" ဘုရားကို_မတော်လုပ်သူများ "
__________
မောင်သုခ
______________
[၁]
ဘာသာ သာသနာထွန်းကားလှသော
မင်းတုန်းမင်းခေတ်တွင် ဗေဒင်ယတြာအလွန် ယုံကြည်
ကြ၍ ဘာသာရေးကို ခုတုံးလုပ်သော သာဓက
တရပ်လည်း အောက်ပါအတိုင်း
ရှိခဲ့လေသည်။
[၂]
တနေ့တွင် ဦးကြံဘက်အမည်ရှိသူတဦးသည်
ကျွန်းသား ရုပ်ပွါးတော်တဆူကို ရွှေသင်္ကန်းကပ်၏။
ရွှေသင်္ကန်းကို အောက်နားမကပ်ဘဲ နဖူးသင်းကျစ်ကိုမှ
ကပ်လိုသည်။ရုပ်ပွါးတော်က ဥာဏ်တော်မြင့်ပြီး
ကြီးသဖြင့် နဖူးမှီအောင် ထိုရုပ်ပွါးတော်အပေါ်
ခွတက်တော့၏။ထိုသို့ ကိုးယို့ကားယား ဆွဲရင်း
တက်ရင်း နားရွက်တော်ကို ချော်နင်းမိရာ ရုပ်ပွါးတော်
နားရွက်ပဲ့လေတော့သည်။ ထိုအကြောင်းကို စလေဦးပုည
မြင်သိလေသော် အောက်ပါအတိုင်း စာချိုးလေတော့၏။
[၃]
" တကာ ကြံဘက် ငါ့နားရွက်ကို
နင်းတက် ချိုးသွား ရွှေတပြား နှင့်
ငါကား မကျေ ကြံဘက်ရေ
နားရွက်ယူခဲ့  ရွှေခွါလှဲ့ " ဟူ၍
ရုပ်ပွါးတော် အနီး တရားခံကို ရေးသား
ထားလိုက်လေတော့သည်။ ဦးကြံဘက်သည်
ရုပ်ပွါးတော်နားရွက်ပဲ့အား လူမသိသူမသိ
ဖွက်ယူပြီး ထိုအနီးအနား၌ လွှင့်ပစ်ဟန်ရှိလေ၏။
ဦးပုည ရေးသားပုံမှာ ဘုရားရှင်နားရွက်တော်
ရှာမတွေ့သေးသည့် သဘောဖြစ်ပေ၏။
[၄]
ယနေ့ခေတ်အခါသမယတွင်လည်း
ဘုရားရှင်၏ မူလ ကြည်ညိုဖွယ် အသွင်ကိုဖျက်ဆီးကာ
အသွင်သဏ္ဍာန်မတော်မလျော်ပြု၍ လက်တော်ကို
နောက်သို့လှန်ချိုးသည့်ဟန် ဆင်းတုတော်များကို
စိတ်မသက်သာဖွယ် တွေ့ရလေသည်။
ဆရာကြီး စလေဦးပုညသာ
ယခုအခါ ရှိနေလေက
" တကာစစ်ထွက် ငါ့ရဲ့လက်ကို
နောက်လှန်ချိုးသွား ရွှေတုများနှင့်
ငါကားမကျေ စစ်ထွက်ရေ
လက်ပြန်တည့်လှည့် နောင်မလုပ်နဲ့ "
ဟူ၍များ စာချိုးလေမလား စရေးသူမှ
ရှာရှာဖွေဖွေ တွေးမိလေတော့သတည်း ……
မောင်သုခ
[24 -Nov-2017]
No comments:
Post a Comment