" စလေဦးပုည အချုပ်တန်းဆရာဖေနှင့် မင်းတုန်းမင်း "
________
မောင်သုခ
___________
[၁]
မင်းတုန်းမင်းလက်ထက်သည်
ဘာသာရေး l သာသနာရေးကို အလွန်အမင်း
အလေးထား ချီးမြှောက်သော လက်ထက်ဟု
ဆိုက မှားမည်မထင် ။ ထိုသို့ ဘာသာ သာသနာကို
အစွမ်းကုန် ချီးမြှောက်သော မင်းတုန်းမင်းတွင်
ရွှေတိုက်စာရင်းဝင် မိဖုရားပေါင်း (၅၃) ဦးရှိပြီး
လက်လီစိတ်သော မောင်းမပောင်းမည်မျှရှိသည်ကိုလည်း
ခန့်မှန်း၍ မရနိုင်လောက်ပေ။
အကြမ်းဖျင်း သိရသည်မှာ
ထင်ရှားသော မိဖုရား (၄၅) l သားတော် (၅၅) l
သမီးတော် (၅၃) )သားတော် သမီးတော်
နှစ်ရပ်ပေါင်း (၁၀၈) ယောက်ရှိသည်ဟု
ဆိုသည်။
[၂]
မင်းတုန်းမင်းသည် ပဉ္စမသင်္ဂါယနာတင်ခြင်းကို
အထောက်အပံ့ပြုသည့် ဘုရင်ဖြစ်ပြီး
ဘာသာ သာသနာကို အစွမ်းကုန်
ချီးမြှောက်သလောက် မယားတွေ သားတွေ
ပေါများသလောက် တိုင်းရေးပြည်းရေးတွင်ကား
အလွန်ရှော်လှသူဟု စာရေးသူယူဆပါသည်။
အကြောင်းမှာတော့ မြန်မာပြည်တခြမ်းကို
အင်္ဂလိပ်က သိမ်းပိုက်ထားသည်ကိုလည်း
ခမျာ ရင်ကြားစေ့ရေးမူဝါဒ လက်ကိုင်ထားပြီး
ဖားယား ပေါင်းသင်းရရှာ၏။ထိုသို့ အင်္ဂလိပ်ကို
ရင်ကြားစေ့ဖားယားပြီး အောက်ကျနောက်ကျ
ဘုရားလိုကိုးကွယ် ပေါင်းသင်းခဲ့သော အကျိုးဆက်အဖြစ်
ဘမျိုးဘိုးတူ သားတော် ငပေါမင်းလက်ထက်တွင်
အဲ အဲ " သီပေါမင်း " လက်ထက်တွင်
အင်္ဂလိပ်က မြန်မာတပြည်လုံးကို
သေနတ်တချက်မှ မဖောက်ဘဲ
သိမ်းလိုက်လေတော့၏။
(စာကြွင်း - ထို့ကြောင့် စာရေးသူသည်
ရင်ကြားစေ့ရေး မူဝါဒ ဆိုသည့်အပေါ်
အတိုင်းအတာ တခုထက်ကျော်လာပါက
အယုံအကြည် စိုးစဉ်းမျှ မရှိပါဟု ပြောလိုသည်။)
ဒီလို အောက်ကျနောက်ကျနဲ့
အင်္ဂလိပ်ကို ချော့မော့ မပေါင်းသင်းရင်လည်း
သူ့ကို ထီးနန်းဖြုတ်ချပြီး မြန်မာတပြည်လုံးကို
အင်္ဂလိပ်က သိမ်းပစ်လိုက်မှာ
အတော်ကြောက်လန့်ရှာသည့် သဘောပင်။
အင်္ဂလိပ်ဆီက မြန်မာပြည်ကို ပြန်လည်
သိမ်းပိုက်ဖို့ဆိုတာတော့ မင်းတုန်းမင်းကြီးတယောက်
စိတ်ကူးထဲမပြောနှင့် အိပ်မက်ထဲပင် ထည့်ခဲ့ပုံမပေါ်။
အင်္ဂလိပ်ကို မင်းတုန်းမင်းဖင်တုန်အောင် ကြောက်တဲ့
သက်သေကတော့ မြန်မာနိုင်ငံကို အိန္ဒိယ
ဘုရင်ခံချုပ်လာလည်တဲ့အခါ ရှင်ဘုရင်တွေကို
ကြိုဆိုသလို ထီးဖြူမိုးပြီး ကြိုရမယ်ဆိုလို့
ထီးဖြူမိုး ကြိုဆိုခဲ့တဲ့အပြင် အချုပ်တန်းဆရာဖေနဲ့
ယင်းတော်မလေးကို ရန်ကုန်မှာ ကြိုဆိုဖျော်ဖြေဖို့
မင်းမိန့်နဲ့ စေလွှတ်ပေးခဲ့လေရဲ့ ။
မင်းတုန်းမင်းသည် အင်္ဂလိပ်အပေါ်၌
အဖားပက်စက်သောနေရာတွင် ဧတဒဂ်ပေးထိုက်သော
ဘုရင်ဟု ဆိုက မှားမည်မထင်။
[၃]
နောက်တလကြာတော့ ထီးဖြူသိပ်ကြိုက်တဲ့
ဘုရင်ခံချုပ်လည်း ‘ပို့ဘလဲ’ ဆိပ်ကမ်းမြို့ အကျဉ်းစခန်း
တခုကို စစ်ဆေးနေတုန်း အကျဉ်းသားတဦးရဲ့လက်ချက်နဲ့
ထီးဖြူဆောင်းကြီး ပျံလွန်တော်မူလေတယ်။
ဆရာဖေက အဲဒီ့အခါမှာ တပြည်လုံးကျော်တဲ့
တေးထပ်တပုဒ်နဲ့ သေသွားတဲ့ဘုရင်ခံချုပ်ကို
“ ပိတ်ရှာပြီ ဇီဝိ l ဘုန်းမတန့် ဘုန်းတန့်ကြံတယ်၊
ဆုံးရုပ်နမ် သွားပေါ့ ဝီဇိ၊ မင်းတုတု ခွေးသေ သေ …”
ဆိုပြီး မေတ္တာစာချိုးလိုက်တော့လေတယ်။ ။
ဆရာဖေရဲ့ တေးထပ်က လူတကာ
ပါးစပ်ဖျားကနေတဆင့်
ဇာတ်ကတဲ့ ဇာတ်ပွဲတွေမှာပါ ပါလာတော့
မြန်မာနိုင်ငံကို မတရား သိမ်းပိုက်ထားတဲ့
အင်္ဂလိပ်တွေဟာ ငယ်နိုင်ဖြစ်တဲ့
မင်းတုန်းမင်းဆီ သံတမန်စေလွှတ်ပြီး
အချုပ်တန်းဆရာဖေကို အရေးယူပေးဖို့
တောင်းဆိုတယ်။
[၄]
"မင်းတုန်းမင်းကြီးကလဲ သိပ်သတ္တိကောင်းတဲ့
ရှင်ဘုရင်မဟုတ်လား …??? ဒါမျိုးတော့
ဘယ်လက်ခံပါ့မလဲ …ကိုယ့်နိုင်ငံသားကို
ဘယ်အထိခံပါ့မလဲ … ဒီတော့ကာ
ခပ်မြန်မြန်ပဲ သူ့ပလ္လင်ကာကွယ်ဖို့အရေး
မိဖုရားတွေနဲ့ ရတက်အေးစေဖို့ အချုပ်တန်းဆရာဖေကို
ဖမ်းဆီးပြီး ချုပ်နှောင်ပစ်လိုက်လေရဲ့ ။
" သွားလေရော့ ငမိုက်သား … ငါဘုရင်တောင်
အင်္ဂလိပ်ကို လေကျယ်ကျယ် မလည်ရဲဘူး …
ဒင်းက တေးထပ်ပါ ချိုးလေရဲ့ " ဆိုပြီး
တွေးလေမလားပဲ ။အဲဒီ့အချိန်မှာ မင်းတုန်းမင်းရဲ့
အိပ်ဆောင်သာ ဝင်ကြည့်သူရှိရင် အင်္ဂလိပ်ကြောက်
ရောဂါနဲ့ ငါတို့ ရှင်ဘုရင်ခမျာ ဒူးတဆတ်ဆတ်
တုန်နေရှာမယ်လို့ စာရေးသူ
တွေးမိလေရဲ့။
ဘုရင်ခေတ်မှာ စာရေးရတာ လွယ်တာမှတ်လို့။
ကုတ်ပေါ်ဓါးမိုးခံပြီး စာရေးရသူတွေဆို
မှန်လောက်ပါမယ်။တိုင်းတပါးသားက
မဟုတ်တာ မတော်တာလုပ်လို့ရေးတာတောင်
ကိုယ့်ဘုရင်က ဖမ်းဆီး အချုပ်ချတဲ့
သမိုင်းတွင်ခဲ့တဲ့ အဖြစ်။
အချုပ်တန်းဆရာဖေ ဆိုတာက
ုမြင်းကွန်း၊ မြင်းခုန်တိုင် အရေးအခင်းမှာ
မက္ခရာမင်းသား က မင်းတုန်းမင်းကိုကယ်တင်တဲ့အခါ
နောက်ပါးက လိုက်ပါခဲ့တဲ့သူပါ။
ကနောင်မင်းသားကြီး နတ်ရွာစံတာ မကျေနပ်လို့
ကနောင်မင်းရဲ့သားတော် ပတိမ်းစား
သူပုန်ထတဲ့အခါမှာလည်း ညောင်ရမ်းမင်းသားနဲ့အတူ
ပါဝင်တိုက်ခိုက်ခဲ့တယ်။
ဒါ့ကြောင့် " ဦးပုညနဲ့ အချုပ်တန်းဆရာဖေ "
စာပေတိုက်ပွဲဖြစ်တာဟာ သိပ်ထူးထူးဆန်းဆန်းတော့
မဟုတ်ပါဘူး။ ဦးပုညဟာ မသင့်တော်ရင် ဘုရင်ပါမချန်
တေးထပ်တဲ့သူ။ ဆရာဖေကတော့ မင်းတုန်းမင်းကို
အင်မတန်ကြည်ညိုတဲ့သူ။ ဒီလိုနှစ်ယောက်ရဲ့
စာပေတိုက်ပွဲဟာ အလွန်အနှစ်သာရရှိရှိ ပေါ်ထွက်ခဲ့တာ
မြန်မာစာပေအတွက်တော့ အကျိုးကြီးလှပါတယ်။
[၅]
ဗိုလ်ချုပ်အောင်ဆန်းလို အာဇာနည်မျိုး
ထိုခေတ်ထိုအခါကသာ မွေးဖွားခဲ့ရင်
မြန်မာပြည် သူ့ကျွန်ဘဝ ရောက်ဖို့ ခဲယဉ်းမှာ
အမှန်ပါပဲ။
နိုင်ငံတကာအမြင်ရှိပြီး အမျှော်အမြင်ကြီးလို့
အစွမ်းအစ ရှိလှတဲ့ ကနောင်မင်းသားလို
တိုင်းပြည်ခေါင်းဆောင် ခမျာလည်း မင်းတုန်းမင်းရဲ့
သားတော်များက လုပ်ကြံအကြမ်းဖက်လိုက်ကြတယ်။
သူ့သားတော်တွေက
အသုံးမကျတဲ့ ဖခင်ဘုရင်ကိုပါ ဆက်လက်သတ်ဖြတ်ဖို့
ကြိုးစားတဲ့အခါ တင်ပါးနှင့် ဖနောင့် တသားတည်း
အလား မင်းတုန်းမင်း အပြေးကောင်း၍သာ
စောစောစီးစီး နတ်ပြည်သို့ မကြွနိုင်ခြင်းဖြစ်၏။
မိန်းမဆိုတာ ရသလောက် ယူတိုင်းလည်း မကောင်း
မယားများခြင်း၏ ပြဿနာသည် သေးသေးမွှားမွှားတော့
မဟုတ်ကြောင်း သမိုင်းကသင်ခန်းစာ ပေးလျက်
ရှိပေတော့သည်။ဒါတင်ပဲလား ဆိုတော့
မဟုတ်သေး ။
[၆]
မင်းတုန်းမင်း၏ မိဖုရားတွေထဲမှ အချို့
ကာမမှောက်မှား အကျင့်ဖောက်ပြားသည့် သတင်းသည်
တိုင်းကျော် ပြည်ကျော် ဟိုးလေးတကျော်ကျော်ရှိလှရာ
စလေဦးပုညက ပဒုမပြဇာတ်တွင်
" ဆိပ်ရည်ပေါက်ပေါက် တောမြွေဟောက်ထက်
လန့်ကြောက်ကောင်းစွါ l ကိလေသာနှင့် တဏှာကြီးလှ l
အသစ်မြင်လျှင် လင်ကိုသတ်၍ l ကြံတတ်လှ။
မိန်းမတို့ပင် မှတ်ရမည်။
မြွေ၏လျှာနှင့် ဖွတ်လျှာသဏ္ဍာန်
တလင်နှင့်မျှ အားမရ နှစ်ခွကြံ
ဖောက်ပြန်မြဲသာ မှတ်ရမည်။
မြတ်သည် ယုတ်သည် l သည်နှစ်လီ l
အရှည်မငဲ့ l အတောက်ကြီးဟဲ့ l မီးပုံ ကဲ့သို့ l
ထည့်သမျှပြောင် အကုန်ဟပ်၍ l ပုံမှတ်ဆောင်
ကျွမ်းလောင်စမြဲ ဖြစ်ချေသည် " ဟု
စပ်ဆို သတိပေးရသည် အထိပင် ။
ဤရွေ့ဤမျှ ရှုပ်ထွေးပွေလီလှသော
မြန်မာမင်းတို့ ဘဝနေမှုပါတကား ။
[၇]
မင်းတုန်းမင်းလက်ထက် ဘာသာ သာသနာကို
ချီးမြှောက်သလောက် ရဟန်းဆိုးများလည်း
အပုံအပင်။ စစ်ကိုင်း ချောင်ကိုးချောင်မှ ရဟန်းအချို့
မတော်မလျော်နေသောကြောင့် စလေဦးပုညက
ဝိဇယပြဇာတ်တွင် " ဖန်ဝတ်လွင် စိတ်ပုတီးနှင့်
ခင်ကြီးတွေ ချိုးထောင်တဲ့ l ကိုးချောင်ကို
ဝင်လိုက်မယ် " ဟူ၍ စပ်ဆိုကာ
သရော်ခဲ့လေ၏။ သင်္ကန်းအရှိန်ကြောင့် ဒုဿီ လ
ရဟန်းများအား အရေးယူဖို့ ခက်ခဲပုံကို
" ထိုသူယုတ်၌ အမြတ်ခေါင်ထွတ် သင်္ကန်းမြတ်ကို
ဝတ်လျက်ရှိပချေသည်။ ဘုရားလှိုဏ်ခေါင်း
အောင်း၍ မာန်သွေး l ဟောင်သည့် ခွေးကဲ့သို့ l
အရေးပြုငှာ ခွင့်မသာ " ဟု ဆဒ္ဒန်ဆင်မင်း
ဝတ္ထုတွင် ရေးသား ထောက်ပြခဲ့သည်။
ယခုခေတ် သင်္ကန်းတကားကားနှင့်
လက်သီးလက်မောင်းတန်းနေကြသော
ရဟန်းဆိုးများ သတိပြုဖွယ်ပင် ။
ဘာသာ သာသနာထွန်းကားလှသော
မင်းတုန်းမင်းခေတ်တွင် ဗေဒင်ယတြာအလွန် ယုံကြည်
ကြ၍ ဘာသာရေးကို ခုတုံးလုပ်သော သာဓက
တရပ်လည်း အောက်ပါအတိုင်း
ရှိခဲ့လေသည်။
[၈]
တနေ့တွင် ဦးကြံဘက်အမည်ရှိသူတဦးသည်
ကျွန်းသား ရုပ်ပွါးတော်တဆူကို ရွှေသင်္ကန်းကပ်၏။
ရွှေသင်္ကန်းကို အောက်နားမကပ်ဘဲ နဖူးသင်းကျစ်ကိုမှ
ကပ်လိုသည်။ရုပ်ပွါးတော်က ဥာဏ်တော်မြင့်ပြီး
ကြီးသဖြင့် နဖူးမှီအောင် ထိုရုပ်ပွါးတော်အပေါ်
ခွတက်တော့၏။ထိုသို့ ကိုးယို့ကားယား ဆွဲရင်း
တက်ရင်း နားရွက်တော်ကို ချော်နင်းမိရာ ရုပ်ပွါးတော်
နားရွက်ပဲ့လေတော့သည်။ ထိုအကြောင်းကို စလေဦးပုည
မြင်သိလေသော်
" တကာ ကြံဘက် ငါ့နားရွက်ကို
နင်းတက် ချိုးသွား ရွှေတပြား နှင့်
ငါကား မကျေ ကြံဘက်ရေ
နားရွက်ယူခဲ့  ရွှေခွါလှဲ့ " ဟူ၍
ရုပ်ပွါးတော် အနီး တရားခံကို ရေးသား
ထားလိုက်လေတော့သည်။ ဦးကြံဘက်သည်
ရုပ်ပွါးတော်နားရွက်ပဲ့အား လူမသိသူမသိ
ဖွက်ယူပြီး ထိုအနီးအနား၌ လွှင့်ပစ်ဟန်ရှိလေ၏။
ဦးပုည ရေးသားပုံမှာ ဘုရားရှင်နားရွက်တော်
ရှာမတွေ့သေးသည့် သဘောဖြစ်ပေ၏။
(အချို့သော ဆရာများမှ
ဦးကြံဘက်အား ဦးပုည၏ ဦးလေးဟု ရေးသားသည်ကို
တွေ့ရသည်။ စာရေးသူတော့ မဟုတ်ဟု ထင်မိလေ၏။)
[၉]
ဦးပုညသည် ကနောင်မင်းသားကြီး
တိမ်းပါးရသော မြင်းကွန်း မြင်းခုံတိုင် တို့၏
နန်းတွင်းလုပ်ကြံမှု၌ အခါတော်ပေးဖြစ်သည်ဟု
ဆို၏။
မြင်းကွန်း မြင်းခုံတိုင်တို့က လည်ပင်းကို
ဓါးမိုး၍ ခြိမ်းခြောက်ခိုင်းစေရာ စာပေသမား ဦးပုည
မထိတ်သာ မလန့်သာ အကြောက်လွန်၍ အခါကို
လွှဲပေးခဲ့ကြောင်း အစဉ်အဆက်ပြောကြသည်။
မည်သို့ပင် ဖြစ်စေ ဦးပုည
အခါပေးသည် ဆိုသည့် ထွက်ချက်သည် မြင်းကွန်း
ြုမင်းခုံတိုင်တို့ စစ်ဆေးချက်မှ စကားဖြစ်သောကြောင့်
စာရေးသူတော့ မသင်္ကာလှ။မယားများလှသော
မင်းတုန်းမင်း၏ ရာဇပရိယာယ်ကို လျှော့တွက်၍တော့
မရပေ။
[၁၀]
ဦးပုညသည် မင်းတုန်းမင်းနှင့် ကနောင်မင်းသားကြီး
စိတ်ခုတော်မူကြစဉ်အခါကပင် ပြန်လည်
သင့်မြတ်ကြစေရန် " ရေသည်ပြဇာတ် " ကို
ရေးသားပြီး ဘုရင်ထံဆက်သွင်းခဲ့သည့်
တိုင်းရေးပြည်ရေး အမြင်ကျယ်လှသော
စာပေသမားဖြစ်၏။
စိတ်ခုတော်မူရခြင်းမှာ မင်းတုန်းမင်းသည်
သားတော် မလွန်မင်းသားကို အိမ်ရှေ့ပေးရန်
ကြံစည်တော် မူသည်ကို ကနောင်မင်းသားကြီး
ရိပ်မိသောကြောင့် စိတ်ခုတော်မူ၏။ထိုမှနေ၍
တစ တစ နန်းတော်သို့ အဝင်အထွက်နည်းလာပြီး
နောက်ဆုံးတွင် နားကိုက်သည်ဟု အကြောင်းပြကာ
ကာလအတန်ကြာ နန်းတော် ဝင်မလာတော့ပေ။
ဤအရေးတွင် စကြာဒေဝီမိဖုရားခေါင်ကြီးလည်း
ဝိုင်းဝန်းစေ့စပ်သောကြောင့် ညီတော်နောင်တော်နှစ်ဦး
ပြန်လည်သင့်မြတ်လေ၏။
(ဤရေသည်ပြဇာတ်နှင့် ပက်သက်၍ ကွဲလွဲချက်
တချို့မှာ ရေသည်ပြဇာတ်အား ကနောင်မင်းသားကြီးက
နောင်တော်အား တောင်းပန်လိုသောကြောင့် ဦးပုညအား
ရေးခိုင်းသည်ဟု တချို့ဆိုကြ၏။ မှော်ဘီဆရာသိန်းကြီး
မှတ်သားချက်နှင့် တချို့ကတော့ အိမ်ရှေ့မင်းနတ်ရွာစံပြီးမှ
မက္ခရာမင်းသားကို အိမ်ရှေ့စံပေးရန်ရွယ်၍ မင်းတုန်းမင်းက
ရေးခိုင်းသည်ဟု ဆိုကြသည်။
စာရေးသူကတော့
ဦးပုညသည် မင်းတုန်းမင်းနှင့် ကနောင်မင်းသားကြီး
စိတ်ခုတော်မူနေကြပြီး တိုင်းရေးပြည်ရေး
စိတ်မအေးနိုင်သောကြောင့် ပြန်လည်
သင့်မြတ်ကြစေရန် မည်သူ့တိုက်တွန်းချက်မှ
မပါဘဲ " ရေသည်ပြဇာတ်" ကို
ကိုယ်တိုင်ရေးသား ဆက်သွင်းသည်ဟု
ထင်မြင်ယူဆပါသည်။ )
[၁၁]
ဤသို့ မြန်မာတို့၏ရှိတ်စပီးယား တဖြစ်လည်း
ဦးပုည၏ နောက်ဆုံးခရီးကား ဆို့နင့်ဖွယ်ရာပင်။
တိုင်းသိပြည်သိ ကြည်ညိုလေးစားကြသော
စာပေပညာရှင်ကြီးကို ဖမ်းဆီးရမိပြီး သတ်ခဲ့သည်မှာ
သာမာန်မြို့ဝန်အဆင့်သာရှိသည့် ဦးသာအိုး
ဆိုသူဖြစ်လေ၏။
ကုန်းဘောင်မင်းဆက်များ၌ မြင်းကွန်းမင်းသားများအား
အခါပေးသည့် ဗေဒင်ဆရာစာရင်းတွင် ဦးပုည
မပါကြောင်း ဆိုကြ၏။ ထိုကဲ့သို့ ခိုင်လုံသော
သက်သေ မရှိသဖြင့်လည်း ရုံးတင်တရားစွဲဆိုမှု
မပြုနိုင်သောကြောင့် သတ်ပစ်ဟန်ရှိသည်။
သာမာန် ဗေဒင်မေးသည်ကို
ပြန်ဖြေရုံလောက်ဖြင့် ယခုကဲ့သို့ သေဒဏ်မထိုက်
သင့်ကြောင်းလည်း သုံးသပ်ကြသည်။ ဖမ်းစဉ်က
မင်းမိန့်နှင့် ဖမ်းထားသူ တရားခံအား သာမာန်
မြို့ဝန်တဦးက သတ်ပစ်လိုက်သည်ဆိုရာ၌
အလွန်တရာ ဆင်ခြင်သုံးသပ်ဖွယ်
ကောင်းပေတော့သည်။ဘုရင်၏ ပယောဂ
လုံးဝမပါဝင်ပါဟု ဆိုရန် ဆိုရေးခက်လှ
ချေတော့၏။
မည်သို့ပင် ဆိုစေကာမူ
မြန်မာ့စာပေပညာရှင်ကြီးတဦးမှာတော့
မင်းတုန်းမင်း စကားလို ပြောရလျှင်ဖြင့်
" လူကို ခွေးသတ်လို့ သေရှာလေပြီ "တကား …
……………………………………………
………………………………………………
…………………………………………………
မောင်သုခ
[23 - Nov - 2017 ]
No comments:
Post a Comment