Wednesday, November 20, 2019

အချစ်

💚  အချစ်  💚

________
အောင်ကို
__________

(၁)

အချစ် အကြောင်း
ပြောရအောင် …………
……………………………

(A)
အချစ်ဆိုတာ ဘာလဲ …???

(B)
အချစ်ဆိုတာ အမျိုးအစားအားဖြင့်
ဘယ်နှစ်မျိုးလောက် ရှိသလဲ …???

(C)
အချစ်ဆိုတာ ဦးနှောက်က
ဖြစ်ပေါ်တာလား…???

နှလုံးသားက ဖြစ်တည်
တာလား …???
…………………………

အချစ်ဆိုတဲ့ စကားလုံးဟာ တစ်ခြား
တစ်ပါးသော စကားလုံးပေါင်း
တစ်သောင်း ခြောက်ထောင်ထက်
လူတကာရဲ့ စိတ်ဝင်စားခြင်း
ခံရတဲ့ စကားတစ်ခွန်းပဲ။

(၂)

" Oxford အဘိဓါန်ကပြောတဲ့
  အချစ် "

Oxford အဘိဓါန်ကတော့ အချစ်ကို
ဒီလို  အနက်ဖွင့်တယ်။

💚 love  - a strong feeling of deep
               affection for somebody/something.

တစ်စုံတစ်ယောက် (သို့) တစ်စုံတစ်ရာ
အတွက် ပြင်းထန်သော တွယ်တာမှု နဲ့
ခိုင်မာသော ခံစားချက်လို့ဆိုတယ်။

(၃)

" မြန်မာစာ အဘိဓါန်ကျမ်းက
   ပြောတဲ့ အချစ် "

မြန်မာစာအဘိဓါန်ကျမ်း
စာမျက်နှာ (၅၄) မှာတော့
အချစ်ကို ဒီလို ပြောတယ်။

အချစ် =  မေတ္တာရှိသည်။
             နှစ်သက်မြတ်နိုးသည်။
             မေတ္တာသက်ဝင်သည်။

(၄)

" ကရိသျှဏဘုရား ပြောတဲ့ အချစ် "

ဟိန္ဒူ ဘာသာရဲ့ အထင်ကရ
ဘုရားမြတ်တစ်ဆူဖြစ်တဲ့ ကရိသျှဏ
ဘုရားကတော့ အချစ်အကြောင်း
တိုက်ရိုက် မဟုတ်ပေမယ့် အချစ် နဲ့ မာန
ကို ဒီလို နှိုင်းယှဉ်ပြထားတယ်။

" မာနက အမြင့်ဆုံးနေရာကို
  ရှာယူနေတဲ့ အချိန်မှာ
  ချစ်ခြင်းကတော့ သင့်တော်တဲ့
  နေရာကို ရှာယူတယ် …  "

ဒီစကားကို ထောက်ဆပြီး
အချစ် အကြောင်းကို ပြောရရင်
သင့်တော်တဲ့ နေရာကို ယူတတ်တာဟာ
အချစ်ရဲ့ ဂုဏ်တစ်ခုပဲလို့ ပြောနိုင်တယ်။

(၅)

" ဗုဒ္ဓ ဘုရားရှင် ပြောတဲ့ အချစ် "

ဗုဒ္ဓဝါဒ ရဲ့ လမ်းပြပုဂ္ဂိုလ်ဖြစ်တဲ့
ဘုရားရှင်ကတော့ အချစ် အကြောင်းကို
ပြောထားတာ ပြတ်သားလွန်းတယ်။

" စိုးရိမ်သောက ပူဆွေးခြင်း
   ဟူသမျှဟာ ချစ်ခြင်း ကြောင့် ဖြစ်တယ်။ "
လို့ ဟောကြားရဲ့။

(၆)

" အချစ်  "

အချစ်အကြောင်းကို ကမ္ဘာတစ်ခုလုံးက
ပညာရှိတွေ နဲ့ လူသား အသီးသီးကလည်း
အနက် အဓိပ္ပါယ်တွေ အမျိုးမျိုး ပြောထား
ကြတာ ရှိပေမယ့် ပိုစ့်ရဲ့ လိုရင်းအရ…

အချစ်မှာ အနှစ်ချုပ်လိုက်ရင်…

(၁) ကိုယ့် ကိုယ်ကို ချစ်တဲ့ အချစ်
(၂)  တစ်ခြား တစ်ပါးသော သူကို
       ချစ်သော အချစ်ဆိုပြီး …
       နှစ်မျိုးသာ ရှိတယ်။

(၇)

" မိမိကိုယ်ကို ချစ်သူသာ များ၏ "

သတိ မထားမိကြတာ တစ်ခုက
ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ
အများအားဖြင့် အချစ်ကို မြင်တွေ့ရ
တတ်တာဟာ နံပါတ်တစ် အမျိုးအစား
ဖြစ်တဲ့ " ကိုယ့်ကိုယ်ကို ချစ်တဲ့ အချစ် "
တွေသာလျှင်  ဖြစ်တယ်။

လူကြားကောင်းအောင်
ဘယ်လိုပဲ လူတစ်ယောက်က
တစ်ခြားတစ် ယောက်ကို ချစ်ပါတယ် လို့
ပြောကြပေမယ့် မိတ်ဆွေ မိသားစု
ကြားထဲမှာ ဖြစ်စေ ဆန့်ကျင်ဘက် လိင်
တစ်ခြားသူ တစ်ဦးဦးကို ဖြစ်စေ …

လူတွေ အများအားဖြင့် ပြောနေကြတဲ့
💚ချစ်တယ် လို့ဆိုကြတာဟာ ကိုယ့် လိုအင်
ဆန္ဒပြည့်ဖို့အတွက် အဓိက ရှေးရှု ကြတာ
မျိုးတွေသာ ဖြစ်လေ့ဖြစ်ထ ရှိတာ
တွေ့ရပါတယ်။

(၈)

ဥပမာ ပြရရင် စာဖတ်သူ
မိတ်ဆွေမှာ တကယ်ချစ်တဲ့ ချစ်သူ 
တစ်ယောက် ရှိတယ် ဆိုပါစို့။

(A)
သူက ခင်များ သေသွားမှ
ပျော်ရွှင်မယ် ဆိုရင် ခင်များအနေနဲ့
တကယ် သေပေး နိုင်ပါ့မလား…???

(B)
သူက ခင်များနဲ့ ဝေးကွာပြီး
ခွဲခွါ ရမှပဲ ပျော်ရွှင်မယ်ဆို ခင်များ
အနေနဲ့ နားလည်ခွင့်ပြု
ပေးနိုင်ပါ့မလား…???

ဒီမေးခွန်းကို ဖတ်ပြီးတဲ့ အခါ
တကယ် သေပေးကြမယ့် သူထက်
တကယ် နားလည်ခွင့်လွှတ် ပေးကြမယ့်
သူတွေထက် " ရူး နေလို့လား " လို့
ပြန်ပြောမယ့်သူ က (95%) အထက်
များပါလိမ့်မယ်။

(၉)

" လိုအင်ဆန္ဒ (အတ္တ)အား သရုပ်ဖော် "

အထက်ပါ အဖြေကတော့ ရှင်းပါတယ်။
ကျွန်တော်တို့တွေဟာ ကိုယ့်ကိုယ်ကို
ချစ်ကြ သူတွေ ချည်းမို့လို့ပါပဲ။

ဒီလိုမျိုး ကိုယ့်အတ္တ လိုအင်ဆန္ဒကို
ကိုယ် ပြန်ပြီး ပုံဖော် ကြတဲ့နေရာမှာ
ကျွန်တော်တို့ဟာ ကိုယ်နဲ့
အနီးစပ်ဆုံး သူတွေကို အသုံးချ
တတ်ကြတယ်။

ကျွန်တော်တို့ ချစ်ရသူတွေ
ညီအကိုမောင်နှမတွေ သူငယ်ချင်းတွေနဲ့
တစ်ခြားသော ပတ်သက်သူတွေအပေါ်
ပြောလေ့ ရှိကြတာက…

" ငါ နင့်ကို ကောင်းစားစေချင်လို့
   ပြောတာ။ ဒါမလုပ်နဲ့ ဒါကိုလုပ်။
   ဒီလို မနေနဲ့ ။ ဒီလိုနေ။ "

အစရှိတာတွေဟာ သူ့ကိုချစ်လို့
ဆိုတာထက် ကိုယ့်ရဲ့ လိုအင် ဆန္ဒကို
ကိုယ်ပြန်ပြီး သရုပ်ဖော် ဖြည့်ဆည်းနေကြ
ခြင်းတွေပါပဲ။

တစ်ခြားသူ ဘက်ကို မကြည့်ဘဲ
ကိုယ်မြင်တွေ့ချင်တဲ့ အရာ…
ကိုယ် စိတ်ချမ်းသာမယ့် အရာကို
ကိုယ်ချစ်ရတဲ့သူက စိတ်ပါပါ မပါပါ
ပြုမူလာအောင် အဓမ္မ ပုံဖော်မှု
တွေသာလျှင် ဖြစ်တယ်။
  
(၉)

ဒီလိုသာဆိုရင် တကယ့် အချစ်စစ်
ဆိုတာ လောကမှာ မရှိဘူးလားလို့
မေးစရာ ရှိပါတယ်။

ကိုယ့်ကိုယ်ကို ချစ်တာ မဟုတ်ဘဲ
တကယ့် အချစ်စစ်နဲ့ တစ်ခြားသူ
တစ်ယောက်အပေါ် ချစ်တဲ့
အချစ်တွေ များစွာ ရှိခဲ့တယ်။
နမူနာ ပြရရင် ……………
…………………………………

(၁၀)

" ဗင်းဆင့်ဗန်ဂိုး "

ဗင်းဆင့်ဗန်ဂိုးဆိုတာ ဒတ်ခ်ျလူမျိုး
ပန်းချီကျော် တစ်ယောက်ပါ။အခုဆိုရင်
ဒေါ်လာ သန်းချီတန်တဲ့ သူ့ပန်းချီကားတွေနဲ့
အတူ သူ့နာမည်ကလည်း တစ်ကမ္ဘာလုံးမှာ
ကျော်ကြားတယ်။

ကမ္ဘာမှာ အချစ်တတ်ဆုံး
လူသား တစ်ယောက်ကို ပြပါဆိုရင်
ဗင်းဆင့်ဗန်ဂိုး ကို ချန်ထားလို့တော့
ဖြင့် မရဘူး။

(၁၁)

ဗင်းဆင့် ရဲ့ ဘဝမှာ ရာချယ်
ဆိုတဲ့ အမျိုးသမီး တစ်ဦးကို
ချစ်ဖူးတယ်။ထူးခြားချက်က
ရာချယ်ဟာ ပြည့်တန်ဆာ
မိန်းကလေး တစ်ယောက်
ဖြစ်နေတာပါပဲ။

ရာချယ်ဟာ ဗင်းဆင့်နဲ့ တွေ့တိုင်း
"ရှင် တကယ်ချစ်ရင် သက်သေပြတဲ့
အနေနဲ့ ရှင့်ရဲ့ ရယ်စရာကောင်းတဲ့
နားရွက်ကလေးတွေ ကျွန်မကို
ပေးမလား ..

ပေးမယ်လို့ ကတိပေးရမယ်"
ဆိုပြီး ပြောလေ့ ရှိတယ်။

(၁၂)

ဗင်းဆင့်ဗန်ဂိုး ဟာ ရာချယ် ကို
တကယ်ပဲ သူ့ရဲ့ နားရွက်တွေ
ဖြတ် ပေးခဲ့ပါတယ်။ :O

ရာချယ် ကတော့ ဗင်းဆင့်
ဖြတ် ယူလာပေးတဲ့ နားရွက် တွေကို
ကြည့်လို့ ထိတ်လန့်ပြီး သတိ
မေ့သွားတဲ့ အထိပဲ။

များသော အားဖြင့်တော့ ဗင်းဆင့်ကို
တကယ့် အချစ်စစ် နဲ့ ချစ်တတ်သူ
တစ်ယောက်လို့ ပြောကြမှာ
မဟုတ်ပါဘူး။

အရူးတစ်ယောက်လို့သာ
ကောင်းချီးမင်္ဂလာ အမည်တပ်ကြမှာ
သေချာပေါက်ပဲ။တကယ်တော့လည်း
အချစ်နဲ့ ပတ်သက်ပြီး လူတွေ သေချာ
မတွေး မိကြတာကတော့ အချစ်ဆိုတာဟာ
ရူးသွပ်ခြင်း တစ်မျိုး ဖြစ်တယ်
ဆိုတာကိုပဲ။

ဒီမှာ သတိပြုစရာက
လောကမှာ များသောအားဖြင့်
အမျိုးသမီးတွေဟာ အချစ်ခံရသူတွေ
ဖြစ်လေ့ ဖြစ်ထ များပါတယ်။အချစ်ခံရတဲ့
အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ကို ချစ်
နေတဲ့ အမျိုးသား အပေါ် အခန့်မသင့်ရင်
အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့
မဟုတ်တာတွေ ပြုလုပ်ဖို့ မတိုက်တွန်း
မိစေချင်ဘူး။

ဗင်းဆင့်ဗန်ဂိုး အကြောင်း
သေချာဖတ်ချင်ရင် ဆရာမောင်ထွန်းသူ
မြန်မာပြန်ထားတဲ့ ရမ္မက်မီး ဆိုတဲ့
စာအုပ်လေးကို ဖတ်ကြည့်ပါ။

" ရမ္မက်မီး "
https://yadi.sk/i/Wsx3NBj63SfTYA

(၁၃)

" စိတ်ချမ်းသာဖို့ အဓိက "

တကယ်တော့ အချစ်ဆိုတာ
ပေးဆပ်ခြင်းလို့ပဲ ပြောပြော…
ရယူခြင်းလို့ပဲ ဆိုဆို …
ဘယ်လိုပဲ အနက်ဖွင့်ဖွင့်…

ကိုယ်ချစ်တဲ့သူ စိတ်ချမ်းသာ
စေဖို့က အဓိက ကျတယ်။

ကိုယ့်ကြောင့် ကိုယ် ချစ်ရတဲ့သူတွေ
စိတ်ဆင်းရဲ သောက ရောက်ရ
စေတယ် ဆိုရင် အချစ်ဆိုတာထက်
ကိုယ့်အတ္တကို ကိုယ်ပြန်ပြီး ရုပ်လုံး
ဖော်မိတာ မျိုးတွေသာ  ဖြစ်နေ
တတ်ပါတယ်။

(၁၄)

" မိဘများ သတိပြုသင့်သော
  သားသမီးပေါ် ထားသည့် အချစ် "

တစ်ချို့ တစ်ချို့သော မိဘတွေရဲ့
သားသမီးအပေါ် ချစ်ခြင်းမှာလည်း
အလားတူ အတ္တကို ပုံဖော်ခြင်းမျိုးတွေ
များစွာ တွေ့ရတယ်။

မင်းသား အမီယာခန်  Aamir Khan နဲ့
ကလေးသရုပ်ဆောင် Darsheel Safary
တို့ သရုပ်ဆောင်ထားတဲ့"Taare Zameen Par"
ဆိုတဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားလေးမှာ
ဒီအပိုင်းကို ထင်ရှားတိကျစွာ ဖော်ပြ
ထားတယ်။

Dyslexia လို့ ခေါ်တဲ့
စာဖတ်ဖို့ခက်ခဲသော  ပြဿ     နာရှိနေတဲ့
ကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်နဲ့
ဒုက္ခကို မျက်ကွယ်ပြုပြီး မိဘတွေရဲ့
လိုအင်ဆန္ဒ အတ္တကြီးမားမှုကို
သတိပေးထားတဲ့ ပညာပေး
ဇာတ်ကားကောင်းလေးပါ။

"Taare Zameen Par"
https://youtu.be/NYeS7Wg9qmY

(၁၅)

ပိုစ့်လည်း နည်းနည်း ရှည်သွားပြီ။
ဆိုလိုရင်းကတော့ ကျွန်တော်တို့ဟာ
လူတစ်ယောက်ကို ချစ်တဲ့နေရာမှာ
ကိုယ်ချစ်ရတဲ့ သူတွေကို စိတ်ဒုက္ခ
ကိုယ်ဒုက္ခ ရောက်စေမယ့် အတ္တ
ကြီးမှုတွေကို ရှောင်ရှားစေချင်
တာပါပဲ။

လူတစ်ယောက်ကို တကယ်
ချစ်တာဆိုရင် သူစိတ်ချမ်းသာဖို့ကို
အဓိက တွေးပြီး အနစ်နာခံခြင်းကသာ
ချစ်ခြင်းအမှန် ဖြစ်တယ်လို့
မြင်မိတယ်။

(၁၆)

ပိုစ့်အစမှာ ပြောထားတာတွေကို
စာရေးသူ အမြင်နဲ့ ပြောရရင်

(A)
အချစ်ဆိုတာ ဘာလဲ …???
အချစ်ဆိုတာ ရူးသွပ်ခြင်း
တစ်မျိုးပဲ။

(B)
အချစ်ဆိုတာ အမျိုးအစားအားဖြင့်
ဘယ်နှစ်မျိုးလောက် ရှိသလဲ …???
အချစ်မှာ အနှစ်ချုပ်လိုက်ရင်…
(၁) ကိုယ့်ကိုယ်ကို ချစ်တဲ့ အချစ်
(၂)  တစ်ခြားတစ်ပါးသော သူကို
       ချစ်သော အချစ်ဆိုပြီး …
       နှစ်မျိုးသာ ရှိတယ်။

(C)
အချစ်ဆိုတာ ဦးနှောက်က
ဖြစ်ပေါ်တာလား…???
နှလုံးသားက ဖြစ်တည်
တာလား …???

အချစ်ဆိုတာ နှလုံးသားက
ဖြစ်တည်တာပါ။

ဦးနှောက်နဲ့ တွက်ချက်ပြီး
အချစ်ကို ဟန်ဆောင်ပုံဖော်တာက
နှလုံးသားကို ကုန်ကူးခြင်း တစ်မျိုးသာ
ဖြစ်တယ်။

မိတ်ဆွေတို့ကရော
အချစ်ဆိုတာကို ဘယ်လို
မြင်ကြသလဲ…???
                
                              အောင်ကို
                           (21 - Nov - 2019)

Monday, November 11, 2019

မေတ္တာ ဆိုသည်မှာ

" မေတ္တာ ဆိုသည်မှာ "

________
မောင်သုခ
__________

" မာနက အမြင့်ဆုံးနေရာကို
  ရှာယူနေတဲ့ အချိန်မှာ
  ချစ်ခြင်း(မေတ္တာ) ကတော့
  သင့်တော်တဲ့ နေရာကို
  ရှာယူတယ် …  "
                               (ကရစ်ရှနဘုရား..
                               < မဟာဘာရတ > )

(၁)

မေတ္တာ အကြောင်း ပြောဆိုတဲ့အခါ
သမုဒ္ဒရာကမ်းနားကနေ သမုဒ္ဒရာကြီးကိုကြည့်ပြီး
သမုဒ္ဒရာ အကြောင်း ပြောသလိုပဲ။

အလားတူ မပြည့်မစုံ
ဖြစ်နေမှာတော့ အမှန်ပါပဲ။

မေတ္တာ ဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပါယ်နဲ့
အကျိုးသက်ရောက်မှုဟာ အလွန်သိမ်မွေ့ပြီး
နက်နဲလှတယ်ဆိုတာကို မှန်းဆမိပါတယ်။

မေတ္တာရဲ့  အနက်ဖွင့်ကို
ဦးဟုတ်စိန် ရေးသားစီရင်တဲ့
ပဒတ္ထမဉ္ဇူ သာ ဟူသော ပါဠိ မြန်မာ
အဘိဓါန်ကျမ်းရဲ့ စာ (၇၈၆)မှာ -
မေတ္တာ = ချစ်ြခင်း l ချစ်မြတ်နိုးခြင်းလို့
အနက်ဖွင့်ပါတယ်။

စာ (၇၈၆) ဆိုတော့ကာ ၇၈၆ 
ဆိုတာအစ္စလာမ်တို့နှင့် သက်ဆိုင်ရာ
ဂဏန်းနံပါတ်အဖြစ် လူသိများကြတာမို့
ဒီစာမျက်နှာလေးကတော့
ထူးခြားချက်တစ်ခုပါပဲ။

မြန်မာစာ အဘိဓါန်ကျမ်း 
စာ(၂၄၃) ကတော့
မေတ္တာကို ချစ်ခင်ခြင်းလို့
အနက်ပြုပါတယ်။

အခြားသော ဘာသာစကား အသီးသီးနဲ့လည်း
မေတ္တာကို (အခုလို အနက် သဘောအနေ)
အနက်ဖွင့်ပုံဆင်တူစွါနဲ့ တွေ့မြင်
နိုင်ပါသေးတယ်။

Translations of Mettā >>>
English- loving-kindness,
benevolence - | Sanskrit - मैत्री  l
Chinese - 慈爱 l Japanese - 慈悲
(သနားကြင်နာခြင်း) -  慈愛(ချစ်ခြင်း)  ။

(၂)

ဒီတော့ကာ မေတ္တာဆိုတဲ့
စကားလုံးရဲ့ အနက်သဘောဟာ လူသား
အားလုံးနဲ့ သက်ဆိုင်ခဲ့သော l သက်ဆိုင်နေသော
ချစ်ခင်ခြင်း l ချစ်မြတ်နိုးခြင်းဆိုတာဟာ
အလွန်ထင်ရှားပါတယ်။

မေတ္တာဆိုတဲ့ ချစ်ခြင်း l ချစ်မြတ်နိုးခြင်းဟာ
လူသားအားလုံးနဲ့ သက်ဆိုင်နေသလို
လူသားတွေ ယုံကြည်ကိုးကွယ်ကြတဲ့
ဘာသာတရားအသီးသီးနဲ့ ပတ်သက်နေပြီး
ဘာသာရေးကျမ်းဂန်တွေမှာ ပါဝင်နေတာကိုလည်း
အောက်ပါအတိုင်း မြင်တွေ့ရပါသေးတယ်။

ဘာသာ တစ်ခုချင်းစီအလိုက် မေတ္တာနဲ့
ပက်သက်တဲ့ မှတ်သားဖွယ်ရာတွေ
ကတော့ >>>>

(၃)

" ဟိန္ဒူ ဘာသာနှင့် မေတ္တာ  "

ဟိန္ဒူ ဘာသာရဲ့
ဘဂဝါဂီတာ (၆-၆) မှာဒီလိုပြောထားပါတယ်။
နိမ့်တဲ့စိတ်စွမ်းအားရှိသူတွေကို အနိုင်ရတဲ့
မြင့်မြတ်တဲ့ စိတ်စွမ်းအား ရှိသူ(အတ္တမာ) က
မိတ်ဆွေလို့ သဘောထားပါတယ်။

ဒီကျမ်းချက်လည်း မေတ္တာကို
ဖော်ညွှန်းပါတယ်။ မိမိအပေါ် မကောင်းပြုကျင့်
သူဖြစ်ပါစေ။ မိတ်ဆွေလို သဘောထားပြီး
စိတ်ထားမြင့်မြတ်ကြောင်း ပြဆိုဖို့ ညွှန်းဆို
ထားတာကို မြင်မိပါတယ်။

အထက်ပါအချက်ကို ထပ်မံထင်ရှားစေတာက
ဘဂဝါဂီတာ (၃-၃၇) မှာ ကရစ်ရှနဘုရားက
ဒီလိုပြောပါတယ်။

ကာမနဲ့ ဒေါသက ရာဇဂုဏ်ကနေပဲ
ပေါ်ထွန်းလာပါတယ်။အဲဒါတွေက မီးလို
အားလုံးကို ဝါးမြိုပစ်နိုင်စွမ်း စွမ်းအားရှိတယ်။
ပြည့်နိုင်စွမ်း မရှိတဲ့ ပါပ တွေပါပဲ။ဒီလူ့ဘောင်
လောကမှာ အဲဒါတွေကို ရန်သူလို့
သတ်မှတ်ပါ။

ကာမ ဆိုတာကို ဒီနေရာမှာ
မသင့်တော်တဲ့ အလိုရမ္မက်လို့ မြင်မိပါတယ်။
ဒေါသ ကတော့ အမျက်ထွက်ခြင်း စိတ်ဆိုးခြင်းဆိုတဲ့
မေတ္တာနဲ့ ဆန့်ကျင်ဘက် အရာတွေပါ။ဒီ ကာမနဲ့
ဒေါသဟာ  လူ့ဘောင်အတွက် ရန်သူလို့
သတ်မှတ်ပါဆိုပြီး ညွှန်းဆိုထားပါတယ်။

ထပ်မံပြီး ဟိန္ဒူ  ဓမ္မကို အနက်ဖွင့်တဲ့
အတွေးအခေါ်ပညာရှင် ဒေါက်တာ ရာဓါကရစ္စနာ
ပြောထားတာလေးကို မျှဝေပါ့မယ်။

" တက္က (ကြောင်းကျိုး) နဲ့
မေတ္တာက ဟိန္ဒူဓမ္မရဲ့ ထူးခြားမှုပဲ။
ဟိန္ဒူ ဓမ္မက ဘယ်ဘာသာ ဓမ္မ
(အယူဝါဒ)ကိုမှ မကဲ့ရဲ့ပါဘူး ။
အမှန်တရားကို သင်ကြား
ပေးတယ်။ "
…………………………………
………………………………

(၄)

" ထေရဝါဒ ဗုဒ္ဓဘာသာနှင့် မေတ္တာ "

ထေရဝါဒ ဗုဒ္ဓဘာသာ အယူအရ
တိပိဋက _သုတ္တန်ပိဋက _ခုဒ္ဒကနိကာယ်_
ခုဒ္ဒကပါဌပါဠိတော် _(၉) ခုမြောက် မေတ္တသုတ် မှာ
မေတ္တာနဲ့ ပက်သက်ပြီး ဗုဒ္ဓ ဘုရားရှင် ဟောထားတာကို
အောက်ပါအတိုင်း မှတ်သားဖွယ် သိမြင်ရပါတယ်။

((( တစ်ယောက်က တစ်ယောက်ကို
အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အရာ၌
တစ်စုံတစ်ယောက်ကိုမျှ ခြုတ်ခြယ်ခြင်းဖြင့်လည်းကောင်း၊
ရန်လိုသော စိတ်ဖြင့်လည်းကောင်း မထေမဲ့မြင်
မပြုပါစေလင့်၊ အချင်းချင်း ဆင်းရဲမှုကို
အလိုမရှိပါစေလင့်။

မိခင်သည် ရင်၌ဖြစ်သော
တစ်ဦးတည်းသားကို အသက်ရှင်စေရန် အစဉ်
စောင့်ရှောက်ဘိသကဲ့သို့ ဤအတူပင် သတ္တဝါ
ခပ်သိမ်းတို့၌ အတိုင်းအရှည်မရှိသော
မေတ္တာစိတ်ကို ပွါးများရာ၏။  )))

မေတ္တာဆိုတာဟာ သတ္တဝါအပေါင်းရဲ့
အကျိုးစီးပွါးနဲ့ အေးချမ်းသာယာမှုကို
လိုလားတဲ့စိတ် လို့လည်း ဆိုနိုင်ပါတယ်။
မေတ္တာဘာဝနာဟာ သမထကမ္မဋ္ဌာန်း လေးဆယ်
ထဲမှာ ပါဝင်ပြီး ဈာန်လေးဆင့်အနက်
တတိယဈာန် သမာဓိအထိ ရနိုင်ပါတယ်။

………………………………
………………………………………………

(၅)

" ခရစ်ယာန် ဘာသာနှင့် မေတ္တာ "

ခရစ်ယာန် ဘာသာမှာလည်း မေတ္တာတရားနဲ့
ဆက်စပ်ပြီး လူအချင်းချင်း ချစ်ခင်မြတ်နိုးရန်
လမ်းညွှန်ချက်များကို အောက်ပါအတိုင်း
မှတ်သားဖွယ် မြင်တွေ့ရပါတယ်။

ရှင်မဿဲခရစ်ဝင် (၅:၃)
စိတ်နှလုံးနှိမ့်ချသောသူတို့သည်
မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်
နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။

ရှင်မဿဲခရစ်ဝင် (၅:၃၉)
ငါပညတ်သည်ကား၊ နှောင့်ရှက်သောသူကို
မဆီးမတားနှင့်။ သင်၏ ပါးတစ်ဘက်ကို
သူတစ်ပါးပုတ်လျှင် ပါးတစ်ဘက်ကို
လှည့်၍ပေးဦးလော့။

ရှင်မဿဲခရစ်ဝင် (၅:၄၀)
သင့်အင်္ကျီကို ယူလို၍ တရားတွေ့သောသူအား
သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှါ
အခွင့်ပေးဦးလော့။

ရှင်မဿဲခရစ်ဝင် (၅:၄၁)
အကြင်သူသည် သင့်ကို အနိုင်ပြု၍
ခရီးတစ်တိုင်သွားစေ၏။ ထိုသူနှင့်တကွ
နှစ်တိုင်သွားဦးလော့။

ရှင်မဿဲခရစ်ဝင် (၅:၉)
သူတစ်ပါးချင်း ခိုက်ရန်ပြုခြင်းကို
ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။
အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်၏
သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။

ရှင်မဿဲခရစ်ဝင် (၅:၄၄)
ငါပညတ်သည်ကား၊ သင်တို့သည်
ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏
သားဖြစ်လိုသော ငှါ၊ သင်တို့၏ရန်သူတို့ကို
ချစ်ကြလော့။ သင်တို့ကိုကျိန်ဆဲသောသူတို့အား
မေတ္တာပို့ကြလော့။ သင်တို့ကို မုန်းသောသူတို့အား
ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ရှက်
ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကို
ဆုတောင်းကြလော့။

…………………………………
……………………………………

(၆)

" အစ္စလာမ် ဘာသာနှင့် မေတ္တာ "

အစ္စလာမ် ဘာသာမှာလည်း
မေတ္တာ အခြေပြုပြီး ကုသိုလ်အရေး တိုက်တွန်း
ထားတာကို အောက်ပါအတိုင်း မှတ်သားဖွယ် 
မြင်တွေ့ရပါတယ်။

(ကုအာန်ရ် - ၂:၂၁၅)

" (အို-နဗီတမန်တော်)
အချို့သောသူများသည် (ကုသိုလ်အကျိုးငှာ)
မည်သည့်အရာဝတ္ထုကို (မည်သည့်နေရာ၌)လှူဒါန်း
ပေးကမ်း သုံးစွဲကြရပါမည်နည်းဟု အသင့်ကိုမေးမြန်း
ကြရာ အသင်သည် (ယင်းသူတို့အား) အသင်တို့သည်
(မိမိတို့နှစ် သက်ရာကို) ပေးကမ်းလှူဒါန်း
နိုင်ကြပေသည်။

သို့ရာတွင် မိဘ နှစ်ပါးတို့အဖို့လည်းကောင်း၊
ဆွေမျိုးနီးစပ်သောသူတို့ အဖို့ လည်းကောင်း၊
ဖသက်ဆိုးတို့အဖို့လည်းကောင်း၊ သူဆင်း ရဲတို့
အဖို့လည်းကောင်း၊ ခရီးသည်အာဂန္တု (များ)အဖို့၎င်း
(သုံးစွဲ လှူဒါန်းခြင်းသည် ပိုမိုသင့်မြတ်လှပေသည်)။

အမှန်စင်စစ် အသင်တို့သည်
မည်သည့်ကောင်းမှုကုသိုလ်မျိုးကိုမဆိုပြုလုပ်
ကြပါမူ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည်
ထိုပြုလုပ်သမျှ သော ကောင်းမှုကုသိုလ်တို့ကို
ကောင်းစွာသိရှိတော်မူသော အရှင်
ဖြစ်တော်မူသည် ဟု ဖြေကြားပါလေ။  "

………………………………
………………………………

(၇)

" ဘဟာအီ သာသနာနှင့် မေတ္တာ "

ဘာသာတရား အသစ်လို့လည်း
ခေါ်ဆိုနိုင်တဲ့ ဘဟာအီ သာသနာမှာလည်း
မေတ္တာ နဲ့ ပက်သက်ပြီး  (ဘဟာအွလ္လာဘုရားရှင်)
က တိကျစွါ မိန့်မှာထားတာကို အောက်ပါအတိုင်း
မှတ်သားဖွယ်  မြင်တွေ့ရပါတယ်။

" ထာဝရ ဘုရားရှင်၏ ဘာသာ
သာသနာအပေါ် ယုံကြည်မှု၏ အဓိက အစဉ်
ရှင်သန်စေသော ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်
တစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှု တိုးမြှင့်စေရေး
အကျိုးဖြစ်ထွန်းမှုကို ကာကွယ်ရန်နှင့် လူသားများ
အတွင်း ချစ်ခြင်း မေတ္တာစိတ်ဓါတ် တိုးပွါး
ဖွံ့ဖြိုးလာစေရန် ဖြစ်သည်။

သဘောထားကွဲလွဲမှု l အထင်အမြင်လွဲမှားမှု l
အမုန်းတရားနှင့်  ရန်ငြိုးထားမှု စသည့် အကြောင်း
အရာ တစုံတရာ ခံစားဖြစ်ပေါ်စေရန်
မဟုတ် "

                          (ဘဟာအွလ္လာဘုရားရှင်)
…………………………………
…………………………………

အထက်ပါအတိုင်း ဘာသာတရားများရဲ့
ကျမ်းဂန်အထောက်အထားတွေအရ
မေတ္တာကို ပုံစံမျိုးစုံ အနက်သဘောမျိုးစုံနဲ့
လမ်းညွှန်ထားကြတာကို ထင်ရှားစွါ
မြင်တွေ့နိုင်ပါတယ်။

ဒါကို ထောက်ဆခြင်းအားဖြင့်
မေတ္တာ (သို့) ချစ်ခြင်း l ချစ်ခင်မြတ်နိုးခြင်းဟာ
လူသားအားလုံးနဲ့ လက်တွေ့ကျကျ ပက်သက်
ဆက်နွယ်နေသလို လူသားတို့  ကိုးကွယ်ရာ
ဘာသာအသီးသီး မှာလည်း အဓိကကျတဲ့
အခန်းကဏ္ဍ ကနေ ပက်သက်
ဆက်နွယ်နေပါတယ်။

(၈)

မေတ္တာအကြောင်း စကားဆက်လို့
လူသားထဲက လူသားတစ်ဦးဖြစ်တဲ့ အဆိုတော် l
ပန်းချီဆရာl တေးရေးဆရာ ဦးခင်ဝမ်းက
ကျွန်တော့်ဆရာကိုမြတ်မင်းကို ပြောခဲ့တဲ့
စကားလေး မျှဝေရရင် __

" မြတ်မင်းရေ လူအများစုက ကိုယ့်သားသမီး
ကိုယ့်အမျိုးl ကိုယ်နဲ့ပက်သက်မှ ချစ်ခင်စိတ်
ဖြစ်တတ်ကြတယ်။အမှန်က ကိုယ့်သားသမီးအရွယ် l
ကိုယ့်အမေအရွယ် l ကိုယ့်ညီအရွယ်တွေနဲ့
ကြုံတဲ့အခါမှာ ကိုယ့်သားသမီးလို l မိဘလို l
ညီအကိုလို မေတ္တာစိတ် ထားနိုင်ရင်
အကောင်းဆုံးပဲကွ။ "  ဟူ၍ဖြစ်၏။

ဘယ်လောက်ချစ်ရာကောင်းတဲ့
စကားလေးလဲဗျာ။ သူ့စကားမှာ လူမျိုးစွဲ l
ဘာသာစွဲ l အယူဝါဒစွဲ စတဲ့  ဘာအစွဲမှ မပါဝင်ဘဲ
လူသားဝါဒ တစ်ခုတည်းနဲ့ ပြောထား
တာလေးပါ။

ကျွန်တော်မြင်မိတာလေးကတော့
ကျွန်တော်တို့ လူမှုဆက်ဆံရေးနယ်ပယ်မှာ
အဓိကလိုအပ်နေတာကလည်း အထက်မှာ
ဦးခင်ဝမ်း ပြောထားသလို လူသားဝါဒ အခြေပြုတဲ့
မေတ္တာစိတ်လေးတွေပါပဲ။

ဘာသာအယူဝါဒ ခွဲပြီး အစွဲအခြေပြု
မေတ္တာမထားနိုင် သူတွေ အနေနဲ့ကလည်း
ကိုယ့်ဘာသာရဲ့ကျမ်းဂန်ပါ မေတ္တာနဲ့ ပက်သက်တာ
လေးတွေကို သေချာလေ့လာလိုက်ရင် မေတ္တာ
လမ်းညွှန်ချက်မှာ ဘာသာအယူခွဲခြားမှု မရှိကြောင်း
ထင်ရှားတာကို မြင်တွေ့နိုင်ပါတယ်။

(၉)

" မေတ္တာရဲ့ ရေသောက်မြစ် "

မေတ္တာရဲ့ ရေသောက်မြစ်ဟာ အပြုံးပါပဲ။

အပြုံးဟာ လူသားနဲ့ ကမ္ဘာလောကအတွက်
ကန္တာရ အလယ်က အိုအေစစ်လေးပမာ 
အလွန်တရာကိုလိုအပ်တဲ့  အရာတစါခုလို့
မြင်မိပါတယ်။အပြုံးဟာ သူ့နဂို သဘာဝအရ
အလွန် သန့်စင်တဲ့ စိတ်နှလုံးကနေ
ပေါက်ဖွားလာတာပါ။

ဒီသန့်စင်တဲ့ အပြုံးကို ဖြည့်စွက်ပြီး
သူ့ကို လူတွေရဲ့ ခံစားချက်တွေ ပေါင်းထည့်
လိုက်တဲ့အခါမှာတော့ မူလ သန့်စင်တဲ့ အပြုံးဟာ
အပြုံးတု l မချိပြုံး l မခို့တရို့ အပြုံး l
မဲ့ပြုံး အစရှိသဖြင့် အမည်တွင်
လာတာပါ။

အပြုံးဟာ လူသားမျိုးနွယ်တွေအတွက် 
အသိဥာဏ်ရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး လူသားဟာ
အဓိပ္ပါယ်ရှိရှိ စတင် ပြုံးတတ်လာဖို့  ဆင့်ကဲတိုးတက်မှု
ဖြစ်စဉ်များစွါကို ဖြတ်သန်းခဲ့ရတယ်လို့
ယူဆမိပါတယ်။

လူသားဟာ ဒီပြုံးတတ်လာခြင်းက အစပြုလို့
အမည်မဖော် ဖြစ်သေးတဲ့ မေတ္တာတရားကိုလည်း
ကျကျနန ခံစား ပြု မူ တတ်လာဟန်ရှိပါတယ်။

လူသားတွေ ချစ်ခင် ပျော်ရွှင်စိတ် များများ
ဖြစ်တည်တဲ့ နေရာမှာ အပြုံးကို အလွယ်တကူ
ရှာဖွေတွေ့ရှိနိုင်ပြီး လူသားတွေ စိတ်ဆိုး အမျက်
ထွက်မှု များများဖြစ်တည်တဲ့ နေရာမှာတော့
အပြုံးဟာ ရွှေထက်ကို ရှားပါး
လွန်းပါတယ်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီး
အေးချမ်းပျော်ရွှင်ပြီး မေတ္တာ ဆိုတဲ့ ချစ်ခင်
ကြင်နာခြင်းတွေ ဖြစ်တည်ဖို့ရာမှာ
" မေတ္တာရဲ့ ရေသောက်မြစ် " ဖြစ်တဲ့
အပြုံးတွေ လှိုင်လှိုင်ပွင့်ဖို့ လိုအပ်တာမို့
စာရှုသူမှလည်း ဒီစာကို ဖတ်ရှုပြီ်း ပြုံးဖို့များ
မေ့နေရင် တစ်ခါလောက်တော့ စိတ်လိုလက်ရ
ပြုံးလိုက်ပါလို့ အကြံပြုပြောကြားရင်း
" မေတ္တာ ဆိုသည်မှာ " စာစုကို
နိဂုံးချုပ်လိုက်ပါတယ်။

                            မောင်သုခ
                          (3- Aug -2019)

ကိုးကား >>>

တိပိဋက (ပိဋကတ်တော်)

ကုရ်အာန် (မြန်မာပြန်)

သမ္မာကျမ်းစာ (မြန်မာပြန်)

ဘဟာအီ သာသနာ (PF)

ဟိန္ဒူဝါဒ မိတ်ဆက် -
မင်းမောင်(ဒဿနိက)