Wednesday, March 15, 2017

" သင်နှစ်သက်သလိုအမည်ပေးနိုင်သော တိုင်းပြည် " (၂)

" သင်နှစ်သက်သလိုအမည်ပေးနိုင်သော တိုင်းပြည် " (၂)

(၁)

ကျွနုပ်သည် ညအိပ်ရမှာပင် အလွန်တရာ
စိုးရွံ့ထိတ်လန့်နေမိ၏။ အကြောင်းမှာ ညစဉ် ညတိုင်း
အိပ်ပျော်လေသည်နှင့် အလွန်စိတ်ပျက်ဖွယ်ကောင်းသည့်
တိုင်းပြည် တို့ကို အကြောင်းအရာများနှင့်တကွ
အိမ်မက်မြင်မက်လေသောကြောင့်
ဖြစ်ပေတော့သည်။

တည နှင့် တည အိမ်မက်တို့သည်
မတူညီသလို တိုင်းပြည်များ၏ ဖြစ်စဉ်တို့လည်း မတူညီကြ။
တထပ်တည်း တူညီကြလေသည်မှာတော့
ထိုထိုသော တိုင်းပြည်တို့သည် လွန်စွါ စိတ်ပျက်စရာ
ကောင်းသည့် အချက်ပင်။

အိမ်မက်သမျှ တိုင်းပြည်တို့သည်
တိုင်းပြည် နာမည်မသိရ။၎င်းတိုင်းပြည်တို့သည်
တိုင်းပြည်တခုတည်းအား မြင်မက်လေလော..???
သို့တည်းမဟုတ် မတူညီသည့် တိုင်းပြည်များပင်လော..???
ကမ္ဘာလောက၌ အမှန်တကယ် တည်ရှိသော တိုင်းပြည်များလော..???

သို့လော သို့လော မေးခွန်းများကို ဖြေဆိုရန်မှာ
ကျွနုပ်၏ ဥာဏ်နှင့် မည်သို့မျှ သက်ဝင်နိုင်ခြင်း
မရှိလေသောကြောင့် စာရှုသူများထံသာ
ထိုးအပ်လိုက်ရသည်ချည်း ဖြစ်လေတော့၏။

©©©©©©©©©©©©©©©©©©©

(၂)

ထိုတိုင်းပြည်သည် တတိုင်းပြည်လုံး လက်နက်ကိုင်
အစိမ်းရောင်ဝတ် စက်ရုပ်များဖြင့် ပြည့်နှက်နေ၏။တိုင်းပြည် အနှံ့
CCTV ကင်မရာများ နေရာတိုင်းနီးပါး ရှိလေသည်။
တိုင်းသူ ပြည်သားများသည်လည်း လက်နက်ကိုယ်စီ
သန်ရာ သန်ရာ ကိုင်ဆောင်ထားကြ၏။တိုင်းပြည်အား
အုပ်ချုပ်သည်မှာ လက်နက်ကိုင် အစိမ်းရောင်ဝတ် စက်ရုပ်များဖြစ်၏။
ဤတိုင်းပြည်၌ စက်ရုပ်နှင့် လူသည် အလွန်တူသောကြောင့်
ခွဲခြားရန် မလွယ်ကူလှ။

၎င်းလက်နက်ကိုင် အစိမ်းရောင်ဝတ်စက်ရုပ်များသည်
ကျည်အပြည့်ဖြည့်ထားသော လက်နက်ကို ကိုင်ဆောင်ထား
ကြပြီး နေရာတိုင်းတွင် ရှိနေကြသော်လည်း
ကျောက်ရုပ်များပမာ တုပ်တုပ်မျှ မလှုပ်ကြ။၎င်းစက်ရုပ်များ
လှုပ်ရှားမှုပြုသော အချိန်သည် ၎င်းတို့
ခါးကြား၌ ချိတ်ထားသော အစိမ်းရောင် စာအုပ်ငယ်ကို
တစုံတခုက တစုံတယောက်က ထိမိလိုက်သော
အချိန်ပင် ဖြစ်လေတော့သည်။

ထိုစာအုပ်ငယ်အား ထိသည်နှင့် ကျောက်ရုပ်များ
အသက်ဝင်လာသကဲ့သို့ လက်နက်ကိုင် စက်ရုပ်များ
လှုပ်ရှားမှုပြုကြလေတော့သည်။

ဒါကို ကျွနုပ်ဦးစွါ သတိထားမိသော်လည်း အခြားသူများသည်
သတိထားမိဟန်မရှိသလို စိတ်ဝင်စားဟန်လည်း မပြကြချေ။
သူတို့ အလုပ်နှင့်သူတို့ ဖွဘုတ်ဆိုသည်လား အဖေ့ဘုတ်ဆိုသည်လား
သတ္တဝါ အထူးအဆန်းကြီးနှင့် နေ့နေ့ ညည အလုပ်ရှုပ်နေကြရှာ၏။

ထူးဆန်းသည်မှာ ထိုလက်နက်ကိုင် အစိမ်းရောင်စက်ရုပ်များ၏
မျက်စိရှေ့တွင် တိုင်းသူပြည်သားများ ဘယ်လို ဒုက္ခရောက်ရောက်
သေသေ ကြေကြေ တုပ်တုပ်မျှ မလှုပ်ကြခြင်းပင်။
သို့ပါသော်လည်း ပြည်သူတိုင်းသည် ထိုစက်ရုပ်များအား
မိမိတို့ ဒုက္ခများကို အကူအညီတောင်းခံရှာ၏။အားကိုးတကြီး
ပြောပြရှာ အားကိုးရှာကြ၏။စက်ရုပ်များကား တုပ်တုပ်မျှ မလှုပ်။

(၃)

ကျွနုပ်သည် တိုင်းပြည်တလျှောက် လှည့်လည်ကြည့်ရှုရင်း
ကလေးငယ် တဦးသည် စက်ရုပ်တရုပ်ထံမှ
အစိမ်းရောင် စာအုပ်ကို လက်နှင့်ကိုင်ကြည့်၏။ကိုင်မိသည်နှင့်
ချက်ခြင်းပင် စက်ရုပ်သည် လှုပ်ရှားလာပြီး ကလေးကို သေနတ်နှင့်
ပစ်သတ်လိုက်လေတော့သည်။တိုင်းပြည် သတင်းဋ္ဌာနမှ
ကြေငြာချက်မှာ ကလေးငယ်သည် စက်ရုပ်ကို သတ်ဖြတ်ရန်
ကြိုးစားမှုကြောင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်ရင်း ဖြစ်သည်မို့
အဆိုပါစက်ရုပ်၌ အပြစ်မရှိဟု သတင်းထုတ်ပြန်၏။မည်သူမျှ
ဘာမှ မတတ်နိုင်ကြ။ဖြစ်ဖြစ်ချင်းတော့ အနည်းငယ် အသံဗလံထွက်၏။
တိုင်းပြည်၏ ထုံးစံအတိုင်းထင်၏။ တနာရီ နှစ်နာရီအကြာတွင် မေ့ပျောက်သွား
ကြလေ၏။

(၄)

ကားလမ်းမ တနေရာ အရောက် အလွန်ကြီးမားသော ရုပ်မြင်သံကြားတွင်
မြင်တွေ့ရသည်မှာ တရားရုံးတခုတွင် လူကြီး တယောက်ကို မြင်ရလေ၏။
ထိုလူကြီးထံသို့ နွမ်းပါးသော လူတယောက်သည် အမှုအတွက်တောင်းဆိုသော
စကားသံတို့နှင့်အတူ ငွေများ အထုပ်လိုက်ပေးနေသည်ကို မြင်ရ၏။
ဤသည်ကို ရုပ်မြင်သံကြားကပါ လွှင့်နေပုံထောက်တော့
ကျွနုပ်ရောက်နေသော နေရာသည် လာဘ်ပေး လာဘ်ယူ တရားဝင်
ခွင့်ပြုထားသော  နိုင်ငံဖြစ်မည်ဟု တွေးမိ၏။အနီးအနားမှ လူအားမေးကြည့်ရာ
" ဒါလေးတောင် မသိဘူးလား " ဆိုသည့် သဘောနှင့် ကျွနုပ်ကို
သနားစရာ လူဟန် ကြည့်သွားလေတော့သည်။

(၅)

ဆက်လက်၍ ထွက်ခွါလာရာ ကားလမ်းပေါ်တွင် မျဉ်းဝါများ ဆွဲထားသည့်
နေရာကို တွေ့၍ လှမ်းကြည့်ရာ ကားတစီးသည် လူတယောက်ကို ၎င်းမျဉ်းဝါ
ကြားပေါ်၌ ဘက်ဆုတ်လိုက် တိုက်လိုက် လုပ်နေသည်ကို မြင်ရ၏။
မသေမရှင် ဖြစ်အောင် တိုက်ပစ်ပြီးနောက် အဆိုပါကားသည်
ဝူး ကနဲ မောင်းထွက်သွားလေတော့သည်။ကျွနုပ်မှ အံ့သြလွန်း၍
အနီးနား လူတယောက်ကို မေးကြည့်ရာ ကားလမ်း
မျဉ်းဝါကြားနေရာသည် လူမဖြတ်ရ နေရာဖြစ်ပြီး
၎င်းနေရာတွင် လူတဦးတယောက်ကိုတွေ့လေက မသေမရှင်ဖြစ်အောင်
ကားနှင့်တိုက်ရမည့်နေရာဖြစ်ကြောင်း သိရလေသည်။

(၆)

ကျွနုပ်သည် ဆက်လက်ထွက်ခွါလာရာ မှတ်ပုံတင်နှင့်သန်းခေါင်စာရင်း
ထုတ်ပေးနေသော နေရာနှင့် အလားသဏ္ဍာန်တူသည့် ရုံးတခုကို
မြင်ရလေသည်။လူအများသည် တန်းစီစောင့်ဆိုင်းနေကြရပြီး
တဦးချင်းကို အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ပြီးမှ လိုအပ်သည့်
အရာကို ထုတ်ပေးသည်အား တွေ့ရ၏။ထူးခြားချက်မှာ လူအများသည်
ရုံးအတွင်းမှ ဝန်ထမ်း အဝါရောင်ဝတ်များအား တွေ့သည်နှင့် ထိုင်ရှိခိုးပြီးမှ
မိမိလိုရာ စကားကို ပြောကြလေသည်။ထိုသူနှင့် လမ်းခွဲလျှင်လည်း
ထိုင်ရှိခိုးပြီးမှသာ လမ်းခွဲလေ၏။တိုင်းပြည် ပြည်သူများသည်
အဆိုပါ အဝါရောင်ဝတ် ပြည်သူ့ဝန်ထမ်းများအား မိမိတို့ကိုးကွယ်ရာ
အလား ရှိခိုးဦးတိုက်ကြသည်မှာ အလွန်ထူးဆန်းလှပေတော့သည်။

(၇)

ကျွနုပ်သည် ဤထူးဆန်းသော တိုင်းပြည်အား အလွန်စိတ်ဝင်စားလာ၏။
ကျွနုပ်ရောက်ရှိနေသော ထိုတိုင်းပြည်၏ အမည်နာမကို
တွေ့သမျှလူ မေးမြန်း၏။မည်သူမျှ မပြောကြပေ။
အင်တာနက်တွင် ရှာကြည့်သည် မတွေ့။တိုင်းတပါး
အွန်လိုင်းမှ  မိတ်ဆွေများကို မေးကြည့်သည်။
သူတို့လည်း စိုးစဉ်းမျှ မသိချေ။GPS ဖွင့်ပြီး
မိမိရောက်ရှိနေသည့်နေရာအား Google Map တွင်
ရှာဖွေကြည့်၏။ ထူးဆန်းစွါ အိန္ဒိယ သမုဒ္ဒရာထဲရောက်နေသည်ကို
တွေ့ရလေ၏။ထိုတိုင်းပြည်အား အမည်နာမ လတ်တလော
ပြောမည်ဆိုလျှင် အိန္ဒိယ သမုဒ္ဒရာမှ တိုင်းပြည်တခုဟုသာ
ပြောရပေမည်။

ကျွနုပ်သည် ဤ အိန္ဒိယ သမုဒ္ဒရာမှ တိုင်းပြည်သို့ မည်သို့
ရောက်ရှိလာသနည်း ဆိုသည်ကို စဉ်းစားရခက်နေသည်ထက်
ဤတိုင်းပြည်အကြောင်းကို ကနဦးသိလိုလာ၏။

တိုင်းပြည်အကြောင်း အသေးစိတ်ကို သိရှိရန် မည်သို့
ပြုလုပ်ရမည်နည်း တွေးတောနေခိုက် မြို့တော်လမ်းပြမြေပုံတွင်
အနီရောင် စက်ဝိုင်းဝိုင်းထားသော မထိမကိုင်ရသော ဧရိယာ ဟု
ရေးသားထားသည်ကို တွေ့ရလေ၏။အနီးနား လူတယောက်အား
မေးမြန်းရာ အဆိုပါ ဧရိယာ အတွင်း မည်သည့် ပစ္စည်းကိုမျှ
မထိ မကိုင် ရဟု ဥပဒေ ထုတ်ထားကြောင်း အထူးသဖြင့်
အစိမ်းရောင် စာအုပ်ကြီးတအုပ်သည် ထိုနေရာတွင် တည်ရှိကြောင်း
၎င်းနေရာသည် မြို့တော်၏ ပြတိုက်ဖြစ်ကြောင်း သိရလေတော့သည်။

(၈)

ကျွနုပ်ရောက်ရှိနေသည်မှာ မြို့တော်၏
အထင်ကရပြတိုက် အနီးတွင် ဖြစ်ရာ ချက်ချင်းပင် အလျင်အမြန်
သွားရောက်လေ၏။ပြတိုက်ထဲတွင် လူသူကင်းရှင်းလှ၏။
ကျွနုပ်လည်း  ဟိုဒီ လျှောက်ကြည့်ရင်း ပြတိုက်အလယ်တွင်
အစိမ်းရောင် စာအုပ်ကြီး တအုပ်ကို တွေ့ရလေ၏။သူ့အနီး အနားတွင်
လက်နက်ကိုင် အစိမ်းရောင်ဝတ် စက်ရုပ်များ အများအပြားကို
တွေ့ရ၏။ပြဿနာ မရှိ ။အစိမ်းရောင် စက်ရုက်များ၏ ခါးကြားက
စာအုပ်အစိမ်းကို မထိလေက သူတို့သည် ကျောက်ရုပ်သာသာ
မဟုတ်လော ။စာအုပ်ကို ဖတ်ကြည့်ရမည်။ဖတ်တာမှ
အသေးစိတ်ကို ဖတ်ရပေမည်။ဒါမှ ဒီတိုင်းပြည် အကြောင်းသိမည်။

စာအုပ်၏ ပထဆုံး စာမျက်နှာတွင် ရေးသားထားသည်မှာ
ဤ စာအုပ်သည် တိုင်းပြည်၏ အရှင်သခင်ဖြစ်သည် ။
ရှိခိုးဦးချ ကိုးကွယ်ရာ နတ်ဘုရားတို့ထက် တန်ခိုးအာဏာ
ပြည့်ဝသည်။တိုင်းပြည်၏ အုပ်ချုပ်မှု အားလုံးကို ဤစာအုပ်က
ထိန်းချုပ်စီမံနေ၏။ဤစာအုပ်ကို မည်သူတဦးတယောက်မျှ
မထိ မကိုင်ရ  ဟူ၍ ရေးသားထားသည်ကို တွေ့ရလေ၏။

ကျွနုပ်သည် စာအုပ်အစိမ်းကြီးအား ဆက်လက်ဖတ်ရှုရန်
စာရွက် နောက်တမျက်နှာအား လှန်လိုက်လေ၏။

ယခုမှ သတိရသည်။
ဤနေရာသည် မထိ မကိုင်ရ ဧရိယာ မဟုတ်လော !!!!

ကျွနုပ်သည် စာအုပ်စိမ်းကြီးအား ထိမိ ကိုင်မိလေပြီ။

ပြဿနာ ။ဘာတွေ ဖြစ်မည်လဲ …???

အတွေးပင် မဆုံးလိုက်။စာအုပ်စိမ်းကြီး ပတ်ပတ်လည်မှ
စက်ရုပ်များသည် အသက်ဝင်လာပေပြီ။ကျွနုပ်အား စူးစူးဝါးဝါး
ကြည့်ပြီး အဆုံးစီရင်မည့်ဟန် လက်နက်များကို ပြင်ဆင်ကြလေပြီ။
သူတို့ပုံစံကြည့်ရသည်မှာ အလွန် ထိတ်လန့်ဖွယ်။

(၉)

ကျွနုပ် ယခုမှ သဘောပေါက်ပေပြီ။ဤတနိုင်ငံလုံး တမြို့လုံးအား
ထိန်းချုပ်ထားသည်မှာ ဤစာအုပ်စိမ်းကြီး ဖြစ်သည်။
ဒါကြီးကို ဖျက်ဆီးပစ်လိုက်လေက စက်ရုပ်များလည်း
ပျက်စီးပေမည်။ဒီ စာအုပ်စိမ်းကြီးသည် မကောင်းဆိုးဝါး
အယုတ်တမာ တယောက်ပင်ဖြစ်၏။သူသည် မကောင်းမှု
အကြမ်းဖက်မှုတို့၏ ရေသောက်မြစ်လို ပါဝါ ခလုတ်လိုပင်ဖြစ်လေသည်။

အလျင် အမြန်ပင် ကျွနုပ်သည်
စာအုပ်ကြီးအား စိတ်ရှိ လက်ရှိ ဆွဲဖြဲ ကိုင်ပေါက်၍
တစစီ ပြုလုပ်လိုက်လေ၏။ စာအုပ်ကြီးသည် စာရွက်များချည်း
မဟုတ်ပေ။စာရွက် သဏ္ဍာန် စက်ပစ္စည်း ငယ်များလည်း အစိတ်စိတ်
အပိုင်းပိုင်း ပါရှိလေရာ တစစီဖြစ်အောင် ကျွနုပ်သည်
ဖျက်စီးလိုက်လေတော့ သတည်း ။

ကြောက်လန့်တကြား စာအုပ်ကြီးအား ဖျက်ဆီးလိုက်ပြီး
ဘေးဘီသို့ကြည့်လိုက်ရာ အစိမ်းရောင်ဝတ်စက်ရုပ်များသည်
ကျောက်ရုပ်များပမာ ကျွနုပ်ထံသို့ သေနတ်ပြောင်းဝများကို ချိန်ရွယ်နေဟန်ဖြင့်
မလှုပ်မလျက် ရပ်နေကြပေတော့၏။သေနတ် ခလုတ်ကိုင် လက်ညှိုးများသည်
အတော် အတန် ကွေးလျက် ရှိနေပေပြီ။ကံကောင်း ထောက်မပေတော့သည်။
တစက္ကန့်လောက် နောက်ကျလျှင်ပင် သေသွားနိုင်၏။

ကျွနုပ်သည် စိတ်အတော်အတန် တည်ငြိမ်သွားရာ တိုင်းပြည်ရှိ
ပြည်သူ ပြည်သားများအား သတင်းကောင်း ပြောပြရန်
အပြင်သို့ ထွက်ခဲ့လေ၏။တိုင်းသူ ပြည်သားတို့ ကြောက်လန့်
နေကြရန် ယခုအခါ မလိုတော့။ အပြစ်မဲ့ ကလေးငယ် များ
ပြည်သူများကို သတ်ဖြတ်နေသည့် စက်ရုပ်များ မရှိတော့ပြီ
မဟုတ်လော …???

ကျွနုပ်သည် လမ်းမပေါ် ခြေချမိလိုက်သည်နှင့်
အံ့အားသင့်ဖွယ် မြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့်
မြင်လိုက်ရပေတော့သည်။

ကျွနုပ် မျက်စိရှေ့တွင် မြင်လိုက်ရသည်ကား
မျက်နှာကြက် နံရံ အထက်မှ အိမ်မြောင်တကောင်
ဖြစ်နေလေတော့၏။ ……………………
……………………………………………………………………

(၁၀)

ကျွနုပ်သည် အိမ်မက်ထဲက ထိုတိုင်းပြည် အကြောင်းကို စဉ်းစားပြီး
ကမ္ဘာလောကရှိ မည်သည့်တိုင်းပြည်နှင့် တူညီသလဲ ဆိုသည်ကို
အတော် စဉ်းစားရကြပ်နေ၏။အဆုံးသတ် အနေဖြင့်
ကျွနုပ်၏ ဥာဏ်နှင့် မည်သို့မျှ သက်ဝင်နိုင်ခြင်း
မရှိလေသောကြောင့် စာရှုသူများထံသာ " သင်နှစ်သက်သလို
အမည်ပေးနိုင်သော တိုင်းပြည် " (၂)   ဟူ၍သာ
ထိုးအပ်လိုက်ရလေတော့သည် တကား ……………………
………………………………………………………………………
………………………………………………………………………………
…………………………………………………………………

                       
                                          #မောင်သုခ
                                          (28-Feb-2017)

No comments:

Post a Comment