Saturday, September 28, 2019

လက်တစ်စုံက လွတ်မြောက်ရာ

▇ " လက်တစ်စုံက လွတ်မြောက်ရာ  " ▇

_________
မောင်သုခ
▒▒▒▒▒▒▒▒▒

လက်သီးကို
ဂင်္ဂါမြစ်ထဲ ထိုးသွင်းရင်
ဘာမှ ရမှာ မဟုတ်ဘူး။

လက်ခုပ်ကို ဂင်္ဂါမြစ်ထဲ
နှစ်လိုက်ရင်တော့  မြင့်မြတ်တဲ့
ဂင်္ဂါရေဟာ သင့် နှုတ်ခမ်းဝ
အထိ ရောက်လာနိုင်တယ်။
                                       
                                  [ကရိသျှဏဘုရား]

(၁)

" ကရိသျှဏ ရဲ့ လက်ဆောင် "
▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒

ဟိန္ဒူ ဘာသာရဲ့ အထင်ကရ  ဘုရားမြတ်
တစ်ဆူ ဖြစ်တဲ့  ကရိသျှဏ ဘုရားရှင်ဟာ
ဒီ စကားလေးကို ကျွန်တော်တို့
လူသားတွေအတွက် လက်ဆောင်
အဖြစ် ထားရစ်ခဲ့တယ်။

" လက်သီးကို
ဂင်္ဂါမြစ်ထဲ ထိုးသွင်းရင်
ဘာမှ ရမှာ မဟုတ်ဘူး။

လက်ခုပ်ကို ဂင်္ဂါမြစ်ထဲ
နှစ်လိုက်ရင်တော့  မြင့်မြတ်တဲ့
ဂင်္ဂါရေဟာ သင့် နှုတ်ခမ်းဝ
အထိ ရောက်လာနိုင်တယ်။ "
လို့ ဆိုလေရဲ့။

(၂)

ကျွန်တော်တို့ဟာ
လက်သီးလိုမျိုး မောက်မာကြသူ
တွေလား။ လက်ခုပ်(လက်ဝါး) လိုမျိုး
ပေးဆပ်ကြသူတွေလား တွေးစရာပဲ။
                                       
တကယ်တော့ လူသား အများစုဟာ
လက်သီးကိုယ်စီ ကိုင်ဆုပ်ထားကြတဲ့
သူတွေရယ်ပါ။

ကျွန်တော်တို့ လက်သီးလိုလူတွေနဲ့
လက်ဝါးလို လူတွေအကြောင်း ပြောကြ
ရအောင်။နောက်ဆုံးမှာတော့ လက်တစ်စုံက
လွတ်မြောက်ရာ အကြောင်းနဲ့ အဆုံးသတ်
ပါမယ်။

(၃)

" လက်သီးလိုလူ "
▒▒▒▒▒▒▒▒▒▒▒▒

လက်သီးလိုလူ နဲ့ လက်ဝါးလိုလူ
ဆိုတာ ဘယ်လိုလူတွေလဲလို့ ဝေခွဲရ
ခက်နေရင် ဒီနည်းနဲ့ လွယ်လွယ်ကူကူ
ခွဲခြားနိုင်ပါတယ်။

လက်သီးဆိုတာမျိုးက လက်ငါးချောင်းကို
တင်းတင်း ဆုပ်ကိုင်မှသာ ဖြစ်တည်တဲ့
အရာမျိုးပါ။ကျွန်တော်တို့ လူတွေကြားမှာ
အတ္တ l မာန်မာန l ဒေါသ l မောဟ နဲ့ အယူ
အဆမှားယွင်းမှု အစရှိတဲ့ ငါးမျိုးသော
အရာတွေကို တင်းတင်းကိုင်ဆုပ်ထား
ကြသူတွေဟာ လက်သီးဆုပ်ထားတဲ့
လူတွေ ဖြစ်တယ်။

(၄)

" မကောင်းမှု အချင်းချင်း ကျေးဇူးပြု ပုံ "
    ▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒

ဒီငါးမျိုးသော အရာတွေဟာ
မကောင်းမှု တစ်ခုချင်းကနေ တစ်ခြားသော
ကျန်နေတဲ့ လေးမျိုးအပေါ် အပြန်အလှန်
ကျေးဇူးပြု ပြီး တစ်ပေါင်းတစ်စည်းတည်း
ဖြစ်စေ တတ်သေးရဲ့။

နားရှုပ်စရာ မရှိပေမယ့်
ထပ် ရှင်းအောင် ဥပမာပြုရရင်
အတ္တကြီးတဲ့ သူတစ်ယောက်ဟာ
မာန်မာနl ဒေါသ l မောဟ l အယူအဆ
မှားယွင်းမှုတွေ တစ်ပေါင်းတည်း ဖြစ်ပေါ်
လာတတ်သလိုပဲ  မာန်မာနကြီးတဲ့သူ l ဒေါသ
ကြီးတဲ့သူ l မောဟကြီးတဲ့သူ l အယူအဆ
မှားယွင်းသူတွေဟာလည်း တစ်ခြားသော
ကျန်လေးမျိုးသော အရာတွေဟာ သူ့ဆီမှာ
တစ်ပေါင်း တစ်စည်းတည်း ထင်ရှား
ဖြစ်ပေါ် တတ်စေတယ်။

(၅)

" မကောင်းမှု သည် အထိန်းအကွပ်မဲ့တတ် "
    ▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒

လက်သီးလို လူတွေဟာ လောကမှာ
သင့်တော်တာရော မသင့်တော်တာရော
လိုချင်တပ်မက် တတ်ကြတယ်။

လိုချင်တဲ့ အရာ ရဖို့အတွက်ကိုလည်း
မတရားသော နည်းတွေ l အကြမ်းဖက်
မှုတွေ l ယုတ်မာ ကောက်ကျစ်မှုတွေကို
အသုံးပြု တတ်တယ်။

ထစ်ခနဲရှိ ဒေါသတကြီး ပြောဆို
လုပ်ကိုင် တတ်ကြသလို အကောင်း အဆိုး
မခွဲခြားနိုင်ဘဲ အယူအဆ အထင်အမြင်တွေ
ဟာ အမှန် တရားနဲ့ ဆန့်ကျင်ဘက်တွေ
ဆီကိုပဲ ယူဆ ထင်မြင် တတ်ကြတယ်။

ဘယ်သူတွေ ဘာလုပ်လုပ်
အဆိုးမြင် တတ်လေ့ရှိတယ်။

(၆)

အနှစ်ချုပ်ရရင်တော့ လူ့လောကမှာ
လက်သီးလိုလူတွေဟာ ဖျက်ဆီးသူ l
ရမ်းကားသူ l လူဆိုး လူမိုက်တွေ
ဖြစ်တာကြောင့် လက်သီးလိုလူမျိုး မဖြစ်ချင်ရင်
အတ္တမကြီးနဲ့။ မာန်မာန မကြီးနဲ့။ဒေါသမကြီးနဲ့။
မောဟ မကြီးနဲ့။ အယူအဆ မမှားယွင်းစေနဲ့။
အဲသလို ကြိုးစားသင့်တယ်။

လက်သီးလို
လူတွေအကြောင်းပြီးတော့
လက်ဝါးလို လူတွေအကြောင်း
ဆက်ရအောင်။

(၇)

" လက်ဝါးလို လူ "
▒▒▒▒▒▒▒▒▒▒

လက်ဝါးလို လူတစ်ယောက် ဖြစ်ဖို့
မလွယ်ဘူး။ ဘာ့ကြောင့်ဆို လူမှန်ရင်
တင်းတင်း ဆုပ်ကိုင်လေ့ ရှိတတ်ကြတဲ့
ငါးမျိုး ငါပါးသော အတ္တ l မာန်မာန l ဒေါသ l
မောဟ နဲ့ အယူ အဆမှားယွင်းမှု တွေကို
ဖြေလျှော့ ဖြန့်ချပြီး စွန့်ပစ်လိုက်နိုင်ဖို့
ခက်တာကြောင့်ပဲ။

အပြုသဘောဆောင်တဲ့ ရှုထောင့်အရ
လူတစ်ယောက် လက်ဝါးဖြန့်လိုက်တာဟာ
တစ်စုံ တစ်ခုကို စွန့်လွှတ် လှူ ဒါန်း
ခြင်းလည်း ဖြစ်တယ်။ပေးဆပ်ခြင်း
လည်း ဖြစ်တယ်။ကူညီခြင်းလည်း
ဖြစ်တယ်။

(၈)

" ကောင်းမှု အချင်းချင်း ကျေးဇူးပြု တတ်"
    ▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒

အတ္တ l မာန်မာန l ဒေါသ l မောဟ နဲ့ အယူ
အဆမှားယွင်းမှု တွေကို ပပျောက်လျှော့
နည်းအောင် ကြိုးစားတဲ့နေရာမှာလည်း
အချင်းချင်း ကျေးဇူးပြုတတ်တဲ့ သဘော
တရားလေးတွေ ရှိတယ်။

အကြောင်းကတော့ အတ္တနည်းပါးအောင်
ကြိုးစားကျင့်ကြံနေတဲ့ သူအတွက် မာန်မာနl
ဒေါသ l မောဟ နဲ့ အယူအဆ မှားယွင်း
မှုတွေဟာလည်း တစ်စ တစ်စ နည်းပါး
လာတတ်တာကြောင့်ပဲ။

အလားတူပဲ ဒီ ငါးမျိုးထဲက တစ်စုံ
တစ်ခုသော အရာကို လျှော့နည်း ပပျောက်
အောင် ကြိုးစားခြင်းဟာ ကျန်လေးပါးသော
အရာတွေကိုပါ လျှော့နည်းစေတတ်တဲ့
သဘောသဘာဝ ရှိတတ်လေရဲ့။

(၉)

လက်ဝါးလို လူတွေဟာ ကျွန်တော်တို့
လူ့လောကမှာ အများ အကျိုးအတွက်
ပေးဆပ်သူ သက်သက်တွေ ဖြစ်တယ်။

သံသရာက မလွတ်မြောက်နိုင်
သရွေ့ကတော့  လူတစ်ယောက်
ဖြစ်လာပြီဆိုရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်
လက်ဝါးလိုလူမျိုး ဖြစ်အောင် အတတ်
နိုင်ဆုံး ကြိုးစားသင့်တယ်။

(၁၀)

" ဘုရားရှင်ဟောကြားသော
   လက်ဆုပ်  နှင့်  လက်ဖဝါး "
▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒

မြတ်စွာဘုရားရှင်ဟာ တိပိဋက -
သုတ္တန်ပိဋက - သတ္တိသုတ်မှာ
မေတ္တာ တရားရဲ့ အကျိုးကြီးပုံကို
ဟောကြားတော်မူတဲ့အခါ လက်ဖဝါး
နဲ့ လက်ဆုပ် အကြောင်း မှတ်သား
စရာအနေနဲ့ အောက်ပါအတိုင်း
ပါဝင်တယ်။

ရဟန်းတို့  အသွားထက်သော
လှံသည် ရှိ၏၊ ထိုအခါ၌ ယောက်ျားသည်
”ဤအသွားထက်သော လှံကို လက်ဖဝါး
ဖြင့်သော်လည်းကောင်း၊ လက်ဆုပ်ဖြင့်သော်
လည်းကောင်း ငါဆုပ်ညှစ်အံ့ l ငါပုတ်ခတ်အံ့၊
အပြန်အလှန် ပုတ်ခတ်အံ့”ဟု
ဆို၍ လာ၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့
မှတ်ထင်ကုန်သနည်း၊ ထိုယောက်ျားသည်
ဤအသွားထက်သော လှံကို လက်ဖဝါးဖြင့်ဖြစ်စေ၊
လက်ဆုပ်ဖြင့်ဖြစ်စေ ဆုပ်ညှစ်ခြင်းငှါလည်းကောင်း၊
ပုတ်ခတ်ခြင်းငှါလည်းကောင်း၊ အပြန်အလှန်
ပုတ်ခတ်ခြင်းငှါလည်းကောင်း ထိုက်မည်လောဟု
(မေးတော်မူ၏)။

(၁၁)

အသျှင်ဘုရား
ဤသို့ပုတ်ခတ်ခြင်းငှါ  မထိုက်ပါ။

ထိုသို့ မထိုက်ခြင်းသည်
အဘယ်ကြောင့် နည်းဟူမူ –

အသျှင် ဘုရား ဤထက်သော
လှံသွားသည်ကား လက်ဝါးဖြင့်ဖြစ်စေ၊
လက်ဆုပ် ဖြင့်ဖြစ်စေ (အဖျား၌) ဆုပ်ညှစ်
ခြင်းငှါလည်းကောင်း၊  (အလယ်၌) ပုတ်ခတ်
ခြင်းငှါလည်းကောင်း၊ အပြန် အလှန် ပုတ်ခတ်
ခြင်းငှါလည်းကောင်း မလွယ်ကူပါ၊

ထိုယောက်ျားသည် အလွန်လျှင်
ကိုယ်ပင်ပန်းခြင်း စိတ်ပင်ပန်းခြင်း ဖြစ်ရာ
သောကြောင့်ပါ တည်းဟု ပြန်လည်
လျှောက်ထားကြတယ်။

(၁၂)

" လက်တစ်စုံက လွတ်မြောက်ရာ "
  ▒▒▒▒▒▒▒▒▒▒▒▒▒▒▒▒

ကျွန်တော်တို့ဟာ လက်ဖဝါးလို
လူပီသတဲ့ လူသားတစ်ယောက်ဖြစ်အောင်
ကြိုးစားသင့် တာကတော့ အမှန်ပဲ။

ဒါပေမယ့်လည်း လက်ဖဝါးလို လူဖြစ်ရုံနဲ့
ကတော့ သံသရာကနေ မလွတ်မြောက်
နိုင်သေးဘူး။သံသရာက လွတ်မြောက်
ဖို့က မဂ် l ဖိုလ်  l နိဗ္ဗာန် ရမှသာ
ဖြစ်မယ်။

(၁၃)

ဘုရားရှင်ဟောကြားတဲ့ တရားတော်ကို
ကြည့်ရင် လက်ဝါးဖြင့်ဖြစ်စေ l လက်ဆုပ်
ဖြင့်ဖြစ်စေ အသွားထက်သော လှံကို
ပုတ်ခတ်တာဟာ ကိုယ်ပင်ပန်းခြင်း
စိတ်ပင်ပန်းခြင်း ဖြစ်စေမှာ အမှန်
မုချပဲ။အသွားထက်သောလှံဟာ
သံသရာ ခရီးနဲ့ တူတယ်။ လက်ဖဝါးနဲ့
လက်ဆုပ်ဟာ လူအမျိုးအစားတွေ
ဖြစ်တယ်။

လူဟာ သံသရာစက်ဝန်း
ကြီးနဲ့ ပတ်သက်နေသမျှ  နံရံကို
ခေါင်းနဲ့ တိုက်သလို l အသွားထက်တဲ့
လှံကို ပွတ်တိုက်ရသလို ကိုယ် စိတ်
နှလုံးကို ပင်ပန်းဆင်းရဲစေမှာ
သေချာတယ်။

(၁၄)

" လူမှန်သမျှ အဆုံးသတ် ရှိပုံ "
    ▒▒▒▒▒▒▒▒▒▒▒▒

သစ်တောဟာ သစ်ပင်တွေကို
လိုသလောက် ပျံ့ပွါး နိုင်တယ်။

မြစ် ချောင်းတွေဟာ ရေစီးကြောင်းကို
လိုသလောက် ချဲ့ထွင်နိုင်တယ်။

သဲကန္တာရဟာ သူ့မြေကို
လိုသလောက် ကျယ်ပြန့်နိုင်တယ်။

ဒါပေမယ့် အဲဒီအရာတွေ
အကုန်လုံးဟာ သေခြင်းတရား ဆိုတဲ့
ပင်လယ်ကမ်းစပ်ကို ရောက်ရင်တော့ 
ပျောက်ဆုံး သွားကြရတာ ချည်းပါပဲ။

မမြဲခြင်း l ဆင်းရဲခြင်း l အစိုးမရခြင်း
တွေဟာ လူဖြစ်လာကတည်းက
ကျွန်တော်တို့နဲ့ တစ်သားတည်း
ဖြစ်ပျက်တဲ့ အရာတွေပဲ။

(၁၅)

စာလည်း ရှည်သွားပြီ။ ဒီလိုစာမျိုးကို
တိုတို လေး ရေးဖို့ ကျွန်တော် သတ္တိ
မရှိပါဘူး။စာများသွားလို့ မရှင်းရင်
နှစ်ခေါက်လောက် ပြန်ဖတ်ကြည့်
အဆင်ပြေသွားမယ် ထင်တာပဲ။

ဒါ့ကြောင့် ကရစ်သျှဏ ဘုရားမြတ်ရဲ့
လက်ဆောင်စကားကို မြတ်ဗုဒ္ဓရဲ့
ဓမ္မ နဲ့ အနှစ်ချုပ်ရရင်တော့ လက်သီးလို
လူမဖြစ်စေဘဲ လက်ဖဝါးလို လူဖြစ်အောင်
ကြိုးစားသင့်တယ်။

ဒါ့အပြင် မြတ်သော အကျင့် အကြံတို့ရဲ့
နောက်ဆုံး ပန်းတိုင်ဖြစ်တဲ့ မဂ်- ဖိုလ်-
နိဗ္ဗာန် ရကြလို့ လက်ဖဝါးလို လူအဖြစ်ကပါ 
လွတ်မြောက်အောင် ကြိုးစားနိုင်ကြပါစေလို့
ဆန္ဒပြု ရင်း  …
…………………………………………………
……………………………………………………

                             မောင်သုခ
                            ( 29 - Sep  - 2019)

Friday, September 27, 2019

ခြင်္သေ့ နှင့် ဒေါင်း ပုံပြင်

▇ "  ခြင်္သေ့ နှင့် ဒေါင်း ပုံပြင်  " ▇

_________
မောင်သုခ
▒▒▒▒▒▒▒▒▒

(၁)

နိုင်ငံရေး အကြောင်းတွေ မပြော
ချင်ပါဘူး။ အမှန်အတိုင်းပြောရရင်
(၆၆/ဃ) ကြောက်လို့ပါ။စီးပွါးရေးပဲ
အေးအေး လုပ်ချင်တယ်။

ကြောက်ကြောက်နဲ့ပဲ
နိုင်ငံရေးနဲ့ မဆိုင်ဘူးထင်တဲ့
ပုံပြင်လေး တစ်ပုဒ် ပြောပါရစေ။

(၂)

တစ်ခါတုန်းက တောအုပ်တစ်အုပ်မှာ
ခြင်္သေ့တစ်ကောင် နဲ့ ဒေါင်းငှက်တစ်ကောင်
ဆုံကြတယ်။

ခြင်္သေ့ဟာ ဒေါင်းကို စမြင်မြင်ချင်း
ဘယ်လိုသတ္တဝါမှန်း မသိတာကြောင့်
စူးစမ်းတယ်။ဘာအစွမ်းအစများ
ရှိလေသလဲပေါ့။

(၃)

ဒေါင်းဟာ အသံစူးစူးနဲ့ တစ်ချက်
တစ်ချက် အော်လိုက်တိုင်း ခြင်္သေ့ဟာ
ထိတ်လန့်လို့နောက်ဆုတ် လေရဲ့။ဒီလိုနဲ့
ခဏကြာတော့ ခြင်္သေ့ဟာ ဒေါင်းငှက်
အနားသွားပြီး  လက်နဲ့ အသာ လှမ်း
ပုတ်ဟန် ပြုတယ်။

ဒေါင်းငှက်ကလည်း စွေ့ကနဲ
ဘေးကို ပြေးလို့ နှုတ်သီးချွန်ချွန်လေးနဲ့
ထိုးဖို့ ဟန်ပြင်လေရဲ့။ခြင်္သေ့ဟာ
ဒေါင်းငှက်ရဲ့ ချွန်ထက်နေတဲ့ နှုတ်သီး
ကိုလည်း ထိတ်လန့်သွားရဲ့။

(၄)

နောက်တော့ ခြင်္သေ့ဟာ ဒေါင်းငှက်
အနားသွားပြီး ပါးစပ်ကို ကျယ်ကျယ်ဟလို့
ကိုက်တော့မယ့်ပုံ ပြုပြန်တယ်။

ဒေါင်းငှက်ကလည်း လေပေါ်ကို
အမြင့်ကြီး ပျံဝဲတက်ပြီး သူ့ရဲ့ခြေထောက်
နှစ်ချောင်းနဲ့  တိုက်ခိုက်ဖို့ ဟန်ပြင်တယ်။
ခြင်္သေ့ဟာ ဒေါင်းငှက်ရဲ့ မာကျောလှတဲ့
ခြေထောက်တွေနဲ့ လေပေါ်ပျံတက်နိုင်တဲ့
တောင်ပံတွေကိုလည်း သတိ ပြုမိ
သွားပါတယ်။

(၅)

ခြင်္သေ့ရဲ့ စူးစမ်းမှုက ဒေါင်းငှက်ရဲ့
အစွမ်းအစ အစစ်အမှန်ကို သိလိုတာပါ။
ဒါမှ သူဘာဆက်လုပ်ရမလဲ ဆုံးဖြတ်ဖို့။

ခြင်္သေ့က တစ်ဖြည်းဖြည်း နည်းမျိုးစုံ
သုံးပြီး စမ်းသပ်လိုက်တာ ဒေါင်းငှက်ရဲ့
အကြောင်းစုံနဲ့  အစွမ်းအစ ဘယ်လောက်
ရှိတယ် ဆိုတာ တော်တော်များများ
သိသွားလေရဲ့။

(၆)

ဒါပေမယ့် ခြင်္သေ့က အလျင်စလို
ဘာမှ မဆုံးဖြတ်သေးပါဘူး။ နောက်ဆုံး
အကြိမ် ဟိန်းဟောက်သံ ပြု ရင်း လက်နဲ့
ပုတ်မလို ခြိမ်းခြောက်လိုက်ပြန်တယ်။

ဒေါင်းငှက်ကလည်း သူ့ရဲ့ နောက်ဆုံး
အစွမ်းအစ ပြဖို့ ကျန်နေတဲ့ အရာကို ထုတ်ပြ
လိုက် တော့တယ်။ အဲဒါကတော့ သူ့ရဲ့
လှပလွန်းတဲ့ အမြီးကို မိုးပေါ် အစွမ်းကုန်
ဖြန့်ကားပြီး လှလှပပ ကပြ လိုက်တာပါ။

ခြင်္သေ့ဟာ စကားတစ်ခွန်းကို
ရေရွတ်ပြီး သူ့ရဲ့ စမ်းသပ်ခြင်းကို
အဆုံးသတ်လိုက်တယ်။သူပြောတာက
" အော် မင်းရဲ့ အစွမ်းအစက ဒါအကုန်ပဲကိုး"
လို့ ပြောဆို ရေရွတ်လိုက်တာပါပဲ။

(၇)

ပုံပြင်လေးရဲ့ အဆုံးသတ်မှာတော့
ဒေါင်းငှက်ဟာ ခြင်္သေ့ရဲ့ ကိုက်ခဲ သတ်ဖြတ်
ခြင်းကို ခံလိုက်ရတယ်။

အကြောင်းကတော့ ခြင်္သေ့ဟာ
ဒေါင်းငှက်ရဲ့ အစွမ်းအစ အစစ်အမှန်ကို
သိရအောင် စမ်းသပ်တဲ့ ကာလတစ်
လျှောက်လုံး ဒေါင်းငှက်ဟာ တကယ်ထိရောက်တဲ့
တုန့်ပြန်ခုခံမှု တစ်ခုမှ မလုပ်ခဲ့ဘဲ ဟန်ရေးပြနေ
တာနဲ့တင် အချိန်တွေ ဖြုန်းတီးပစ်ခဲ့တာ
ကြောင့်ပါ။

(၈)

ကျွန်တော်တို့ လက်သန်းတွေ
မင်အစွန်းခံပြီး ပြည်သူ့အစိုးရသစ်ကို
တင်မြှောက်ခဲ့ကြတယ်။ တစ်ဖြည်းဖြည်း
ပြောင်းလဲလာတဲ့ အပြောင်းအလဲကို
ကြိုဆိုပါတယ်။(အားတော့မရပါ။)

အောက်ခြေထိ ဆင်းပြီး ကြည့်စေ
စုံစမ်းစေချင်တယ်။အထက်ကသာ ဟန်ရေး
ပြပြီး ပြောင်းလဲနေတာ  အောက်ခြေမှာတော့
အရင်တိုင်းဖြစ်နေတာတွေ l အရင်ထက်ပို
ဆိုးလာတာတွေ များလှပါတယ်။

(၉)

အကြံပြုချင်တာက
တကယ်ထိထိရောက်ရောက်
ကိုင်တွယ်ရမယ့်နေရာတွေမှာတော့
ဟန်ရေး မပြစေချင်တာ အမှန်ပါ။

ပုံပြင်ထဲကလို ဟန်ရေးပြလွန်းတဲ့
ဒေါင်းငှက် ခြင်္သေ့ ရဲ့ ကိုက်သတ်တာကို
ခံရမှာ စိုးတာကြောင့်ပါပဲ။

                                   မောင်သုခ
                                 (19 - Sep - 2019)

ဝက်သား အကြောင်းပြောရအောင်

▇ " ဝက်သား အကြောင်းပြောရအောင် " ▇

_________
မောင်သုခ
▒▒▒▒▒▒▒▒▒

(၁)

ဝက်သား အကြောင်း ပြောမယ်ဆို
တရုတ်လူမျိုးတွေကို ဝက်ကောင်လုံးကင်တွေနဲ့
တွဲပြီး အရင် ပြေးမြင်ကြမှာ အမှန်ပဲ။ဝက်သား
အစ တရုတ်က လို့တောင် ပြောရမလိုပါ။

အခုချိန်ခါမှာတော့ တရုတ် နဲ့ ဝက်
ခွဲလို့ မရသလိုပဲ မြန်မာ နဲ့ ဝက်လည်း
ခွဲမရတော့ပါဘူး။စားကောင်းလွန်းလို့
တစ်ဝက်တည်း ဝက်ကုန်ကြရင်း
လူတွေလည်း ဝက်ဖြစ်လာကြပြီ
မဟုတ်လား။

(၂)

မြန်မာ့သမိုင်းမှာ ဝက်သားက
စတဲ့ ပဋိပက္ခတွေ ရှိခဲ့ဖူးတယ်။
ဘုရားရှင် နောက်ဆုံးဘုန်းပေးတော်
မူခဲ့တဲ့ ဆွမ်းထဲ ဝက်သားပါဝင်တယ်။
ဝက်သားကို နူးအောင်မချက်ရင်
ပြဿ     နာရှိတယ်။ဝက်သားနဲ့ မတဲ့တာ
တွေကို တွဲစားမိရင် အန်တတ်
သေတတ် စေတယ်။ဝက်သား
နဲ့ ပတ်သက်ပြီး တရုတ်ဒဏ္ဍာရီလာ
ပုံပြင်လေးဟာ စိတ်ဝင်စားဖို့
ကောင်းတယ်။

ကျွန်တော်တို့ ဝက်သားအကြောင်း
ပြောကြရအောင် …………

(၃)

" မြန်မာ့သမိုင်းလာ ဝက်သားပြဿ     နာ "
--------------------

ဝက်သားနဲ့ ပတ်သက်ပြီး မြန်မာ့
သမိုင်းမှာ ထင်ရှားတဲ့ အဖြစ်အပျက်
တစ်ခု ရှိပါတယ်။ဒါကို ကြည့်ရင် မြန်မာတွေ
ဝက်သားကြိုက်တာ ရှေးရှင်ဘုရင်တွေ
လက်ထက်ကတည်းကဆိုတာ သိသာ
စေနိုင်တယ်။

တရုတ်ပြေးမင်းလို့ ခေါ်ကြတဲ့
နရသီဟပတေ့မင်းမှာ  ဥဇ္ဇနာ l သီဟသူ l
ကျော်စွာ ဆိုပြီး သားသုံးယောက်ရှိလေရဲ့။

(၄)

သားသုံးယောက်ရဲ့ပွဲတော်အုပ်မှာ
သားကြီးနဲ့ သားငယ် အတွက် ဝက်လက်ကို
ထည့်ပီး သားလတ်သီဟသူရဲ့ ပွဲတော်အုပ်
ထဲမှာတော့ ဝက်ခြေထောက်ပဲ
အမြဲပါဝင်တယ်။

ဒါကို သီဟသူရဲ့ မယ်တော်သိတော့
သူကြံစည်တာက ပွဲတော်အုပ်ကို လာဘ်ထိုးပြီး
သူ့သားအတွက်အမြဲတမ်း ဝက်လက်
ဖြစ်စေသတဲ့။

(၅)

ဒါကို ဘုရင်သိတော့ မိဖုရားဖြစ်နဲ့
သားအလတ် သီဟသူကို နန်းရင်ပြင်
လူအများအလယ်မှာ ''ဝက်လက်ခိုးမ''
''ဝက်လက်ခိုးမသား'' လို့ နှိပ်ကွပ်
ခေါ်ဆို တော့တာပါပဲ။

ဝက်သားကစတဲ့ ပြဿ     နာ ပေါ့သေးသေး
မဟုတ်ပါဘူး။နောင်အခါမှာ သားဖြစ်သူ
သီဟသူဟာ တရုတ်ပြေးမင်းလို့ ခေါ်တဲ့
နရသီဟပတေ့မင်းကို အဆိပ်အပြည့်နဲ့
စားတော်ပွဲကို ပြင်ဆင်ပြီး ကျွေးတာ
မငြင်းနိုင်ဘဲ စားပြီး သေရရှာတယ်။

(၆)

" ဘုရားရှင် ပရိနိဗ္ဗာန်ပြုခါနီး ဆွမ်း၌
   ဝက်သားပါဝင် "
--------------------

ဘုရားရှင် ပရိနိဗ္ဗာန် ပြုခါနီးအခါ
ပါဝါပြည် က ရွှေပန်းထိမ်သည်သား စုန္ဒရဲ့
သရက်ဥယျာဉ်မှာ သီတင်းသုံးနေတော်
မူတယ်။

စုန္ဒဟာ ဘုရားရှင်ကို ဆွမ်းလုပ်ကျွေး
တဲ့အခါ ပါဠိစကားအသုံး ‘သူကရမဒ္ဒဝ’
လို့ ခေါ်ဆိုတဲ့ ဝက်ပျိုသား အပါအဝင်ပါ။

ဒီဆွမ်းကို နောက်ဆုံးဘုန်းပေးပြီး
ဘုရားရှင်ဟာ ပရိနိဗ္ဗာန်ပြုတော်မူတယ်။
ဒါ့အပြင် ဆွမ်းဒါယကာ စုန္ဒကိုလည်း
‘ဒါယကာစုန္ဒ သင်၏ ဆွမ်းကို နောက်ဆုံး
ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည်
ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ထို့ကြောင့် သင့်အား
လာဘ်ကောင်းပါပေစွ၊ အရတော်ပါပေစွ "
ဟု ပြောကြားရန် ရှင်အာနန္ဒာအား
မိန့်ကြားတော်မူခဲ့တယ်။

‘သူကရမဒ္ဒဝ’ ကို ဝက်နားရွက်မှို
(ဝက်သားကဲ့သို့ နူးညံသောမှို တစ်မျိုး)
လို့ ယူဆကြပြီး  အယူအဆမတူညီတာတွေ
တွေ့ရတတ်တယ်။သူကရဆိုတဲ့ ပါဠိတော်က
ဝက်သားကို ပြောတာပါ။ မဒ္ဒဝ ဆိုတာက
နူးညံ့သောလို့ အဓိပ္ပါယ်ရတယ်။

(၇)

" ဝက်သားကို နူးအောင်ချက် "
--------------------

" အသီးမှာ သရက် အသားမှာဝက်"
ဆိုသလိုပဲ ဝက်သားဟာ အသားတွေမှာ
အရသာကောင်းမွန်တဲ့ အထဲ ပါဝင်တယ်။
ဘယ်လောက်ကောင်းတဲ့ အစားအသောက်
ဖြစ်ဖြစ် တန်ဆေး လွန်ဘေးတော့
ဖြစ်တတ်တယ်။

ဝက်သား မနူးတာကို စားမိရင်
ကလေး လူကြီး တွေမှာ သန်ကောင်
ဖြစ်တတ်တာကို သတိထားသင့်တယ်။
ဝက်သားကို နူးအောင် ချက်ရပါမယ်။

(၈)

" ဝက်သားနဲ့ ကြွက်နားရွက်မှို "
--------------------

ဝက်သား အစားများရင် နှလုံးသွေးကြော
ပိတ်ဆို့မှုကိုလည်း ဖြစ်စေတတ်ပါတယ်။
ဒီအတွက်တော့ ကြွက်နားရွက်မှိုက
သင့်တော်တယ်။နှလုံးသွေးကြောထဲ
ပိတ်ဆို့နေတဲ့ အညစ်အကြေးကို
ကြွက်နားရွက်မှိုက ဖယ်ရှားပေးတယ်။

ဝက်သားကြိုက်သူတွေ l ဝက်သားကို
ခဏခဏ စားဖြစ်သူတွေဟာ ကြွက်နားရွက်မှို
ကိုလည်း မကြာမကြာ စားပေး
သင့်တယ်။

(၉)

" ဝက်သား နဲ့ မတည့်တာတွေ "
--------------------

ဒါ့အပြင် ဝက်သားကြိုက်သူတွေ
သတိပြု သင့်တာက ဝက်သားနဲ့ 
မတည့်တဲ့ ဟာတွေပါ။

(က)
ဝက်သား + ဗျိုင်းသား=  သေတတ်

(ခ)
ဝက်သား + ထန်းရည်ချို = သေတတ်

(ဂ)
ဝက်သား + ကြာရိုးကြာစွယ်= သေတတ်

(ဃ)
ဝက်သား+ ဒေါင်းသား = ဝမ်းလျှော

(င)
ဝက်သား + ပေရည်ပေသီး= ဝမ်းလျှော

(၁၀)

ဝက်သားဟာ ဘယ်လိုပဲ ရောဂါပိုး
ရှိတယ်ပြောပြော ဝက်သားတုတ်ထိုး
ကြိုက်တဲ့သူ  လက်ညှိုးထောင်ဆိုရင်
ကိုယ့်လက်ညှိုး အရင် မိုးပေါ် ရောက်
နေမလား တွေးမိတယ်။

ဝက်သား အစ တရုတ်ကလို့ ပြောထား
တာကြောင့် တရုတ်တွေ ဝက်သား
စားတာနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီလာ
ပုံပြင် ဇာတ်လမ်းလေးတစ်ပုဒ်ကို
မျှဝေပါရစေ။

(၁၁)

" တရုတ်တွေ ဝက်ကင်စားခြင်း အကြောင်း "

ရှေးအခါက တရုတ်ပြည်မှာ ဝက်သတ္တဝါကို
အလေးအမြတ်ပြု စရာအဖြစ် ကိုးကွယ်
ပူဇော်ခဲ့ကြတယ်။

ဝက်သတ္တဝါကို သတ်ဖြတ်ရင် ဆွေစဉ်
မျိုးဆက် သေဒဏ်ပေးတဲ့ အလေ့ရှိခဲ့ဖူးရဲ့။
ဝက်ဟာ အဆီတစ်ထပ် အသားတစ်ထပ်
ဝဖြိုးလာတာနဲ့အမျှ စီးပွါးဥစ္စာ ချမ်းသာ
ကြွယ်ဝမှု တိုးတက်လာတယ်လို့
ယုံကြည်ကြလေရဲ့။

(၁၂)

ငွေကြေးချမ်းသာကြွယ်ဝသူတွေကတော့
ဝက်အရှင်ကို ခြံနဲ့မွေးထားပြီး အလေးအနက်
ထားလို့ ဝဖြိုးအောင် ကျွေးမွေးစောင့်ရှောက်
ကြတယ်။ ငွေကြေးချို့တဲ့သူတွေကတော့
ဝက်အရှင် မတတ်နိုင်လို့ ကြွေဝက်ရုပ် l
ရွှံ့ဝက်ရုပ်လေးတွေကိုပဲ နံ့သာတိုင်
ထွန်းလို့ ကိုးကွယ်ပူဇော်ကြတယ်။

တစ်ခါတော့ သူဋ္ဌေးအိမ်က
ဆယ်နှစ်အရွယ် ကလေးတစ်ယောက်ဟာ
မီးကို ဆော့ ကစားရင်း  အိမ်ပါ မီးလောင်လို့
တစ်ဆက် တည်း ဝက်ခြံရော ဝက်ပါ မီး
လောင်ကျွမ်းပြီး ဝက်ဟာ ကင်ထားသလို
ဖြစ်သွားတော့တယ်။

(၁၃)

ကလေးဟာ နီရဲနေတဲ့ ဝက်ခေါက်ကို
လက်နဲ့ သွားတို့ကြည့်တယ်။လက်ပူ
သွားလို့ ယောင်ပြီး ပါစပ်ထဲ လက်ကို
ထည့်လိုက်မိရာက ဝက်သားကင်ရဲ့
အရသာထူးကို သိသွားလေရဲ့။
ဒီတော့ကာ ဝက်ကင်ရဲ့ အသားကို
စိမ်ပြေနပြေ ထိုင်စားတော့တယ်။

ကလေးရဲ့ မိဘတွေ ရောက်လာတဲ့အခါ
သားဖြစ်သူ သဲကြီးမဲကြီး စားနေတဲ့
အရာကို အတော်ပဲ စိတ်ဝင်စားသွားတယ်။
ဒါနဲ့ပဲ ဘာလဲလို့ မြည်းကြည့်ရာကနေ
ဝက်ကင်ရဲ့ အရသာကို သူတို့လည်း
အတော်ပဲ ကြိုက်နှစ်သက်
သွားကြလေရဲ့။

(၁၄)

ဒီလိုနဲ့ ဆွေမျိုးတွေဆီ ဝက်ကင်ကို
ဝေရင်း မျှရင်း ဝက်ကင်ဟာ နေပြည်တော်
မှာ နာမည်ကြီးသွားတော့တယ်။ ဝက်
ဘုရားကြီးကိုလည်း တမင်သတ်တာ
မဟုတ်ဘဲ သူ့ဟာသူ ခြံထဲ မီးလောင်
သေတာ အပြစ်မရှိဘူးလို့ ယူဆကြရင်း
မီးရှို့လိုက် ဝက်ကင်စားလိုက် လုပ်
လိုက်ကြတာ နေပြည်တော်မှာ တစ်နေ့
တစ်နေ့ အိမ်ခြေလေးငါးဆယ်လောက်
မီးလောင်တော့လေရဲ့။

ရှင်ဘုရင်လည်း ဒီသတင်းကို
ကြားတဲ့အခါ ဝက်ကင်စားချင်လို့ မီးရှို့
ကြကြောင်း စုံစမ်းသိရှိသွားတယ်။လူယုံ
တွေဆီကတစ်ဆင့် ဝက်သားကင်ကို
ရှင်ဘုရင် ကိုယ်တိုင် စားမိရာက
ဘုရင်လည်း ဝက်သားစွဲပြီး မီးလောင်မှု
တွေဟာ နန်းတွင်းထဲမှာပါ ဖြစ်ပွါး
တော့တယ်။

(၁၅)

နန်းတွင်း ပညာရှိတွေလည်း ဒီကိစ္စ
ကို သိသွားတဲ့အခါ တစ်ပြည်လုံး
မီးလောင်ပြင်ဖြစ်တော့မယ့် အရေးမို့
ရှင်ဘုရင်နဲ့ တိုင်ပင်ကြပြီး သကာလ…

" ဝက်ကို သတ်ရင် ဆွေစဉ်မျိုးဆက်
    သေဒဏ် အစား "

" ဝက်ကို သတ်ပြီး စားသောက်လျှင်
   အပြစ်မရှိ။

ကင်လိုက ကင် l ပြုတ်လိုက ပြုတ် l
ကြော်လိုက ကြော် l ပေါင်းလိုက ပေါင်း
ကြိုက်သလိုသာ စားကြတော့လို့
စားသောက်ခွင့်ပြုလိုက်တယ်။ "

အဲဒီ့အချိန်ကစပြီး တရုတ်လူမျိုးတွေဟာ
ဝက်ကို အမျိုးမျိုး အရသာထူးကဲအောင်
ကင်တဲ့နည်းတွေကို ရှာကြံ စားသောက်
လာလိုက်တာ ဒီကနေ့အထိပဲ
ဆိုပါတော့။

                                    မောင်သုခ
                                 (20 - Sep -2019)

ကိုးကား - တရုတ် ဒဏ္ဍာရီ ပုံပြင်(၁၀၀)