" ညာတင်ကုဋ်ဆိုသည်မှာ "
_________
မောင်သုခ
___________
[၁]
ဘုရားရှင်သည် သင်္ကန်းတော် ဝတ်ဆင်ရာ၌
"ဧကသီ(ကိုယ်ရုံ) သင်္ကန်း"ကို
"လက်ဝဲတစ်ဖက် ပခုံးထက်"၌ တင်၍လည်းကောင်း…
"သင်းပိုင် သင်္ကန်း"ကို ခန္ဓာအချက်
"ခါးအထက်" ၌ လည်းကောင်း…
"ဒုကုဋ်(နှစ်ထပ်သင်္ကန်း)"ကို
"ပခုံးထက်"၌ လည်းကောင်း …
စနစ်တကျ ဝတ်ဆင် တော်မူမြဲ ဖြစ်၏။
ရှေးရှေးဘုရား ရဟန္တာ ပစ္စေကဗုဒ္ဓါ
များလည်း ထိုကဲ့သို့ပင် ဝတ်ရုံတော်
မူကြသည်။
"လက်ယာဘက် ပခုံး"၌
သင်္ကန်းတင်သည်ဟု
ထုံးစံမရှိချေ။
[၂]
လတ်တလော တွေ့မြင်ကြရသော
ဗိုလ်ချုပ်မှူးကြီူသန်းရွှေ(ငြိမ်း)+ဒေါ်ကြိုင်ကြိုင်အား
အမှူးထား၍ ဟုဆိုကာ ဗိုလ်ချုပ်များ လှူဒါန်းထားသော လက်တဖက်နောက်ပစ်ဟန် ပျဉ်းမနားမြို့
မင်းဝံတောင်တွင် တွေ့ရှိရသော ဘုရားဆင်းတုများအား
အချို့က " ဘုရားမဟုတ် ညာတင်ကုဋ် " ဟူ၍
ပြောဆိုကြ၏။ ညာတင်ကုဋ် ဟု ပြောဆိုသူတို့သည်
ညာတင်ကုဋ် အကြောင်းကိုတော့ သေချာသိထားဖို့
လိုအပ်လှပါသည်။
ညာတင်ကုဋ် ဆင်းတုဆိုသည်မှာ
(၁)
လက်တဆုပ်သာသာ ဝန်းကျင်
အရွယ်ရှိသည်။
(၂)
ညာတင်ကုဋ် ဆင်းတု အတွင်းတွင် (ရှေးဆရာ)
လောကီဆရာ အဂ္ဂိရပ်သမားတို့ စီရင်ထားသည့်
အထိုက်အသင့် လမ်းရောက်ပြီးသော
ဓါတ်လုံးပါရှိ၏။…
(၃)
ညာတင်ကုဋ် ဆင်းတုအား
လက်နှင့်ဆုပ်ကိုင် လှုပ်ကြည့်က
" ဂ လုပ် ဂလုပ် " အသံမြည်သည်။
အသံမြည်ရခြင်းမှာ ဆင်းတုတွင်း
ဓါတ်လုံးပါဝင်သောကြောင့်
ြုမည်ရခြင်းပင် …
(၄)
ညာတင်ကုပ်ဆင်းတုမှန်သမျှသည်
ပြဒါးသေဖြင့်သာ
ပြုလုပ်ထားသောကြောင့်
ပြဒါးခဲဆင်းတုသာရှိ၏။
(၅)
ညာတင်ကုဋ် ဆင်းတုသည်
လက်ယာဘက်သို့ သင်္ကန်းတင်ထားသည့်
အသွင်သဏ္ဍာန် ဆင်းတုဖြစ်ပါသည်။
(၆)
ညာတင်ကုဋ် ဆင်းတုသည်
လက်အနောက်ပြန်ထားခြင်း
မရှိပါ။လက်တော် အထားအသိုမှာ
ဘုရားဆင်းတုတော်တို့၏
လက်ဟန် အနေအထားနှင့် ဆင်တူ၏။
(၇)
ကျွန်တော့်မိတ်ဆွေ ရရှိသော
ညာတင်ကုဋ်တွင်
မည်သည့် အင်းကွက်မျှ
မပါဝင်ပါ။အင်းကွက်ပါသော
ညာတင်ကုဋ်များသည် အစစ်ထက်
အတုဖြစ်ဖို့ များ၏။
အင်းက အဓိကမကျ
ဆင်းတုအတွင်း ဓါတ်လုံးက
အဓိကျ ပေသည်။
[၃]
ညာတင်ကုဋ်ဆင်းတု ရဖူးသူ ရှိသလော…???
ညာတင်ကုဋ်ဆင်းတုအပါအဝင်
ကြေးမည်း(ခြစ်ပိတ်) နှစ်မျိုးလုံးကို ရဖူးသူရှိပါသည်။
ရှေးဟောင်းပစ္စည်း အရောင်းအဝယ်ပြုလုပ်သူ
ပဲခူးမြို့နေ ကိုမြင့်သိန်းဆိုသူသည် အဆိုပါနှစ်ရုပ်လုံးကို
ရဖူးပြီး စာရေးသူ နှင့် အလွန်ခင်မင်သောကြောင့်
သူမကွယ်လွန်မီ သူ့ထံမှ တဆင့်ကြားသိရခြင်းဖြစ်သည်။
ထိုရှားပါးလှပြီး မြင်တွေ့ရခဲသော အထက်ပါ ပစ္စည်း
နှစ်ခုလုံးသည် ပဲခူးရပ်မှ အထင်ကရစေတီတော်တဆူ
အတွင်းတွင် ဋ္ဌာပနာအနေဖြင့် တည်ရှိပြီးဖြစ်၏။
သူရရှိသော ကြေးမည်း(ခြစ်ပိတ်) ဆိုသည်မှာ
ရှေးဟောင်းပစ္စည်း လောကသားများ
အသည်းအသန် လွှဖြင့်တိုက်ရှာဖွေနေသော
ရှေးဟောင်း မြန်မာ့အလေးတလုံးမဟုတ်ပါ။
အရောင်အဆင်း မည်းအိစိုပြေလှသော
ဥာဏ်တော်သေးသေး ဆင်းတုတော်ငယ်
တခုသာဖြစ်ပါသည်။ ဆင်းတု အောက်ခြေကို
ခပ်နာနာ အစင်းရာ ထင်အောင်
တိုက်ကြည့်လေက မိနစ်နှစ်ဆယ်အတွင်း
ပြန်ပြည့်လေ၏။
[၄]
နာမည်အတန်အသင့်ရနေသော
ပေ့ခ်ျနှင့် ဂရုဖောင်ဒါတဦးလည်းဖြစ်
ကျွန်တော့် မိတ်ဆွေတယောက်လည်းဖြစ်သော
ဖရန့်လစ်မှ သူငယ်ချင်းတယောက်သည်
ငယ်စဉ်အခါက ကြေးမည်း(ခြစ်ပိတ်)ကို
ဆော့ကစားဖူးကြောင်း သိရ၏။
သူပြောသော ကြေးမည်းအရုပ်မှာ
ဘုရားဆင်းတု မဟုတ်ဘဲ အမည်းရောင်
ဖားရုပ်ဖြစ်ကြောင်းသိရပြီး ခြစ်လိုက်၍
ပြန်ပိတ်သွားပုံတို့မှာ ကိုမြင့်သိန်းရရှိသော
ကြေးမည်းနှင့် တထပ်တည်း တူညီလေသည်။
ပြန်ပိတ်တာလည်း အထူးအဆန်းတော့
မဟုတ်ပါ။ အရုပ်များ အတွင်းမှ ပြဒါးသည်
အရှိန်အဟုန် အင်အားကြီးလှသော
မီးနှင့် အကြိမ်ကြိမ် ကစားခြင်းခံရသောကြောင့်
ဓါတ်ပြောင်းကာ ဆန့်ကျင်တွန်းကန်သဖြင့်
ပြန်ပြန်ပိတ်ခြင်းဖြစ်ကြောင်းသိရ၏။
အဆိုပါ ကြေးမည်း (ခြစ်ပိတ်) သည်လည်း
အဂ္ဂိရပ် လမ်းစဉ်၏ လမ်းခုလပ်သာ ရှိသေးပြီး
ထပ်မံမီးနေရန်လိုအပ်သေးကြောင်း
ဆိုလေသည်။
[၅]
" ညာတင်ကုဋ် "
ကိုမြင့်သိန်း ရရှိသော ညာတင်ကုဋ်
အကြောင်းကို စာရေးသူ သိသလောက်
ဖော်ပြရသော် အရောင်အဆင်းသည်
ဖြူဖြူ နှစ်နှစ်အရောင် ရှိ၏။ လက်တဆုပ်သာသာ
အရွယ်အစား ရှိပြီး ဥာဏ်တော် မမြင့်မားပါ။
လက်နှင့်ကိုင်လှုပ်ကြည့်က " ဂလုတ် ဂလုတ် "
အသံမြည်ပြီး ဆင်းတုတွင်း ပြဒါးလုံးပါဟန်
ရှိကြောင်း သိရသည်။
ဆင်းတုတော်အား အလယ်ဗဟိုတွင် ထား၍
ပတ်ပတ်လည်လည်တွင် မြက်ခြောက်တို့ကို
ထားပြီး မီးနှင့်ရှို့က မီးသည် ဆင်းတုအနား
ရောက်သည်နှင့် တန့်လေ သေလေသည်။
အခြားသော လိုင်းပေါ်တွင် တင်ထားသူများ
ပြောကြသလို မျက်နှာလှည့်ခြင်း အပ်လွဲခြင်း
မရှိပါ။
ဓါတ်လုံး၏ အောင်မြင်ခရီးရောက်ပြီးသော
အဆင့်အလိုက် ညာတင်ကုဋ်ဆင်းတု တို့သည်
အစွမ်းမတူကြောင်း သိရ၏။ရှေးလောကီ ဆရာတို့
ရည်ရွယ်ရင်းမှာ နောက်ဆုံးအဆင့်မရောက်သေးသော
အဆိုပါ ဓါတ်လုံးကို အဂ္ဂိရပ်လမ်းစဉ်တူသူတို့
တွေ့ရှိလေက ဆက်လက်ပြုလုပ်နိုင်ရန် ထားရှိခဲ့
ကြောင်း ဆို၏။
[၆]
ညာတင်ကုဋ်အကြောင်း ပြန်လည်
အစပြုရသော် ယခုအွန်လိုင်းပေါ်
ပျံ့နှံ့နေသည့် လက်တဖက်နောက်ပစ်ထားဟန်
ပျဉ်းမနားမြို့ မင်းဝံတောင်တွင် တွေ့ရှိရသော
ဘုရားဆင်းတုများအား ညာတင်ကုဋ်
ဟုတ် မဟုတ် စိစစိကြည့်ရချေက
(၁)
ညာတင်ကုဋ်သည်
လက်တဆုပ်သာသာ ဝန်းကျင်
အရွယ်ရှိသည်။
ပျဉ်းမနားမြို့ မင်းဝံတောင်မှ
လက်နောက်ပစ်ဆင်းတုများသည်
တပေကျော်ကျော် အမြင့်ရှိပြီး
လူကြီးတယောက် တပွေ့စာခန့်
ကြီးမားလေ၏။
(၂)
ညာတင်ကုဋ်ဆင်းတု အတွင်းတွင် (ရှေးဆရာ)
လောကီဆရာ အဂ္ဂိရပ်သမားတို့ စီရင်ထားသည့်
အထိုက်အသင့် လမ်းရောက်ပြီးသော
ဓါတ်လုံးပါရှိ၏။ထို့ကြောင့် ညာတင်ကုဋ်
ဆင်းတုတခုတလေ တွေ့ရှိရန်မှာ
အတော်လေးကို ခက်ခဲသော
ကိစ္စပင် ဖြစ်သည်။
ပျဉ်းမနားမြို့ မင်းဝံတောင်မှ
လက်နောက်ပစ်ဆင်းတုများအတွင်းတွင်
အဂ္ဂိရပ် အတတ်ဖြင့် မီးကစားပြီးသော
ဓါတ်လုံးပါဝင်ခြင်း မရှိဟု မှတ်ထင်ပါသည်။
ဆင်းတုများ အလွန်များပြားလှသောကြောင့်
ထိုလောက် များပြားလှသော အသင့်အတင့်
လမ်းရောက်ပြီးသည့် ဓါတ်လုံးများကို
မည်သည့်လောကီဆရာမှ မဖန်တီးနိုင်ပေ။
အကြောင်းမှာ အဂ္ဂိရပ်သမားတယောက်အတွက်
အတော်အသင့် ခရီးရောက်နိုင်သော ဓါတ်လုံး တလုံး
ရရှိရန်ပင် လူ့သက်တမ်းကုန်သည်အထိ
မလွယ်ကူသောကြောင့်ပင်။အများစု၏
ဓါတ်လုံးတို့သည် ဘာတခုမှ မဖြစ်မြောက်ဘဲ
ပြဒါးခဲ သံခဲ အစရှိသော
အနေဖြင့်သာ ခရီးလည်းဆုံး လူလည်းဆုံး
ကြတာများသောကြောင့်ပင်။ထို့ကြောင့်လည်း
ထိုထိုသော အဂ္ဂိရပ်သမားတို့သည်
မိမိတို့ဓါတ်လုံးကို ကြွားလုံးထုတ်
လိမ်လည်မှုတို့သာ များပြားတော့၏။
ကုန်းဘောင်ခေတ်စာဆိုတော်
စလေဦးပုညကပင် "မဖြစ်ရင်နေ ဖြစ်ရင်ကြေ
လူလိမ်အတတ် အဂ္ဂိရပ် " ဟူ၍
အဂ္ဂိရပ်လောကတွင် လူလိမ်တို့ကျင်လည်ကြောင်း
သတိပေး စပ်ဆိုခဲ့လေ၏။
(၃)
ညာတင်ကုဋ် ဆင်းတုမှန်သမျှသည်
ပြဒါးသေဖြင့်သာ
ပြုလုပ်ထားသောကြောင့်
ပြဒါးခဲဆင်းတုသာရှိ၏။
ပျဉ်းမနားမြို့ မင်းဝံတောင်မှ
လက်နောက်ပစ်ဆင်းတုများသည်
ကျောက်ဆင်းတု အကြီးကြီးများ
ဖြစ်သည့်အတွက် ညာတင်ကုဋ်ဟု
မည်သည့်နည်းနှင့်မျှ မဆိုနိုင်ပေ။
(၄)
ညာတင်ကုဋ် မှန်သမျှသည်
လက်ယာဘက်သို့ သင်္ကန်းတင်ထားသည့်
အသွင်သဏ္ဍာန် ဆင်းတုဖြစ်ပါသည်။
ပျဉ်းမနားမြို့ မင်းဝံတောင်မှ
လက်နောက်ပစ်ဆင်းတုများသည်
ဘုရားရှင်တို့ အသွင်သဏ္ဍာန်အတိုင်း
သင်္ကန်းကို လက်ဝဲဘက်တွင်
တင်ထားသည်ကို တွေ့ရသည်။
ညာတင်ကုဋ် အမည် အတိုင်းဒုကုဋ်ကို
လက်ယာတင်ထားခြင်းမရှိသောကြောင့်
အဆိုပါ ဆင်းတုများအား ညာတင်ကုဋ်ဟူ၍
ဆိုရန် အကြောင်းရှာမတွေ့ပေ။
(တဆူ တလေသာ သင်္ကန်းယာတင်ထားသော
ဆင်းတုများတွေ့သော်လည်း ညာတင်ကုဋ်ပါ
အခြားအချက်အလက်တို့နှင့် မတူညီကြောင်း
နှိုင်းယှဉ်ကြည့်က သိနိုင်ပေမည်။)
(၅)
ညာတင်ကုဋ် ဆင်းတုသည်
လက်အနောက်ပြန်ထားခြင်း
မရှိပါ။လက်တော် အထားအသိုမှာ
ဘုရားဆင်းတုတော်တို့၏
လက်ဟန် အနေအထားနှင့် ဆင်တူ၏။
ပျဉ်းမနားမြို့ မင်းဝံတောင်မှ
လက်နောက်ပစ်ဆင်းတုများသည်
ဘုရားရှင်အား လက်ကို လိမ်ချိုးထားသည့်နှယ်
တင်ပါးကျောဘက်တွင် လက်ကျနေပေသည်။
[၇]
ဤရွေ့ ဤမျှ နှိုင်းယှဉ်ခြင်းဖြင့်ပင်
ပျဉ်းမနားမြို့ မင်းဝံတောင်မှ
လက်နောက်ပစ်ဆင်းတုများသည်
ညာတင်ကုဋ် မဟုတ်ကြောင်းသိသာချေပြီ။
ညာတင်ကုဋ်နှင့် ပက်သက်ပြီး
ရှေးဆရာများ သိုက်စာလိုလို
ဝှက်စာလိုလိုထားရစ်ခဲ့သော အဆိုလေးမှာ
" ဘုရားမဟုတ်ညာတင်ကုဋ်
လှုပ်ကြည့်တော့ ဂလုပ် ဂလုပ် "
ဤရွေ့ ဤမျှဖြင့် ညာတင်ကုဋ်ကို
ထိထိမိမိ သိနိုင်ပေရာ ။
လက်ယာဘက် သင်္ကန်းတင်ထားသလား…???
လှုပ်ကြည့်လို့ ဂလုပ် ဂလုပ် မြည်သလား…???
ကြည့်ရုံဖြင့် ညာတင်ကုဋ် ဟုတ်မဟုတ်
သိနိုင်လေ၏။ယခုအတော်များများ စာရေးသူ
မြင်တွေ့ရသော ညာတင်ကုဋ်များမှာတော့
ညာတင်ကုဋ် အတုများသာ ဖြစ်ပါကြောင်း
ရေးသားရင်း " ညာတင်ကုဋ်ဆိုသည်မှာ"
စာစုကို နိဂုံးချုပ်လိုက်ပါတော့တယ်။
မောင်သုခ
[24 -NOV -2017]
No comments:
Post a Comment