းဒိုင်းကြဲနေသော ဤ မြင်ကွင်းကို မြင်ပြီး ကျွနုပ်လည်း
ထိတ်လန့်တုန်လှုပ်မိလေတော့သည်။ထူးဆန်းသော အသီး၏
အာနိသင်သည် ကြောက်ခန်းလိလိပင် မဟုတ်လေလော ။

(၇)

တည ကျွနုပ်သည် ထူးဆန်းသော အသီးများအား
ရေနှင့် ဆေးကြောနေခိုက် စိတ်မှတွေးမိသည်မှာ
နွေရာသီရောက်တော့မည်ဖြစ်၍ တဲတွင် မီးကို သတိထားရမည်။
မီးလောင်လေက ပြဿနာဟု တွေးမိပြီး စိတ်တွင် တဲမီးလောင်သည့်
သဏ္ဍာန် တွေးမိလေတော့၏။ဤသို့ဖြင့် မလုံမလဲဖြစ်ကာ မိမိတဲကို
မိမိ အပေါ် အောက် ပတ်လည် ပြန်ကြည့်မိ၏။

သောက်ကျိုးနဲ တကယ် အဟုတ်ပင် တဲအိမ် အနှံ့မီးစွဲလောင်လေပြီ။
မည်သို့ ငြှိမ်းရမည်နည်း …???တဲအပြင်ဘက် ကန်ထဲသို့ ပိုက်ချထားရာ
အပြင်သို့ အတင်းထွက်၍ ရေစက်ကို အတင်းနှိုး၏။

ရေစက်နိုး၍ ရေများပန်းထွက်လာလေရာ
တဲအိမ်အား မီးငြှိမ်းသတ်ရန် ရေပိုက်ကို တဲအိမ်ရှိရာသို့ ထိုးပက်လိုက်လေရာ
ကျွနုပ်၏ တဲအိမ်သည် ညအမှောင်အောက်တွင် တိတ်ဆိတ်ငြိမ်သက်လျက်။
မည်သည့် မီးစ မီးနမျှ တစ တလေမျှ မရှိရေးချ မရှိပေ။

အနားတဝိုက်တော့ ညသန်းခေါင်ယံ မီးစက်သံ
တညံညံကြောင့် ဟ်ိုတစ ဒီတစ မီးအလင်းလေးများ
တွေ့ရလေ၏။ကျွနုပ်လည်း မီးစက်ကို ပြန်ပိတ်ကာ ခပ်တည်တည်နှင့်
တဲအိမ်အတွင်းသို့ ပြန်ဝင်ခဲ့လေတော့သည်။

(၈)

တကယ်တော့ ထူးဆန်းသောအသီးဟာ အသီးတလုံးလို့
ဆိုရမှာထက် မူးယစ်ဆေးဝါးတခုလို ဖြစ်နေတော့တာပါပဲ။
အကြောင်းကတော့ ဒီအသီးဟာ စိတ်ပျံ့လွင့်မှုနဲ့ စိတ်ကယောက်
ကယက်ဖြစ်မှုတွေကိုလည်း ဖြစ်ပေါ်စေလို့ပါ။ဒါ့ပြင် သူဟာ
အချိန်ကို ကုန်မှန်းမသိ ကုန်စေပါသေးတယ်။

ဒီထူးဆန်းသော အသီးကို စားမိသွားတဲ့သူဟာ
နောက်ထပ်အခါခါ စားချင်စိတ်ပေါက်သလို အချိန်နဲ့အမျှ
ဘာအလုပ်မှ ဖြောင့်ဖြောင့်မလုပ်နိုင်ဘဲ စိတ်ထဲမှာ
မူးယစ်ဆေးစွဲသလို အသီးကို စားချင်သောက်ချင်စိတ်ကသာ
ကြီးစိုးနေပါတော့တယ်။

ထူးဆန်းသော အသီးဟာ လူကိုပေါ့ပါးစေသလို
အာရုံကြောတွေကိုလည်း နိုးကြားလာစေပါတယ်။
သူဟာ ကြောက်ရွံ့ထိတ်လန့်တတ်သူကို ပင်ကိုယ်ထက်
နှစ်ဆ ကြောက်ရွံ့ထိတ်လန့်စေပြီး ရဲတင်းလွန်းတဲ့သူကိုလည်း
သာမာန်ထက် နှစ်ဆ ရဲတင်းလာစေပါတယ်။လူတိုင်းကို
သံသယ မျက်စိနဲ့ ကြည့်တတ်လာသလို ထင်ယောင်ထင်မှားမှု
တွေကိုလည်း ဖြစ်ပေါ်စေတတ်ပါတယ်။သာမာန် ပင်ကိုယ်ထက်
အရာရာကို နှစ်ဆ နှစ်ဆ တိုးပွါးစေတာတော့ အလွန်
ထူးဆန်းသောအချက်လို့ ပြောရမှာပါပဲ။

ဒီအသီးကို စာရေးသူဟာ တလတိတိ သုတေသနပြုပြီးတဲ့
အခါမှာတော့ ခြံထဲမှာ ရှိတဲ့ အသီးသီးနိုင်မယ့် အပင်အားလုံးကို
အမြစ်ကလှန်ပြီး မီးရှို့ပစ်လိုက်ပါတော့တယ်။နောက်ထပ် ထပ်မံပြီး
ဒီအပင်နဲ့ ဒီအသီးတွေ သီးလာမှာ စားသုံးမိမှာ စားသုံးမိကြမှာကို
အလွန်ထိတ်လန့် မိတာကြောင့် မျိုးစေ့ပါမကျန်အောင်ကို
ဖျက်ဆီးလိုက်ပါတော့တယ်။ထူးဆန်းသော အသီးနဲ့ ထူးဆန်းဖွယ်ရာ
အကြောင်းတွေကိုလည်း အချိန်ကာလ ကြာလာသည်နှင့်အမျှ
မေ့မေ့ပျောက်ပျောက် ရှိနေလေတော့သည် တကား ………………………
…………………………………………………………………………………
………………………………………………………………………………………

                                                #မောင်သုခ
                                               (4-March-2017)

No comments:

Post a Comment