" ဘုရားအလောင်းတို့ထုံး_နှလုံးမူုကြလေသလော …???"
_________________
မောင်သုခ
_____________
(၁)
မြန်မာနိုင်ငံသည် ဘုရားအလောင်း
အလွန်ပေါသော တိုင်းပြည်ဖြစ်ပါသလော…???
ဘုရားအလောင်း ဆို၍ မည်သည့်ဘာသာကို ဆိုလိုသလဲဟု
ခေါင်းရှုပ်ခံပြီး ထူးထူးထွေထွေ စဉ်းစားရန်မလိုပေ။
လူစင်စစ်က ဘုရားဖြစ်ရန်နှင့် ဘုရားအလောင်းဖြစ်ရန်
အခွင့်ရှိသည်မှာ ဗုဒ္ဓဘာသာပင် မဟုတ်လေလော။
သို့ပါသောကြောင့် ဗုဒ္ဓဘာသာအများစုရှိသော
ရွှေမြန်မာပြည်ကြီးတွင် ဘုရားအလောင်းအလွန်ပေါများ
လျှင်လည်း အထူးအထွေ ကိစ္စတော့မဟုတ်ဟု ဆိုလိုက
ဆိုနိုင်ပေမည်။သို့သော်လည်း ဘုရားအလောင်းဆိုသူများ၏
အပြုအမူ အနေအထိုင် အကျင့်အကြံများကိုတော့
ကျွန်တော်တို့ ဆင်ခြင်သုံးသပ်ကြည့်ရန် အထူး
လိုအပ်လာလေပြီ။
(၂)
" ဘုရားအလောင်း လူသတ်သမားများ "
မကြာသေးမီအခါက လူသတ်သမားများအား
ဘုရားအလောင်းတို့ထုံး နှလုံးမူသွားသည်ဟု မြန်မာပြည်၏ အထင်ကရ ကမ္ဘာကျော် သင်္ကန်းဝတ် ဆရာတော်တပါးမှ
သာဓုသုံးကြမ်ခေါ်၍ ထောက်ခံအားပေး မိန့်ကြားလိုက်ရာ
ဒကာ ဒကာမ တပည့်တို့ကလည်း
အလားတူ အားပါးတရ ပြောဆိုကြသည်ကို တွေ့ရ၏။
ကျွန်တော် ကိုယ်တိုင်လည်း ဘုရားအလောင်းဆိုသည်မှာ
လူသတ်သမားများကို ဆိုလိုလေသလောဟု
ဒွိဟ ဖြစ်ပေတော့သည်။
ဘုရားအလောင်းဖြစ်ဖို့ လွယ်လိုက်သည့်ဖြစ်ခြင်း
လူလိုက်သတ်ရုံဖြင့် ဘုရားအလောင်း
ပါမစ်အော်တိုရချေပြီ။ထောက်ခံအားပေးသည့်
နိုင်ငံကျော် ကမ္ဘာကျော်ဆရာတော်ကလည်း
သက်တော်ထင်ရှား အဆင်သင့်ပင်။
ထပ်မံ၍ ကျွန်တော်မြင်မိသည်မှာ လုသတ်တိုင်းသာ
ဘုရားအလောင်းတို့ထုံး နှလုံးမူလေက ISIS
အကြမ်းဖက်သမားများသည် ကမ္ဘာတွင် နံပါတ်တစ် ချိတ်ပေတော့မည်။
ISIS ဝေးလွန်းသည်ထားတော့။မြန်မာနိုင်ငံအနှံ့
ထောင်များမှ လူသတ်သမားများသည်
ဘုရားအလောင်းများပင် မဟုတ်လေလောဟု
ထင်စရာရှိလာပေပြီ။
ထို့အပြင်
စစ်ပွဲတွင် စစ်တိုက်နေကြသူများ
ကျဆုံးသွားသူ စစ်သူရဲများသည်လည်း
ဘုရားအလောင်းများပင် မဟုတ်လေလောဟု
ပြောစရာရှိပြန်ပေပြီ။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွါးခဲ့ပြီး
ယနေ့အချိန်အခါအထိ လက်သည်မပေါ်နိုင်သေးသော
နိုင်ငံကျော်လူသတ်မှုများဖြစ်သည့် ငါးလောင်းပြိုင် l
လေးလောင်းပြိုင် lနှစ်လောင်းပြိုင်လူသတ်မှုများမှ
လူသတ်တရားခံများသည်လည်း ဘုရားအလောင်းများပင်
ဖြစ်လေသလောဟု သို့လော သို့လော မေးစရာ
တွေးစရာများ ပြောစရာ ထင်စရာတွေ
တသီချည်း ပေါ်လာတော့၏။
ဒါ့ကြောင့်လည်း ကျွန်တော် အပေါ်တွင်
မေးခဲ့သလို မြန်မာနိုင်ငံသည် ဘုရားအလောင်း
အလွန်ပေါသော တိုင်းပြည်ဖြစ်ပါသလော…???
ဟု မေးဆိုခြင်း၏ အဖြေသည် မြန်မာပြည်၏ အထင်ကရ ကမ္ဘာကျော် သင်္ကန်းဝတ် ဆရာတော် စကားအရဆိုလျှင်
ဖြစ်နိုင်သည်ဟု ပြောရမလိုပင်။
(၃)
" မုဒိမ်းကျင့်သော ဘုရားအလောင်း "
မကြာသေးမီကပင် သာသနာပကာလ ရသေ့တပါးကို
ဥပမာပြု၍ မိဖုရားကို မုဒိမ်းကျင့်သော
ဘုရားအလောင်းဇာတ်တော် ဖြစ်သည့်
ဟရိတစဇာတ်အကြောင်းကို ကိုးကားကာ
ဘုရားအလောင်းသည် မုဒိမ်းသမားဖြစ်ကြောင်း
မုံရွာမြို့နေ ကိုအောင်ကျော်စိုးက ဖေ့စ်ဘုတ်တွင်
အားရပါးရ ဝမ်းပန်းတသာ ဆိုလေ၏။
မဆီမဆိုင်ဆိုရမလား ဆီဆီဆိုင်ဆိုင်ဆိုရမလားပင်။
ကိုအောင်ကျော်စိုးကို မေးရန်ရှိလာသည်တခုမှာ
မုဒိမ်းမှု တိုးပွါးလာသော မြန်မာနိုင်ငံသည် ဘုရားအလောင်းများ တိုးပွါးလာခြင်းကို
ပြဆိုနေသလောဟု မေးမြန်းလိုပေတော့သည်။
ဒီလိုဆိုရင်တော့ ဘုရားအလောင်းစာရင်း၌
လူသတ်သမားများအပြင် မုဒိမ်းသမားများကိုပါတိုး၍
ထည့်သွင်းရပေမည်လား ။
>>>
" ဟရိတစဇာတ် အကျဉ်းဖတ်ရှုရန်လင့်ခ် "
" ရဝေနွယ် အင်းမ "
https://m.facebook.com/myanmaronlinemedianews/photosa.572785052762137.1073742204.459386844101959/647891718584803/?type=3
(၄)
" အမျိုးသား အကျိုးစီးပွါးကို စောင့်ရှောက်သော
ဘုရားအလောင် ခွေး… "
ဒီနေရာတွင် ကျွန်တော်သည် ဘုရားအလောင်း၏
ဇာတ်တော်တခုဖြစ်သော ငါးရာ့ငါးဆယ် နိပါတ်တော်လာ
ကုရုင်္ဂဝဂ် >>> (၂၂) ကုက္ကရဇာတ်ကို သတိရမိ၏။
ဤဇာတ်တော်တွင် ဘုရားအလောင်းသည်
" အမျိုးသား အကျိုးစီးပွါးကို စောင့်ရှောက်သော
ခွေးတကောင် " ဖြစ်ခဲ့သည်။
နန်းတော်အတွင်းမှ ခွေးများက
ပြည့်ရှင်မင်းစီးသော ရထားမှ သားရေကို စားသောက်ကြရာ
မင်းစီးရထားပျက်စီးလေ၏။မင်းကြီးလည်း ပြင်ပမှခွေးများ
အမှတ်ဖြင့် ပြင်ပရှိ ခွေးအားလုံးကို သတ်ရန် အမိန့်ပေးရာ
နိုင်ငံတွင်း ခွေးများကို သတ်ကြ ဖြတ်ကြတော့၏။
ဘုရားအလောင်း ခွေး၏
ကြံရည်ဖန်ရည်နှင့် ဥာဏ်ပညာကြောင့် နောင်တွင်
ရှင်ဘုရင်လည်း အဖြစ်မှန်ကို သိကာ အသက်ဘေးမှ
ချမ်းသာရာ ရကြလေတော့သည်။
အထက်ပါ ဇာတ်တော်သည် "အမျိုးသားအကျိုးကို
စောင့်ရှောက်သော ခွေး "ဟု အမည်ရလေသည်။
အထက်ပါဇာတ်တော်နှင့်
ကျွန်တော်ဆက်စပ်၍ တွေးကြည့်ရာ
အမျိုးသားရေး သမား တဖြစ်လည်း
(အမျိုး ဘာသာ သာသသနာ ) ကြွေးကြော်သူများလှသည့်
ကျွန်တော်တို့ မြန်မာပြည်သည် ဘုရားအလောင်းခွေးသို့နှယ်
စိတ်နှလုံးမူကြလေသလော မပြောတတ်။ဤသို့ဆိုလေက
ဘုရားအလောင်း အလွန်ပေါများလှသည့် မြန်မာပြည်ကြီး
ပေလော ထင်စရာပင်ဖြစ်တော့၏။
(၅)
" မျိုးစောင့်တရား ပေလော…??? "
တလောက လမ်းဘေးခွေးများကို အဆိပ်ချ၍
တိရစ္ဆာန်ချစ်သူများ၏ အပြင်းအထန် ကန့်ကွက်မှုကို
ကြားသိရလေ၏။
ကျွန်တော်မြင်မိသည်မှာ လမ်ဘေးခွေးများကို
အဆိပ်ချသူများသည် ဘုရားအလောင်းမျိုးနွယ်များကို
သတ်မိပေပြီလောဟု မဆီမဆိုင် အတွေးပေါ်လာသည်။
ဤသို့သာ ဆိုလေက ဘုရားအလောင်းစာရင်း၌
လူသတ်သမားများ မုဒိမ်းသမားများအပြင်
ခွေးများကိုပါတိုး၍ စာရင်းထည့်သွင်းရမည်လား…???
မြန်မာပြည်၏ အထင်ကရ
ကမ္ဘာကျော် သင်္ကန်းဝတ်ဆရာတော်မှလည်း
တရားဟော ပလ္လင်ထက်မှနေ၍ သူ၏ချစ်လှစွါသော
ဒကာမများအား ခွေးများကိုယူကြရန် တရားဟော၏။
နိုင်ငံရပ်ခြားမှ ခွေးအကြီးကြီးများကို မှာပေးမည်ဟုပင်
ဆရာတော် အတည်အတံ့ ပြောတော့ ကြားကြားချင်း
ကျွန်တော်ပင် အံ့သြမိခဲ့သည်။
ယခုတော့ အဖြေကရှင်းသလောက်ပင် ဖြစ်၏။
ဆရာတော်တယောက် ဥာဏ်ပညာကြီးမား၍
တရားတော် အလွန်နှံ့စပ်၍သာ ဤသို့ပြတ်ပြတ်သား
ခွေးကို လင်တော်ခိုင်းခြင်းသာ ဖြစ်၏။
အဘယ့်ကြောင့်ဆိုက ဘုရားအလောင်းသည်ပင် "ခွေးဖြစ်ဖူး၍ အမျိုးကိုစောင့်ရှောက်
သော ထုံးတမ်းစဉ်လာရှိသည် မဟုတ်လေလော "…???
ဆရာတော်၏ အမျိုးစောင့်ရှောက်ခိုင်းသော တရားသည် ထူးဆန်းပေစွ။ တိုး၍ပင် ကြည်ညိုစရာ ကောင်းတော့၏။ :D
(၆)
" ဘုရားအလောင်းထုံး နှလုံးမူကြမည်လော…??? "
ဤတွင် ငါးရာ့ငါးဆယ် နိပါတ်တော်လာ
ဘုရားအလောင်း၏ သည်းခံခြင်း တခုကိုလည်း
မြင်တွေ့ရ၏။
ဤဇာတ်တော်သည်
ဘုရားအလောင်း များ အတုယူကျင့်ကြံစရာ
ကောင်းလွန်းသဖြင့် အထူးတရားတော်အဖြစ်
စာရေးသူ ကျွန်တော်မောင်သုခမှ အမျိုး ဘာသာ
သာသနာချစ်သော ဘုရားအလောင်းအကျင့်ကျင့်သည့် မျိုးချစ် မိတ်ဆွေများကို မျှဝေဖော်ပြပါမည်။
ငါးရာ့ငါးဆယ် နိပါတ်တော်လာ ဥဒပါနဝဂ် >>>
(၂၇၃)ခုမြောက် ကစ္ဆပဇာတ်တော် >>>
ဗာရာဏသီပြည်၌
ဗြဟ္မဒတ်မင်းကြီး စိုးစံစဉ် ဘုရားအလောင်းသည်
ဈာန် အဘိညာဉ် သမာပတ်ရရသေ့ အဖြစ်ဖြင့်
ဟိမဝန္တာ၌နေ၏။
တောမှ မျောက်ဆိုးတကောင်သည်
တရားအားထုတ်လေ့ရှိသော ဘုရားအလောင်း
ရသေ့အနား လာလာကပ်ပြီး ကိုယ်ခန္ဓာအပေါ်တက်ကာ နားအပေါက်ထဲသို့သူ၏အင်္ဂါဇာတ်ကိုထိုးသွင်းလေ၏။
ဘုရားအလောင်း ရသေ့သည် မတားမြစ်ဘဲ
လစ်လျူရှု၍သာ နေလေ၏။
တရက်သော် မျောက်သည် လိပ်တကောင်၏
ပါးစပ်ထဲသို့ အလားတူပင် မိမိ ငယ်ပါကို ထိုးသွင်းလေရာ
လိပ်က မလွှတ်တမ်း ကိုက်ခဲထားလေတော့၏။
မျောက်ဆိုးလည်း ကူကယ်ရာမဲ့ဘဝဖြင့်
ဘုရားအလောင်းရသေ့ထံ မိမိငယ်ပါကို မလွှတ်တမ်း
ကိုက်ခဲထားသော လိပ်ကို လက်နှစ်ဖက်ဖြင့် ပွေ့ပိုက်ကာ
အကူအညီတောင်းခံလေ၏။
ဘုရားအလောင်းရသေ့၏ မေတ္တာရှေ့ထား
ဖျောင်းဖျမှုကြောင့် လိပ်သည် ကိုက်ခဲထားသည်ကို
လွှတ်ပေးတော့မှ မျောက်ဆိုးလည်း သေလုနီးပါး ဝေဒနာဆိုးက
ချမ်းသာရာ ရပေတော့သည်။
ဤသို့ဤနှယ် ဘုရားအလောင်းတို့သည်
သည်းခံခြင်း မေတ္တာတရားနှင့် ပြည့်စုံလေ၏။
မိမိနားပေါက်သို့ အင်္ဂါဇာတ်ထိုးထည့်သောမျောက်ကိုပင်
အပြစ်မယူ မေတ္တာထားသော ဘုရားအလောင်းတို့ထုံးကို
မြန်မာပြည်က ဘုရားအလောင်းများ အတုယူကျင့်ကြံမည်ဆိုပါက
ပါရမီ ဖြည့်ဆည်းလိုသူတွေ အလွန်များပြားမည်ဟု
မဆီမဆိုင်ပင် စာရေးသူ တွေးမိလေတော့၏။
(၇)
" ဘုရားအလောင်း ဒွန်းစဏ္ဍား "
ဝီသတိနိပါတ် >>> ( ၄၉၇ ) ခုမြောက်ဇာတ်
ဖြစ်သော မာတင်္ဂဇာတ်တော် " ဒွန်းစဏ္ဍားနှင့် သူဋ္ဌေးသမီး "
ဇာတ်တွင် ဘုရားအလောင်းသည် ဒွန်းစဏ္ဍား ဖြစ်လေ၏။
ဒိဋ္ဌမင်္ဂလိကာ သူဋ္ဌေးသမီးကိုရရန် ခုနှစ်ရက်လုံး သူဋ္ဌေးသမီး
ိအိမ်ရှေ့တွင် လှဲအိပ်ခဲ့သော ဒွန်းစဏ္ဍား ဝီရိယ သည်
အလွန်းကျဖွယ်ရာပင်ဖြစ်၏။
မြန်မာနိုင်ငံ၏ နေရာအနှံ့တွင် ကားပေါ်မှအစ
ပေတရာများအလယ် မီးရထားပေါ်အဆုံး သူတောင်းစား
ကြီးငယ်ပုကွ နုရွများကို မမြင်ချင်မှ အဆုံး တွေ့မြင်ရလေ၏။
အချို့ အသက်မပြည့်သော သူတောင်းစား ကလေးများသည်
အဓမ္မ ခိုင်းစေမှုကို အတိအကျ ငြင်းဆန်သော
အားဖြင့်လားတော့ မဆိုတတ် ကိုယ်တိုင်က
လိုလိုလားလား ကွန်ပျူတာစာစီထားသော စာရွက်လေးများကို ကားပေါ် မီးရထားပေါ် လိုက်လံဝေငှပြီး လှူဒါန်းသော
ငွေနှင့်အတူ အနှီစာရွက်လေးများကို လိုက်လံသိမ်းဆည်းလေ၏။
အဆင့်မြင့်သော နည်းပင်ဖြစ်၏။
ဘုရားအလောင်းတော်ကိုယ်တိုင်ပင် ဒွန်းစဏ္ဍား တဖြစ်လည်း
သူတောင်းစား စဏ္ဍာလ မျိုးနွယ် ဖြစ်ဖူး
သောကြောင့် မြန်မာနိုင်ငံ၌ ဒွန်းစဏ္ဍား များပြားခြင်းသည်
ဘုရားအလောင်းများ များပြားခြင်းပေလောဟု
ကမ္ဘာကျော်ဆရာတော် အလား မဆီမဆိုင်တွေးမိလေ၏။
မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတကြီးဖြစ်သည့်
သမ္မတ စပ်ရွှေသိုက်ကိုယ်တိုင်ကပင် သူတောင်းစား
ဒွန်းစဏ္ဍား ဘုရားကျွန် များအား ရှေးမင်းအဆက်ဆက်
အာဏာကို ပယ်ဖျက်၍ မိမိလုပ်ကိုင်လိုသော အလုပ်အား လွပ်လပ်စွါလုပ်ကိုင်နိုင်ကြောင်း နိုင်ငံတော် ယာယီသမ္မတမိန့်ခွန်း၌ ထည့်သွင်းဟောကြားခဲ့လေ၏။
ဤသို့သော သူတောင်းစား ဒွန်းစဏ္ဍား
စဏ္ဍာလ ဘုရားကျွန် မျိုးနွယ်သည် ပေါ့သေးသေးတော့ မဟုတ်ချေ။ဘုရားအလောင်း မျိုးနွယ်၏ အဆက်ဟု ခေါ်ဆိုက ခေါ်နိုင်မည်လား စဉ်းစားစရာ ပင် ။
(၈)
" ဆန္ဒပြလွန်းသူ ရဟန်းရှင်လူများသို့ ဘုရားအလောင်းဆုံးမပုံ "
ယနေ့ခေတ်ကာလ မြန်မာနိုင်ငံတွင် များပြားလှသော
ဆန္ဒပြပွဲများနှင့် အတူ ဆန္ဒပြသူများလည်း
ဟိုနေရာ ဒီနေရာ l ဟိုလို ဒီလို l နေ့စား လခစား အနေဖြင့်
ပေါ်ပေါက်လာကြသည်ကို စာရေးသူ သတိထားမိ၏။
အထင်ကရ ပါရဂူ ဆရာတော်တပါးမှလည်း
များပြားလွန်းလှသော ဆန္ဒပြသူများကို အင်အား
ဖြည့်တင်းသည့်အနေဖြင့် ဘုန်းကြီးများဆန္ဒမပြရ
ဘုရားမဟောဟုဆိုကာ ဘုရားရှင် နှင့် တပည့်သာဝကများ
ပင် ဆန္ဒပြခဲ့ဖူးသလိုလို ဘာလိုလို ညာလိုလို
ဟောကြားသည်ကို ကြားသိရ၏။
ငါးရာ့ငါးဆယ် နိပါတ်တော်
ဗီရဏထမ္ဘဝဂ် >>> (၂၁၅)ခုမြောက် ကစ္ဆပဇာတ်တော်တွင်
ဘုရားအလောင်းသည် စကားအလွန်များသော မင်း၏
အမတ်ဖြစ်လေသည်။ဘုရားအလောင်း အမတ်ပညာရှိသည်
ဘုရင်ကိုဆုံးမရန် အခါအခွင့်ကို စောင့်နေလေ၏။
တခါသော် ဟင်္သာငှက်နှစ်ကောင်သည်
ခင်မင်ရင်းစွဲရှိသော လိပ်ကို မိမိတို့နေရာသို့ အလည်ခေါ်၏။လိပ်ကို " နှုတ်စောင့်
စည်းရန် ကတိကဝတ်တောင်းကာ " တုတ်တချောင်း
အလယ်တွင် လိပ်ကို ပါးစပ်ဖြင့်ကိုက်ထားစေလျက် သူတို့က အစွန်းနှစ်ဖက်မှ ချီကာ ကောင်းကင်ခရီးဖြင့် ခေါ်ဆောင် လာလေသည်။
ယင်းကို ကလေးသူငယ်များ မြင်ကြရာ
" ဟင်္သာတွေ လိပ်ကြီးကို ချီလာတယ် ဟေ့ " ဟု
အုံးအုံးကြွက်ကြွက် အော်ဟစ်ကြလေတော့သည်။
လိပ်လည်း " မင်းတို့နဲ့ ဘာဆိုင်သလဲ " ဟု
ပြန်ပြောရန် ပါးစပ်ဟလိုက်လေရာ နန်းတော်မြေသို့ ပြုတ်ကျပြီး နှစ်စိပ်ကွဲလေတော့သည်။
ပညာရှိအမတ်ကြီးအား မည်သို့ဖြစ်လေသလဲဟု
ဘုရင်က မေးမြန်းလေရာ " အတိုင်းအဆမရှိ စကားပြောခြင်း နှုတ်မစောင့်စည်းခြင်းသည် ပျက်စီးတတ်ပုံ " အကြောင်းကို
လိပ်အားနမူနာထား၍ ဆုံးမလေ၏။ ရှင်ဘုရင်လည်း
နောင်အခါတွင် နှုတ်စောင့်စည်းလေတော့သည်။
ဤဇာတ်တော်တွင် အသိအမြင်တိုးဖွယ်ကောင်းလှသည်မှာ
လူတို့သည် မိမိဆန္ဒအပေါင်းအား နှုတ်မှမဆင်မခြင်
ဖော်ထုတ်ခြင်းသည် ဆင်ခြင်ဖွယ်ရာဖြစ်သည်ဟု
သတိပြုမိလေ၏။မြန်မာနိုင်ငံရှိ အားတိုင်းယားတိုင်း
ဆန္ဒထထပြကြသော သကောင့်သား သကောင့်သမီးများ
ဤဇာတ်တော်ကို သတိပြုသင့်ပေသည်။
သို့ဖြစ်ပါသောကြောင့် မြန်မာနိုင်ငံရှိ
ဘုရားအလောင်းထုံး နှလုံးမူကြသူများလည်း အထက်ပါအတိုင်း ဘုရားအလောင်း
တို့ထုံးကို နှလုံးမူနိုင်ကြပါစေကြောင်း ဆုတောင်း၍
ဤမည်သော " ဘုရားအလောင်းတို့ထုံး နှလုံးမူလေသလော" စာစုကို နိဂုံးချုပ်လိုက်ပေတော့သတည်း ………………………
……………………………………………………………………
…………………………………………………………
မောင်သုခ
(16- JUN-2017)
No comments:
Post a Comment