" တရားရုံး ဦးတိုက်လျှောက်ပါ "
_______
မောင်သုခ
__________
[၁]
မောင်ရဲဆိုသည်မှာ မြိုင်သာယာရွာသား
ငယ်မွေးခြံပေါက်တဦး ဖြစ်၏။ငယ်စဉ်ကတည်းက
ဆိုးလှသွမ်းလှသောကြောင့် တရွာလုံး အော့ကြောလန်။
တရွာလုံးတင် ဟုတ်ရိုးလား ။ အမိ အဖ အမျိုးများမှပါမကျန်
မောင်ရဲ အမည်ကြားသည်နှင့် မျက်စိမျက်နှာ ပျက်သူကပျက်။
နှာခေါင်းရှုံ့သူက ရှုံ့ ။
မောင်ရဲ၏ အဖွားဖြစ်သူ
ဖွားစိန်ကတော့ မောင်ရဲကို အချစ်ဆုံး။
မောင်ရဲ အသံကြားသည်နှင့် မျက်နှာတွေ့တာနှင့်
" ထွီ " ဟူ၍ အသံမြည်ကာ တွံတွေးကို
မာန်ပါပါ ထွေးရင်း ပြောကြားသည်မှာ …
" အမျိုးဖျက်မယ့်ကောင် … ခွေးသူတောင်းစား…
အရက်သောက် … ဖဲရိုက် … ကြက်တိုက် …
သူများနှမ လိုက်နှိုက်… ဆေးချ …
မဟုတ်တာ အကုန်လုပ်ပြီး ငါတို့အမျိုးကို
ဒင်းလက်ထက်မှာ ခွေးဇာတ်သွင်း နေတာ…
သွား … ငါ့မျက်စေ့ရှိ မလာနဲ့ … "
ဟု မြည်တွန်တောက်တီးပြီး သကာလ
မောင်းထုတ်တတ်လေ၏။
[၂]
မောင်ရဲ ကလည်း မောင်ရဲပင်ဖြစ်၏။
အရက်သောက်စရာ ဖဲရိုက်စရာ မရှိလျှင်
အဖွားဖြစ်သူ ဖွားစိန်၏ ထမီပါမချန်။
ရွာဦးက တရုတ် အတီး၏ အပေါင်ဆိုင်ပို့ကာ
ငွေရပြီးရော မြင်မြင်ရာ မချန်
အလစ်သုတ်တတ်သူဖြစ်၏။
မောင်ရဲ တယောက် အလွယ်ရသည့်
ဖွားစိန်၏ ထမီများ တထည်ပြီး တထည် ယူယူ ပေါင်ရင်း
ဖွားစိန်တွင် ထမီဝတ်စရာ မရှိတော့။
ဖွားစိန်တယောက်
လဲစရာ ပြုစရာ လိုလာသောအခါ တိုင်း
မမြင်မစမ်းနှင့်သူ့ထမီများ ခြံအတွင်း အိမ်အတွင်း
ဟိုဟိုဒီဒီ ရှာရင်း တရားခံမောင်ရဲမှန်း အတတ်သိသဖြင့်
ပါးစပ်မှလည်း ပုဂံဘုရားကျိန်စာများပါမချန်
စုံအောင် စေ့အောင် ကျိန်ဆဲလေတော့၏။
ထို့ကြောင့် မောင်ရဲအား လူတကာမုန်းခြင်းသည်
သူ့ အမျိုးများနှင့် ရွာသူ ရွာသားများမလွန်။
ပေါက်ကရ ထင်ရာလုပ်တတ်သော
မောင်ရဲသာ အလွန်ဖြစ်ပေတော့သည်။
[၃]
မောင်ရဲသည် တရွာလုံးနှင့် မတည့်သော်လည်း
ရွာသူကြီး ဖိုးစီ၏သား ဖိုးစစ် နှင့်တော့
ပလဲနံပ အလွန်သင့်လေ၏။အလွန်တည့်လေ၏။
တည့်တာလည်း မပြောလေနှင့် တကြိပ်တည်း
တဥာဏ်တည်း။တမူးတည်း မူးနေကြသော
သောက်ဖော် သောက်ဖက် နှစ်ယောက်။
ခိုးဖော် ခိုးဖက်နှစ်ယောက်။
ဖိုးစစ်က မောင်ရဲကို အလွန်ခင်သည်။
သူကြီး ဖိုးစီ မှာ အသက်အတော်ထောက်ပြီဖြစ်ရာ
သူကြီးသေလျှင် သူကြီးရာထူးကို သားဖြစ်သူ
ဖိုးစစ်မှ ရအောင်ယူမည်။ ပြီးက သူကြီး၏
အတိုင်ပင်ခံတဖြစ်လည်း ရွာလူကြီး နေရာအား
မောင်ရဲအား ပေးမည်ဟု သူကြီးသား ဖိုးစစ်
တယောက် အကြံကြီးကြံထားလေ၏။
သူတို့နှစ်ယောက် စိတ်တူကိုယ်တူဖြင့်
မြိုင်သာယာ ရွာကြီးအား တိုးတက်သထက်
တိုးတက်အောင် အမေရိကန် နီဗါးဒါး ပြည်နယ်၏
အထင်ရှားဆုံး မြို့တမြို့ဖြစ်သော
Les Vegas ကဲ့သို့ဖြစ်အောင် ပြုလုပ်မည်ဟု
အရက်မူးတိုင်း ကြွေးကြော်လေ့
ရှိလေသည်။
Les Vegas မြို့သည် မြန်မာလိုဆိုက
အလောင်ကစား ညပွဲလမ်းသဘင်နှင့်
ဖျော်ဖြေမှုများတွင် ကမ္ဘာ၌ နာမည်ကြီးသော
မြို့တမြို့ဖြစ်သောကြောင့် မောင်ရဲနှင့် ဖိုးစစ်တို့
ပါးစပ်ဖျားက မချသည်မှာ သိပ်တော့ မထူးဆန်းလှ။
တရွာလုံးကတော့ Les Vegas အသံကြားမိတိုင်း
သောက်ရင်း စားရင်း ဒီနှစ်ကောင်တော့
ဂေါက်သွားပြီဟု ကိုယ်စီ ကိုယ်စီ
တွေးရင်း ခွေးဟောင်သော အသံအလား
အထူးအထွေ ဂရုမစိုက်ကြ။ ရိုးနေပြီ
မဟုတ်လား ။
[၄]
ကံကလည်း သူခိုးအားပေး ။
လူယုတ်မာ မျက်နှာလိုက် ဆိုသလိုပင်။
နေ့ချင်း ညချင်း သူကြီး ဖိုးစီ
သေလေတော့၏။
ရွာသူ ရွာသားတို့ကလည်း သူကြီးဆိုတာ
ဘာမှန်းမသိ ဘာလုပ်ရမှန်းနားမလည်။
ကိုယ်လုပ်မှ ကိုယ်စားရတာ နားအေးရင် ပြီးရော။
သူကြီးသားဖြစ်သော ဖိုးစစ်ကိုသာ ရွာသူကြီး
တင်လိုက်ကြလေ၏။ဖိုးစစ်ကလည်း ချက်ချင်းပင်
သူ၏ အတိုင်ပင်ခံအဖြစ် မောင်ရဲကို ရပ်သိ ရွာသိ
ကြေငြာလိုက်ပြီး ရွာလူကြီး ခန့်လိုက်လေတော့၏။
မောင်ရဲကလည်း ချက်ချင်းလက်ငင်းပင်
သူတပည့် အရက်သမားနှစ်ယောက်ဖြစ်သော
" ဆိုးပေ နှင့် ဖိုးတေ " တို့အား ရွာအကျိုးဆောင်များ
အဖြစ်အသီးသီး အဆင့်ဆင့်
နေရာပေးလိုက်လေတော့သည်။
ရွာသူ ရွာသားများလည်း ဘာမသိ ညာမသိ။
ဒီသူကောင့်သားများ ရာထူးတွေ အသီးသီးခန့်ကြပြီး
ရွာကို ဘာလုပ်ကြမလဲ နားမလည်နိုင်ကြလေရာ
အေးအေးချမ်းချမ်း နေလိုကြသူတို့ ထုံးစံအတိုင်း
ထူးထူးထွေထွေ မပြောဘဲ လုပ်ချင်ရာသာ
လုပ်ကြပါစေ သဘောနှင့် လွှတ်ထားလိုက်ပြီး
အစည်းအဝေးပြီးသည်နှင့် ကိုယ့်စားဝတ်နေရေး
အပူနှင့် ကိုယ် အသီးသီး အိမ်ပြန်ခဲ့ကြလေတော့သည်။
ုမြိုင်သာယာ ရွာကြီးလည်း အေးအေးလူလူ
ရှိနေရာမှ Les Vegas ကဲ့သို့ နေ့ချင်း ညချင်း
ဖြစ်လာလေမလားဟု ရွာရှိ ကာလသားများမှလည်း
မျှော်လင့်တကြီး စောင့်ဆိုင်းနေကြတော့၏။
[၅]
မောင်ရဲနှင့် ဖိုးစစ် လက်သံပြောင်လှပေသည်။
ရွာတွင်နေ့ချင်း ညချင်းပင်
(၂၄) နာရီ အရက်ဆိုင်များ
(၂၄) နာရီ လောင်းကစားရုံများ
(၂၄) နာရီ ကာရာအိုကေ ဆိုင်များ
အသီးသီး ပေါ်လာလေတော့သတည်း ။
ရွာမှ ကာလသားများတင် မက
ကလေးများပါ မကျန် တနေရာမဟုတ် တနေရာတွင်တော့
သူ့နေရာနှင့်သူ ရှိနေကြသည့် အပြင် အနီးတဝိုက်
ရွာများမှလည်း တသုတ်ပြီး တသုတ် မြိုင်သာယာ
ရွာသို့ ရောက်လာကြလေတော့၏။
မြိုင်သာယာရွာသည် တသက်နှင့် တကိုယ်
ယခုလောက် လူစည်ကားသည်ကို ဘယ်သူမှ
မကြုံဖူး။ မမြင်ဖူး။ အံ့အားသင့်ကြလေ၏။
တချို့ကာလသားများက မောင်ရဲ နှင့် ဖိုးစစ်ကို
ဘုရင့်နောင် အနော်ရထာ ကျန်စစ်သားတို့နှင့်
ခိုင်းနှိုင်းပြီး ချီးကျူးထောမနာပြုကြကုန်သည်။
မောင်ရဲ နှင့် ဖိုးစစ်တို့တွင်
ဘုရင့်နောင် အနော်ရထာ ကျန်စစ်သားတို့နှင့်
တစက်မှ မတူသည်ကတော့ ဒီနှစ်ကောင်သည်
နေ့နေ့ ညည မူးရူးနေကြခြင်းပင်ဖြစ်၏။
လစ်ရင် လစ်သလို ခိုးတတ် ဝှက်တတ်ခြင်းပင်
ဖြစ်သည်။
[၆]
သူကြီး ဖိုးစစ် နေအိမ်တွင် ဖြစ်၏။
အရေးပေါ် မောင်း ကြီးကို ရွာသားမျာမှ
တဒူဒူ ထုကြလေရာ ရွာအစည်းအဝေးပွဲကြီး
စတင်ပြီ ဖြစ်လေတော့သည်။
ရွာသူရွာသားများမှာ နေ့နေ့ ညည
တရွာလုံး အလောင်းကစားဝိုင်း
ကြက်ဝိုင်း ဂျင်ဝိုင်းများမှ ထွက်သည့်
လော်စပီကာအသံဒဏ်ကြောင့်လည်းကောင်း
ကာရာအိုကေ အသံစုံ ဗလံစုံ များကြောင့်လည်းကောင်း
အချိန်ကြာတော့ မခံမရပ်နိုင်ဖြစ်လာလေပြီ။
ရွာဦးကျောင်းဆရာတော်လည်း
သူရွတ်ဖတ်နေကြ လော်စပီအသံထက် အဆတရာ
ဆိုးသော မောင်ရဲနှင့် ဖိုးစစ်တို့လုပ်ထားသည့်
အသံစုံ ဗလံစုံများကို အရှုံးပေးလက်မြှောက်ကာ
မခံနိုင်တော့သည့်အဆုံး
ခေါင်းကိုက်သည့်ဒဏ်ကြောင့်
မြို့ကို တက်ပြေးကာ ဆေးကုသရလေတော့၏။
မခံနိုင် ရှိမလား ကြည့်လေ ။
ကြက်နှစ်ကောင် ခွပ်တာတောင် လော်စပီကာ
ကြေငြာသံက ကမ္ဘာပျက်သည့်နှယ် အုန်း အုန်း
ထနေတော့သည်။
[၇]
ရွာတွင်လည်း တရွာလုံး အလောင်းကစားသမား
အရက်သမား ဖြစ်ကြလေပြီ။ အိမ်တို့တွင် ရှိရှိသမျှသော
ရွှေတို ရွှေစ အပြင် တိုလီမိုလီ ပစ္စည်းများလည်း ရွာဦးမှ
တရုတ် အတီး၏ အပေါင်ဆိုင်သို့ ရောက်ကုန်ပြီ။
ရွာမှ အရွယ်နည်းနည်း ရောက်လာသော
ကလေးသူငယ်များမှလည်း မောင်ရဲနှင့် ဖိုးစစ်ကို
အားကျလာကြပြီး ခြေရာနင်းကြကုန်၏။
အရက်တစ တစ သောက်၏။တစ တစ ခိုးလာ၏။
လောင်းကစားလာ၏။
မောင်ရဲ၏ တပည့်နှစ်ယောက်ဖြစ်သော
ဆိုးပေနှင့် ဖိုးတေ တို့ကလည်း လက်သံပြောင်၏။
ရွာမှ အပျိုလေးများကို နှိုက်၏ ဆွဲကြိုးရှိက
ဆွဲကြိုးဖြတ်၏။ လု၏ ယက်၏။မခံနိုင်၍
အော်လေက သတ်မည် ဖြတ်မည် ခြိမ်းခြောက်ကာ
မိုက်ရိုင်း စုတ်ပဲ့စွါ ဆဲဆို ကြိမ်းမောင်းလေသည်။
ကြာတော့ ရွာသူ ရွာသားများ မခံနိုင်တော့
သူကြီး ဖိုးစစ်ကို တင်ပြကြ၏။ ရွာလူကြီး မောင်ရဲကို
ပြောပြကြ၏။ ယခု ပြဿနာကို အမြန်ဆုံးဖြေရှင်းပေးပါရန်
အသီးသီးပြောကြလေ၏။
[၈]
သူကြီး ဖိုးစစ်လည်း ရွာသူရွာသားတို့အား
ယခုပြဿနာသည် ဥပဒေလမ်းကြောင်းအရ
မိမိ အရေးပိုင်သော အမှုအခင်းများ အကြောင်းကိစ္စများ
မဟုတ် ။ ရွာလူကြီး မောင်ရဲ၏ တာဝန်ဖြစ်သည်ဟု
ပြောလေသည်။ထို့ကြောင့် ရွာလူကြီး မောင်ရဲအား
ပြဿနာများကို ဖြေရှင်းရန် လွှဲအပ်လိုက်လေ၏။
အနှီ ပြဿနာကြီးအား
မောင်ရဲ ဖြေရှင်းတော့ပေမည်။
မောင်ရဲကလည်း ".ရွာသူ ရွာသားတို့၏
အခက်အခဲများကို နားလည်ပါကြောင်း
မိမိတို့သည် မြိုင်သာယာရွာကြီးအား
အမေရိကန် နီဗါးဒါး ပြည်နယ်၏
အထင်ရှားဆုံး မြို့တမြို့ဖြစ်သော
Les Vegas ကဲ့သို့ဖြစ်အောင် ပြုလုပ်နေသော
စီမံကိန်းကာလအတွင်း တရားဥပဒေကိုလည်း
လေးစားလိုက်နာကြရမည်ဖြစ်ကြောင်း
ယခုဖြစ်စဉ်များသည် မောင်ရဲ အရေးပိုင်သော
ပြစ်မှုများ မဟုတ်ကြောင်း တရားရုံးကိုသာ
ဦးတိုက်လျှောက်ထားရမည့် အမှုများ ဖြစ်ကြောင်း"
ရွာသူ ရွာသားများကို ဥပဒေအကိုးအကား
များ တသီချည်းရွတ်ကာ ကျကျနနကြီး
ပြောကြားလိုက်လေတော့သည်။
[၉]
မြိုင်သာယာ ရွာသူ ရွာသားတို့မှာလည်း
မျက်စိလေး ကလယ် ကလယ်ဖြင့်
ပါးစပ်အဟောင်းသား ဖြစ်ကာ
ရိုးသားသူများဖြစ်သည့်အလျှောက် မောင်ရဲနှင့်
ဖိုးစစ် ပြောသော တရားဥပဒေ ဆိုတာကြီးလည်း
သူတို့ ဘာမှန်းမသိ။
တရားရုံး ဦးတိုက်လျှောက်ဆိုပြန်တော့လည်း
တရားရုံး ဘယ်ဆီနေမှန်းသူတို့မသိ။ တရားရုံးကြီး
တွေ့သည် ထားဦး အမှုရှင်းပေးမည်
မရှင်းပေးမည်က မသေချာ။
ဦးတိုက်လျှောက်ရမည် ဖြစ်သည့်အတွက်
ဦးခေါင်းများ ကွဲကြ ပြဲကြ ပေါက်ကြပြီး
မတော် သေလျှင် ကိုယ်ကျိုးနည်းကြမည်။
ဆေးကုသလျှင်လည်း မြို့ဆိုသည်မှာ
ဆေးဖိုးထက် ဝါးခ ကြီးကြောင်း သူတို့ကြားဖူး
နားဝရှိ၏။ ဝါးခ ဆိုတာကြီးက ကြောက်စရာ။
ရွာမှာ အေးအေးနေတာ တော်ရော့မည်ဟု
နှလုံးကိုယ်စီပိုက်ပြီး ခေါင်းငိုက်စိုက်ဖြင့်
မြိုင်သာယာ ကျေးရွာ အစည်းအဝေးပွဲကြီးမှ
စိတ်ပျက်လက်ပျက်ဖြစ်ကာ ကိုယ့်အိမ်ကိုယ်
ပြန်လာခဲ့ကြလေတော့သတည်း ……
……………………………………………………
………………………………………………………
………………………………………………………
မောင်သုခ
[16-Nov-2017]
No comments:
Post a Comment