Wednesday, March 15, 2017

"သင်နှစ်သက်သလိုအမည်ပေးနိုင်သော တိုင်းပြည် " (၃)

" သင်နှစ်သက်သလိုအမည်ပေးနိုင်သော တိုင်းပြည် " (၃)

#ကတုံးတို့_မြို့တော်

(၁)

ကျွနုပ်သည် ညအိပ်ရမှာပင် အလွန်တရာ
စိုးရွံ့ထိတ်လန့်နေမိ၏။ အကြောင်းမှာ ညစဉ် ညတိုင်း
အိပ်ပျော်လေသည်နှင့် အလွန်စိတ်ပျက်ဖွယ်ကောင်းသည့်
တိုင်းပြည် တို့ကို အကြောင်းအရာများနှင့်တကွ
အိမ်မက်မြင်မက်လေသောကြောင့်
ဖြစ်ပေတော့သည်။

တည နှင့် တည အိမ်မက်တို့သည်
မတူညီသလို တိုင်းပြည်များ၏ ဖြစ်စဉ်တို့လည်း မတူညီကြ။
တထပ်တည်း တူညီကြလေသည်မှာတော့
ထိုထိုသော တိုင်းပြည်တို့သည် လွန်စွါ စိတ်ပျက်စရာ
ကောင်းသည့် အချက်ပင်။

အိမ်မက်သမျှ တိုင်းပြည်တို့သည်
တိုင်းပြည် နာမည်မသိရ။၎င်းတိုင်းပြည်တို့သည်
တိုင်းပြည်တခုတည်းအား မြင်မက်လေလော..???
သို့တည်းမဟုတ် မတူညီသည့် တိုင်းပြည်များပင်လော..???
ကမ္ဘာလောက၌ အမှန်တကယ် တည်ရှိသော တိုင်းပြည်များလော..???

သို့လော သို့လော မေးခွန်းများကို ဖြေဆိုရန်မှာ
ကျွနုပ်၏ ဥာဏ်နှင့် မည်သို့မျှ သက်ဝင်နိုင်ခြင်း
မရှိလေသောကြောင့် စာရှုသူများထံသာ
ထိုးအပ်လိုက်ရသည်ချည်း ဖြစ်လေတော့၏။

©©©©©©©©©©©©©©©©©©©

(၂)

ဤတိုင်းပြည်သည် ကတုံးများချည်းရှိနေ၏။
ကတုံးဆိုသည်မှာ ဦးပြည်း ဆံပင်မရှိသည်ကို ဆိုလိုပြီး
ပါဠိလို"  မုဏ္ဍက " ဟု ခေါ်ဆိုလေသည်။မည်သို့ပင် ခေါ်ခေါ်
ကတုံးဆိုသည်မှာ ဆံပင်မရှိသည်ကို ရည်ညွှန်းကြောင်း
စာရှုသူ သိမြင်လောက်ပေပြီ။ ဆိုလိုရင်းမှာ ဤတိုင်းပြည်ရှိ
တိုင်းသူ ပြည်သား ကြီးကြီး ငယ်ငယ် ပု ကွ နုရွ ကျား မ အားလုံးသည်
ကတုံးတွေချည်း ဖြစ်နေသည်ဟု ဆိုလို၏။မထူးဆန်းပေဘူးလား။
ဤတိုင်းပြည်၌  ဆံပင်အလွန်ရှားသည်ဟု ဆိုရမည်ထက်
ဆံပင်နှင့်တူသည့် အမွှေးအမျှင်များပင် မည်သူမျှ မပေါက်ကြကြောင်း
သိရလေသည်။

ဤတိုင်းပြည်သည် ဘာလုပ်လုပ် ဘာကိုင်ကိုင်
" အမျိုး ဘာသာ "အတွက်ဟု ကြွေးကြော်ပြီးမှ ပြုလုပ်လေ့ရှိကြ၏။
ယုတ်စွ အဆုံး အီးပါ သေးပေါက် သည်ကအစ အမျိုး ဘာသာအတွက်
အီးပါတာ l အမျိုး ဘာသာ အတွက် သေးပေါက်တာဟု ကြွေးကြော်ပြောဆို
ပြီးမှသာ ပြုမူကြကုန်၏။ဤမျှ အမျိုး ဘာသာ ချစ်သော ပြည်သူများကို
ကျွနုပ်စုံစမ်းကြည့်ရာ ဤတိုင်းပြည်၏ မျိုးနွယ်သည် မျောက်မှဆင်းသက်သော
မျိုးနွယ်ဖြစ်ပြီး ဘာသာမှာတော့ " #တယောက်တဘာသာ" ဟု အမည်ရကြောင်း
ထူးဆန်းအံ့အားသင့်ဖွယ် ကြားသိရလေ၏။

(၃)

တိုင်းပြည်ရှိ ကတုံးအားလုံးသည် ဆံပင်များ မရှိရှာကြသော်လည်း
ခေါင်းကို အခါခါ ကုတ်ခြင်း ပွတ်ခြင်း သပ်ခြင်း စသည်ဖြင့်
အမျိုးမျိုးပြုလုပ်နေတတ်ကြလေ၏။

မြို့လယ်ခေါင်တွင် အချင်းချင်း သတ်ဖြတ်ကြပြီး
အမျိုး ဘာသာ အတွက်ဟုဆိုကာ ပျော်မြူးစွါ အောင်ပွဲခံတတ်ကြသလို
လင်မယားချင်း ရန်ဖြစ်သတ်ပုတ်လျှက်လည်း အမျိုး ဘာသာအတွက်ဟု
ကြွေးကြော် ပြောဆို၍ သတ်ပုတ်ဆဲဆိုကြလေသည်။ခွေးနှစ်ကောင်ကိုက်၍
ရေနှင့်ပက်လျှင်ပင် အမျိုး ဘာသာ အတွက်ဟု ကြွေးကြော်ပြီးမှသာ
ပက်ကုန်လေ၏။

ဤတိုင်းပြည်တွင် အစိုးရတော့ ရှိလေသည်။အစိုးရသည်
ကတုံးချင်းအတူတူထဲတွင် အစိမ်းရောင်ဝတ်ကတုံးများကို ကြောက်လေ၏။
အစိမ်းရောင် ဝတ်ဟု ပြောရသည်မှာ ဤတိုင်းပြည်ရှိလူများသည်
အင်္ကျီ အဝတ်အစား အရောင် လေးမျိုးသာ ဝတ်ဆင်ကြ၏။
ပြည်သူများမှာ အနီရောင် အစိမ်းရောင် အနက်ရောင် တို့ကို
ဝတ်ဆင်ကြပြီး အစိုးရအဖွဲ့ဝင်မှန်သမျှသည် အပြာရောင်ကို
ဝတ်ဆင်ကြလေသည်။

အစိမ်းရောင်ဝတ်ကတုံးများသည် မုဒိန်းကျင့် လူသတ် မူးယစ်ဆေး
ရောင်းဝယ်ြခင်း အကြမ်းဖက်မှုများ လှုံ့ဆော်ခြင်းကို ပေါ်ပေါ်
ထင်ထင် ပြုလုပ်ကြသော်လည်း ပိုင်ရှင်မဲ့ တရားခံမဲ့ ပြုလုပ်ကာ
လွှတ်ပေးသည်ချည်းဖြစ်လေ၏။အစိုးရသည် အစိမ်းရောင်ဝတ် ကတုံးများကို ကြောက်ရသည်မှာ အကြောင်းရှိလေ၏။ အစိမ်းရောင်ဝတ်ကတုံးများသည်
တိုင်းပြည်၏ ကယ်တင်ရှင်ဖြစ်လေ၏။

(၄)

အကြောင်းမှာ ဤမြို့တော်ကြီး၏ ကနဦးအရှင်သခင် မျိုးနွယ်အစ
မျောက် တို့၏ အကျင့်အစရိုက်အားလုံးကို ထပ်တူကျနေထိုင်သည်မှာ
အစိမ်းရောင်ဝတ်ကတုံးများ ဖြစ်လေ၏။အစိမ်းရောင်ကတုံးများသည်
အမျိုးပျောက်မှာ စိုးကြောက်ကာ မိမိ မွေးထားသော သားသမီးကို
မိမိ ပြန်ယူလေ့ရှိကြကုန်၏။မျောက်တို့၏ အနွယ်အတိုင်း မြင့်မြင့်
မြတ်မြတ် ကြံစည်နေထိုင်သည်ဟု ထိုသူများက အယူရှိ၏။
ဤတိုင်းသူပြည်သားတို့ တယောက်တဘာသာ ဖြစ်နေသည်မှာလည်း
ဤ အစိမ်းရောင်ဝတ်ကတုံးများ၏ ကျေးဇူးတော်ကြောင့်ဖြစ်သည်ဟု
အစိုးရ အဆက်ဆက်က ယူကြလေသည်။

အစိမ်းရောင်ဝတ်ကတုံးများသည် တိုင်းပြည်၏ လူနည်းစုဖြစ်သော
အနက်ရောင်ဝတ် ကတုံးများကို တွေ့သည့်နေရာ ရန်လုပ်တတ်၏။
မထင်ရင် မထင်သလို အကြမ်းဖက်၏။သတ်ဖြတ်၏။အစိမ်းရောင်ဝတ်ကတုံးများ၏
ကြွေးကြော်ချက်မှာ အမျိုး ဘာသာ အတွက်ဟု ဆို၏။

ကုန်ကုန် ပြောရလျှင် ဤတိုင်းပြည်သည် အမျိုး ဘာသာ
အကြောင်းပြကာ လုပ်ချင်ရာ လုပ်နေကြသော မြို့တော်ဖြစ်ပြီး
အစိုးရခမျာလည်း ဇာတ်ပွဲကသော အစိုးရခမျာ မည်သူကမျှ အရေးမလုပ်
ဂရုမစိုက် အာဏာမရှိသော အယောင်ပြ အစိုးရ သက်သက်သာ
ဖြစ်နေသော တိုင်းပြည်ဖြစ်လေသည်။ဤတိုင်းပြည်၌ ခေတ်အစားဆုံး
စကားမှာ အမျိုး ဘာသာ ဆိုသည့် စကားလုံးဖြစ်လေ၏။ဤတိုင်းပြည်၌
တကယ် အာဏာရှိ၍ ထင်ရာလုပ်နိုင်သည်မှာ အစိမ်းရောင်ဝတ်ကတုံးများသာ
ဖြစ်လေသည်။

(၅)

အနီရောင်ဝတ်ကတုံးများသည် လူများစုဖြစ်သည်။
အစိမ်းရောင် အနက်ရောင် အပြာရောင်တို့ထက် လူဦးရေ
များပြား၏။အနီရောင်ဝတ်ကတုံးများ ပြောလေ့ရှိသော
စကားတခွန်းရှိ၏။ထိုစကားမှာ "  ခဏစောင့်ကြည့်ပါဦး " ဆိုသည့်
စကားပင်ဖြစ်၏။သူတို့သည် ဘာလုပ်လုပ် ဘာကိုင်ကိုင်
" ခဏစောင့်ကြည့်ပါဦး " ဆိုသည့်စကားကို အမြဲပြောတတ်ကြ၏။
ထမင်းစား အီးပါလျှင်လည်း ခဏစောင့်ကြည့်ပါဦး ဆိုသည့်စကား
မပါလျှင်မပြီး။မီးလောင်နေတာ လူသတ်နေတာ အကြမ်းဖက်နေတာ
မြင်လျှင်လည်း အနီရောင်ဝတ်ကတုံးများသည် ပြောနေကြအတိုင်း
" ခဏစောင့်ကြည့်ပါဦး " ဟု ပြောလေ့ရှိကြကုန်၏။ဤတိုင်းပြည်ရှိ
အနီရောင်ကတုံးများကို ကြည့်ရသည်မှာ အပြောနှင့် အချိန်ကုန်နေသော
လူစားမျိုးနှင့် အသွင်သဏ္ဍာန် တူညီသည်ကို တွေ့ရလေသည်။
"ခဏစောင့်ကြည့်ပါဦး " ဆိုသည့်စကားသည်
အနီရောင်ဝတ်ကတုံးများ၏ ဘိုးဘေးစဉ်ဆက် ကမ္ဘာဦးအခါကပင်
ပြောဆိုခဲ့သော စကားဖြစ်သည့်အတွက် အနီရောင်ဝတ်ကတုံးများသည်
အကြင်စကားအား အလွန်တန်ဖိုးထား၍ လက်ကိုင်ပြု
အသုံးချကြသည်ဟု သိရလေ၏။

(၆)

ကျွနုပ်သည် ဤထူးဆန်းသော တိုင်းပြည်အား
အလွန်စိတ်ဝင်စားလာ၏။ ကျွနုပ်ရောက်ရှိနေသော ထိုတိုင်းပြည်၏
အမည်နာမကို တွေ့သမျှလူ မေးမြန်း၏။မည်သူမျှ မပြောကြပေ။
အင်တာနက်တွင် ရှာကြည့်သည် မတွေ့။တိုင်းတပါး
အွန်လိုင်းမှ  မိတ်ဆွေများကို မေးကြည့်သည်။
သူတို့လည်း စိုးစဉ်းမျှ မသိချေ။GPS ဖွင့်ပြီး
မိမိရောက်ရှိနေသည့်နေရာအား Google Map တွင်
ရှာဖွေကြည့်၏။ ထူးဆန်းစွါ အိန္ဒိယ သမုဒ္ဒရာထဲရောက်နေသည်ကို
တွေ့ရလေ၏။ထိုတိုင်းပြည်အား အမည်နာမ လတ်တလော
ပြောမည်ဆိုလျှင် ကတုံးတို့နေထိုင်သောတိုင်းပြည်ဟုသာ
ပြောရပေမည်။

ကျွနုပ်သည် ဤ ကတုံးတို့နေထိုင်သောတိုင်းပြည်သို့ မည်သို့ မည်ပုံ
ရောက်ရှိလာသနည်း ဆိုသည်ကို စဉ်းစားရခက်နေသည်ထက်
ဤတိုင်းပြည်အကြောင်းကို ကနဦးသိလိုလာ၏။

(၇)

ကျွနုပ်ရောက်ရှိနေသည်မှာ မြို့တော်၏
အထင်ကရပြတိုက် အနီးတွင် ဖြစ်ရာ ချက်ချင်းပင် အလျင်အမြန်
သွားရောက်လေ၏။ ကံကောင်းသည်ဟု  ဆိုရပေမည်။
ပြတိုက်တွင် ဖယောင်းရုပ်တုများ ပြည့်နှက်နေလေသည်။

ဖယောင်းရုပ်တု အားလုံးသည် အနီရောင် အဝတ်အစားကို
ဝတ်ဆင်ထားပြီး ကျွနုပ်မြင်ဖူးသည့် သင်္ကန်းအသွင်အပြင်နှင့်
အလွန်ဆင်တူစွါသည်ကို ထူးခြားဖွယ် မြင်တွေ့ရလေ၏။
ဖယောင်းရုပ်တု အားလုံးသည် ဆံပင်မရှိ တင်ပလ္လင်ခွေ
လက်ဝါးချင်းထပ် မျက်စိမှိတ်၍ ထိုင်နေဟန်မှာ မြန်မာဘုန်းကြီးများ
တရားရှုမှတ်နေဟန်နှင့် အလွန်တူနေပေတော့သည်။
ကျွနုပ်လည်း အနီးကပ်ကြည့်ရှုရန် ရှေ့သို့ ထပ်မံတိုးကပ်လေရာ
ခြေထောက်သည် တစုံတခုကို တိုက်မိပြီးသကာလ အိပ်ရာမှ
လန့်နိုးလေတော့သတည်း………………

အထက်ပါ ကတုံးတို့နေထိုင်ရာ တိုင်းပြည်အား
ကတုံးတို့တိုင်းပြည်ဟု အမည်ပေးလိုက်လျှင် အမှန်တော့
ပြီးချေပြီ။သို့ပါသော်လည်း ကျွနုပ်သည် အိမ်မက်ထဲက
ထိုတိုင်းပြည် အကြောင်းကို စဉ်းစားပြီး
ကမ္ဘာလောကရှိ မည်သည့်တိုင်းပြည်နှင့် တူညီသလဲ ဆိုသည်ကို
အတော် စဉ်းစားရကြပ်နေ၏။အဆုံးသတ် အနေဖြင့်
ကျွနုပ်၏ ဥာဏ်နှင့် မည်သို့မျှ သက်ဝင်နိုင်ခြင်း
မရှိလေသောကြောင့် စာရှုသူများထံသာ " သင်နှစ်သက်သလို
အမည်ပေးနိုင်သော တိုင်းပြည် " (၃)   ဟူ၍သာ
ထိုးအပ်လိုက်ရလေတော့သည် တကား ……………………
………………………………………………………………………
………………………………………………………………………………
…………………………………………………………………

                                    #မောင်သုခ
                                  (5- March-2017).

No comments:

Post a Comment