#သင်နှစ်သက်သလိုအမည်ပေးနိုင်သော_တိုင်းပြည် " (၅)
(၁)
ကျွနုပ်သည် ညအိပ်ရမှာပင် အလွန်တရာ
စိုးရွံ့ထိတ်လန့်နေမိ၏။ အကြောင်းမှာ ညစဉ် ညတိုင်း
အိပ်ပျော်လေသည်နှင့် အလွန်စိတ်ပျက်ဖွယ်ကောင်းသည့်
တိုင်းပြည် တို့ကို အကြောင်းအရာများနှင့်တကွ
အိမ်မက်မြင်မက်လေသောကြောင့်
ဖြစ်ပေတော့သည်။
တည နှင့် တည အိမ်မက်တို့သည်
မတူညီသလို တိုင်းပြည်များ၏ ဖြစ်စဉ်တို့လည်း မတူညီကြ။
တထပ်တည်း တူညီကြလေသည်မှာတော့
ထိုထိုသော တိုင်းပြည်တို့သည် လွန်စွါ စိတ်ပျက်စရာ
ကောင်းသည့် အချက်ပင်။
အိမ်မက်သမျှ တိုင်းပြည်တို့သည်
တိုင်းပြည် နာမည်မသိရ။၎င်းတိုင်းပြည်တို့သည်
တိုင်းပြည်တခုတည်းအား မြင်မက်လေလော..???
သို့တည်းမဟုတ် မတူညီသည့် တိုင်းပြည်များပင်လော..???
ကမ္ဘာလောက၌ အမှန်တကယ် တည်ရှိသော တိုင်းပြည်များလော..???
သို့လော သို့လော မေးခွန်းများကို ဖြေဆိုရန်မှာ
ကျွနုပ်၏ ဥာဏ်နှင့် မည်သို့မျှ သက်ဝင်နိုင်ခြင်း
မရှိလေသောကြောင့် စာရှုသူများထံသာ
ထိုးအပ်လိုက်ရသည်ချည်း ဖြစ်လေတော့၏။
©©©©©©©©©©©©©©©©©©©
(၂)
ထိုတိုင်းပြည်သည် ဆန္ဒအလွန်ပြသော တိုင်းပြည်ဖြစ်၏။
တတိုင်းပြည်လုံး မယ်မယ်ရရ အလုပ်မရှိ။ဆန္ဒပြစားကြသူ
များဖြင့်သာ ပြည့်နှက်နေလေ၏။ဆန္ဒပြစားကြသူများတွင်
လူများ ပါဝင်သလို ရဟန်များလည်း ပါဝင်သည်ကိုတော့
အံ့အားသင့်ဖွယ် မြင်တွေ့ရသည်။
ဤတွင်မေးစရာ ရှိလာသည်က ရဟန်းဆိုသည်မှာ
လူတို့၏ ပူဇော်အထူးကို ခံယူထိုက်များဖြစ်၍
ဆန္ဒပြစားစရာ မလိုဟုထင်စရာ ရှိလေ၏။
မဟုတ်ပါလေ ။
ထိုတိုင်းပြည်ရှိ ရဟန်းများသည် သင်္ကန်းကို အစိမ်းရောင်
ဝတ်ဆင်ထားပြီး ဦးပြည်းကတုံးနှင့်ဖြစ်၏။တတိုင်းပြည်လုံးရှိ
ရဟန်းများ မဖြစ်မနေ ကျင့်ကြံလုပ်ကိုင်ကြသည့် အလုပ်သည်
ဆန္ဒပြခြင်းပင် ဖြစ်သည်။ဆန္ဒပြခြင်းသည် မိမိတို့၏ စိတ်ထဲမှ
အလိုဆိုးများကို ဖွင့်ထုတ် ပြုမူရာရောက်သောကြောင့် ကုသိုလ်အလုပ်ဖြစ်၍
တတိုင်းပြည်လုံး ဆန္ဒပြစားကြရန် ထိုထို အစိမ်းရောင်ဝတ်
ရဟန်းများက ဆိုလေသည်။မိမိတို့သည် ဆွမ်းခံစားရန်မလို
ဆန္ဒပြရန်သာ လိုသည်။ ဆန္ဒသာပြလျှင် လိုအပ်သော ဆွမ်း ကွမ်း
ပြည့်စုံပြီးသား ဖြစ်သည်ဟု မိန့်တော်မူုကြလေသည်။
(၃)
ဆန္ဒပြသူများတွင် တချို့သည်
(၁) လင်က မယားကို မကျေနပ်၍
(၂) မယားက လင်ကို မကျေနပ်၍
(၃) မိမိခွေးကို တခြားခွေးကကိုက်၍
(၄) ဘုရားရှိခိုး၍
(၅) လေကျယ်လောင်စွါ လည်၍
(၆) အသားအလွန်မည်း၍
(၇) ဆံပင် အလွန်ကောက်၍ အစရှိသဖြင့်
အထူးထူး အပြားပြား အဆန်းဆန်း အံ့မခန်း ကိစ္စထူးကြီးများကို
ဆန္ဒပြပေးရန် အငှားရမ်းခံရသူများ ပါဝင်သလို ဝမ်းနုတ်ဆေးစား၍
ဝမ်းမသွားသည့်အတွက် ဆေးဆိုင်ကို ဆန္ဒပြပေးရန် အငှားရမ်းခံရသူ
များလည်း ပါဝင်လေသည်။ပျော်စရာ ရွှင်စရာ
ဆန္ဒပြသော ကမ္ဘာတခုပင် မဟုတ်ပါလော ။
(၄)
ထူးခြားချက်မှာ အချို့ ဆန္ဒပြသူများသည် ဘုရားရှင်ကိုလည်း
ဆန္ဒပြနေကြသည်ကို တွေ့ရသည်။ထိုတိုင်းပြည်ရှိ
အစိမ်းရောင်ဝတ် ရဟန်းများ၏ ဟောကြားသော တရားအရ
တတိုင်းပြည်လုံး ကိုးကွယ်ကြသော ဘုရားသည်ပင်
ဆန္ဒအလွန်ပြပြီး ဘုရားဖြစ်သွားသော အတုမရှိ ဘုရားဖြစ်သွားသူဟု
ကြားသိရလေသည် ။ထို့ကြောင့် ဘုရားကိုပါ မချန်
ဆန္ဒပြရမည်ဟု ထူးခြားဖွယ် ဆိုကြလေ၏။
ထို့ကြောင့် အကြင် ဆန္ဒအလွန်ပြပြီး
ဘုရားဖြစ်သွားသော အတုမရှိ ဘုရားဖြစ်သွားသူ၏
အမြတ်ဆုံးသော အဆုံးအမ ကျင့်စဉ်သည်
သာဝက အပေါင်း ထောင်းလမောင်းထအောင်
ဆန္ဒပြကြရေးပင်ဖြစ်သည်ဟု ထူးဆန်းစွါ ကြားနာရပေတော့သည်။
ဤသို့ ဆန္ဒပြခြင်း အကျင့်ထူး အကျင့်မြတ်သည်
တခုတည်းသော လောကထွက်ရပ်လမ်း ဒုက္ခချုပ်ငြိမ်းရာဟု
တိုင်းသူပြည်သား လူအများကိုလည်း အထူးတရားဟောကြား
သော နေရာဖြစ်နေလေတော့၏။
(၅)
ဆန္ဒပြသူများ အများစုကို သတိထားကြည့်ရာ
မိမိကိုင်ဆောင်ထားကြသော ဆန္ဒပြဆိုင်းဘုတ် ဗီနိုင်းများကို
အတည့် ပြောင်းပြန်ပင် မသိသလို ဘာအတွက် ဘာ့ကြောင့်
ယခုကဲ့သို့ ဆန္ဒပြသည်ဟုလည်း သိပုံ မပေါ်ပေ။
ဆန္ဒပြခြင်းသည် ဘာသာတရားလိုက်စားရာ ရောက်သလို
နေ့စားခလည်းရရှိလေသောကြောင့် ကုသိုလ်လည်းရ ဝမ်းလည်းဝ
သည်ဟု အယူရှိကြလေသည်။
အလွန်ထူးခြားဖွယ် ဆန္ဒ အလွန်ပြသော
တိုင်းပြည်ကြီးပင် ဖြစ်လေတော့သည် တကား …
(၆)
ကျွနုပ်သည် ဤထူးဆန်းသော တိုင်းပြည်အား
အလွန်စိတ်ဝင်စားလာ၏။ ကျွနုပ်ရောက်ရှိနေသော ထိုတိုင်းပြည်၏
အမည်နာမကို မြင်သမျှနေရာတွင် ရှာဖွေကြည့်၏။
အင်တာနက်တွင် ရှာကြည့်သည် မတွေ့။တိုင်းတပါး
အွန်လိုင်းမှ မိတ်ဆွေများကို မေးကြည့်သည်။
သူတို့လည်း စိုးစဉ်းမျှ မသိချေ။GPS ဖွင့်ပြီး
မိမိရောက်ရှိနေသည့်နေရာအား Google Map တွင်
ရှာဖွေကြည့်၏။ ထူးဆန်းစွါ အိန္ဒိယ သမုဒ္ဒရာထဲရောက်နေသည်ကို
တွေ့ရလေ၏။ထိုတိုင်းပြည်အား အမည်နာမ လတ်တလော
ပြောမည်ဆိုလျှင် ဆန္ဒအလွန်ပြသောတိုင်းပြည်ဟုသာ
ပြောရပေမည်။
ကျွနုပ်သည် ဤ ဆန္ဒအလွန်ပြသောတိုင်းပြည်သို့ မည်သို့ မည်ပုံ
ရောက်ရှိလာသနည်း ဆိုသည်ကို စဉ်းစားရခက်နေသည်ထက်
ဤတိုင်းပြည်အကြောင်းကို ကနဦးသိလိုလာ၏။
(၆)
ကျွနုပ်ရောက်ရှိနေသည်မှာ မြို့တော်၏
အထင်ကရပြတိုက် အနီးတွင် ဖြစ်ရာ ချက်ချင်းပင် အလျင်အမြန်
သွားရောက်လေ၏။ ကံကောင်းသည်ဟု ဆိုရပေမည်။
ပြတိုက်တွင် ဖယောင်းရုပ်တုများ ပြည့်နှက်နေလေသည်။
ဖယောင်းရုပ်တု အားလုံးသည်
အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် အလုပ်အမျိုးမျိုးအား
အားကြိုးမာန်တက် လုပ်ကိုင်နေကြသည်ကို ထူးခြားဖွယ်
မြင်တွေ့ရလေ၏။ ပြတိုက်ရှိ ဖယောင်းရုပ်တု အားလုံးကို
ကြည့်ရသည်မှာ အလွန် စိတ်တက်ကြွဖွယ်
ဖြစ်ပေသည်။
ပြတိုက်အတွင်းရှိ ရဟန်းသံဃာ ဖယောင်းရုပ်တုများသည်လည်း
တည်ငြိမ်သော ငြိမ်းချမ်းသော မေတ္တာပြည့်ဝသော
အသွင်သဏ္ဍာန်နှင့်တကွ ကြည်ညိုဖွယ် မြင်တွေ့ရလေ၏။
ထူးခြားချက်မှာ ပြတိုက်အတွင်း ဖယောင်းရုပ်တုများ၏
သင်္ကန်းအရောင်သည် အနီရောင် ဖြစ်ပေသည်။
အချို့ ရဟန်းများသည် စာသင် စာချ နေကြ၍
အချို့ ရဟန်းများမှာမူ ဝိပဿနာ ရှုမှတ်နေကြလေသည်။
မြင်ရသူ ကျွနုပ်သည် ပြတိုက်အတွင်းရှိ ဖယောင်းရုပ်တု
ရဟန်း သံဃာများကို ကြည်ညိုလွန်း၍
လက်အုပ်ပင် ချီမိလေ၏။
ကျွနုပ်လည်း ပြတိုက်အပြင်ဘက် နေရာတကာတွင်
အားအားရှိ ဆန္ဒအလွန်ပြလွန်းသော ရဟန်းရှင်လူ
ပြည်သူများအား ကြည့်ရသည်မှာ စိတ်မချမ်းမြေ့ဖွယ် ဖြစ်ပြီး
ပြတိုက်အတွင်းမှ ဖယောင်းရုပ်တုများကို
ကြည့်ရသည်မှာ ကြည်ညိုဖွယ် စိတ်တက်ကြွဖွယ်ဖြစ်ပေါ်ပုံကို
တွေးတောနေခိုက် အိက်ရာနံဘေး ကုလားထိုင်မှ
" ဒကာကြီး ဆန္ဒပြသွားဖို့ မထသေးဘူးလား …??? "
ဟူသည့် အသံနက်ကြီးကို ကယောင်ကမ်း ကြားလိုက်ရရာ
အိပ်ရာမှ လန့်နိုးလေတော့သတည်း………………
(၇)
ကျွနုပ်သည် အိမ်မက်ထဲတွင် ထင်ရှားစွါ မြင်တွေ့ခဲ့သော
အထက်ပါ ဆန္ဒအလွန်ပြသော သူများထိုင်ရာ တိုင်းပြည်အား
ဆန္ဒအလွန်ပြသောတိုင်းပြည်ဟု အမည်ပေးလိုက်လျှင် အမှန်တော့
ပြီးချေပြီ။သို့ပါသော်လည်း အိမ်မက်ထဲက
ထိုတိုင်းပြည် အကြောင်းကို စဉ်းစားပြီး
ကမ္ဘာလောကရှိ မည်သည့်တိုင်းပြည်နှင့် တူညီသလဲ ဆိုသည်ကို
အတော် စဉ်းစားရကြပ်နေ၏။အဆုံးသတ် အနေဖြင့်
ကျွနုပ်၏ ဥာဏ်နှင့် မည်သို့မျှ သက်ဝင်နိုင်ခြင်း
မရှိလေသောကြောင့် စာရှုသူများထံသာ " သင်နှစ်သက်သလို
အမည်ပေးနိုင်သော တိုင်းပြည် " အမှတ်စဉ် (၅) ဟူ၍သာ
ထိုးအပ်လိုက်ရလေတော့သည် တကား ……………………
………………………………………………………………………
………………………………………………………………………………
…………………………………………………………………
#မောင်သုခ
(20-May-2017)
No comments:
Post a Comment