Monday, December 4, 2017
ဘုရားလုကြသူများ
" ဘုရားလုကြသူများ "     [၁+၂]
(ဘုရားကို ဆင်းတုကွယ်ပုံ)
_________
မောင်သုခ
____________
[၁]
မြိုင်သာယာရွာ၏  ရွာထိပ်တွင်
ပြည်တော်သာဆည်ကြီးရှိကြောင်း စာရှုသူတို့
ရင်းနှီးပြီးလောက်ပေပြီ။ ဆည်၏ ထိပ်တွင်
ဥာဏ်တော် အလွန်မြင့်မားလှသည့် မြတ်စွါဘုရားရှင်၏
ရုပ်ပွါး ဆင်းတုတော် တဆူရှိလေသည်။
ဘုရားရှင်၏ လက္ခဏာတော်များ
တတ်စွမ်းသလောက် ပါဝင်သောကြောင့်
သက်တော်ထင်ရှား ဘုရားရှင်ကို ဖူးရသည့်နှယ်
ကျက်သရေ အလွန်ရှိလှပြီး ဖူးမြော်သူတို့
စိတ်နှလုံး အေးချမ်းဖွယ်ပင် ။
ယခုကဲ့သို့သော ရုပ်ပွါးတော်ကြီး
ဖြစ်လာဖို့ အရေး လွယ်လွယ်ကူကူတော့မဟုတ်။
ဘုရားလုသူများကြားတွင် ရွာဦးကျောင်းဆရာတော်က
ခက်ခက်ခဲခဲဖြင့် ဤသို့ဤနှယ် အသွင်တော်ထွက်လာရန်
အားထုတ် ကြိုးပမ်းခဲ့သောကြောင့်ဖြစ်၏။
အကြောင်းကား ဤသို့တည်း …
[၂]
မြိုင်သာယာရွာတွင် ရုပ်ပွါးတော် တဆူမျှ
မရှိသေးပေ။ ဤသို့အခြေအနေတွင် ရွာဦးဆည်ထိပ်၌
ရုပ်ပွါးဆင်းတုတော်တဆူ ထားရှိ ပူဇော်ကြဖို့အရေး
ရွာတွင်းရှိ အထင်ကရပုဂ္ဂိုလ်များကို စည်းဝေးစေပြီး
ရွာဦးကျောင်းတွင် ဆွေးနွေးတိုင်ပင်ကြလေ၏။
မြိုင်သာယာ ရွာအတွင်းနေ အထင်ကရ ပုဂ္ဂိုလ်ထူး
များကို မိတ်ဆက်ပေးရချေသော် အစိုးရဝန်ထမ်းဘဝမှ
သက်ပြည့်ပင်စင် ယူထားသော ဘိုကြီးတက်ပု l 
ဘိုးတော်ကျော်သောင်းl ဟိန္ဒူအမျိုးသားကြီး  မရမ်းသီး l
သူဋ္ဌေးကြီး ဦးလူကလေး တို့ ဖြစ်ကြလေသည်။
ဘုရားရှင်၏ ရုပ်ပွါးတော် ထားရှိပူဇော်ဖို့အရေးကို
မြိုင်သာယာ ရွာဦး ကျောင်းထိုင်ဆရာတော်က
ဦးဆောင်ဆွေးနွေးနေရင်း ဘိုကြီးတက်ပုမှ
ထပြောသည်မှာ
" ဘုရားရှင်ရဲ့  မျက်နှာ
အသွင်သဏ္ဍာန်ကိုတော့ တပည့်တော် နဲ့
တူအောင် ထုမယ်ဘုရား  "
ဘိုကြီး တက်ပု၏ စကားကိုကြားသော်
ဆရာတော်ဘုရားခမျာလည်း 
ဘိုကြီးတက်ပု၏ ပုတိုတို
လည်တိုတို  နှာခေါင်းပွပွ အဆီရစ်နေသော
မျက်နှာကြီးကို သေသေချာချာ
စေ့စေ့စပ်စပ်ကြည့်ရင်း
အထိတ်တလန့်ဖြစ်သွားကာ
" ဟေ  "
ဟူ၍ သာ တလုံးတည်း 
ရေရွတ်မိလေတော့၏။
[၃]
ဘိုကြီးတက်ပု ပြောဆိုပြီးသော်
အဝတ်ဖြူဝမ်းဆက် စိပ်ပုတီးလက်ကကိုင်ထားသော
မျက်နှာ ပြဲပြဲနှင့် ဘိုးတော်ကျော်သောင်းမှလည်း 
ထလာကာ  …
" ဒီလိုတော့ အာဏာရှင်ဆန်လို့
မရဘူး ဘုရား … အခုက ဒီမိုကရေစီခေတ်ပါ…
ဘုရားရှင်ရဲ့  မျက်နှာ
အသွင်သဏ္ဍာန်ကိုတော့ တပည့်တော် နဲ့
တူအောင် ထုသင့်ပါတယ် ဘုရား "
ဘိုးတော်ကျော်သောင်း၏ စကားကိုကြားသော်
ဆရာတော်ဘုရားခမျာလည်း
ဘိုးတော်ကျော်သောင်း၏
မျက်လုံးပြူးပြူး  နှဖူးကျဉ်းကျဉ်း
မျက်နှာ ပြဲပြဲကြီးအား
သေချာကြည့်ကာ  " ဟိုက်  "
ဟူ၍ သာ တလုံးတည်း 
ရေရွတ်မိလေတော့၏။
[၄]
ဘိုးတော်ကျော်သောင်းပြီးလျှင်
နှုတ်ခမ်းမွှေးကားယား ကားယား မုတ်ဆိတ်မွှေး
ထုလဗျစ်နှင့်  ဟိန္ဒူ  အမျိုးသားကြီး မရမ်းသီးမှ
ထလာကာ …
"  ချရာတော် ဘုရား  …
ဗုဒ္ဓနော်  အိန္ဒိယမှာ ပွင့်တယ် …
မရမ်းသီးနဲ့    တပုံစံတည်း …
အဲလာကြောင့်   ဘုရားရှင် မျက်နှာတော်ကို
မရမ်းသီးနဲ့  မက်တူ တူအောင်
ထုသင့်ပါတယ် ဘုရား "
ဟိန္ဒူ  အမျိုးသားကြီး မရမ်းသီး၏ စကားအဆုံး
ဆရာတော်ဘုရားခမျာလည်း ကောက်ညှင်းငချိပ်ကို
မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးတပ်ထားသည့်နှယ်
ဖြစ်နေသော  မဲမဲ လုံးလုံး
ဦးမရမ်းသီးမျက်နှာအား
သေချာကြည့်ကာ အလန့်တကြား
" အလိုလေး "
ဟူ၍ သာ  ရေရွတ်မိလေတော့၏။
[၅]
ဦးမရမ်းသီး အလှည့်ပြီးတော့
ရွှေဆွဲကြိုးကြီး ရင်ခေါင်းရောက်နေပြီး
ရွှေလက်စွပ်ကြီးများ  ပြူးတိပြူးကြောင်
ဝတ်ဆင်ထားသည့်  ရွာ့သူဋ္ဌေးကြီး
ဦးလူကလေးမှ ထပြောလေတော့သည်။
" ဆရာတော် ဘုရား ဆင်းတုတော် ထုလုပ်
ကိုးကွယ်ဖို့  တပည့်တော် ငွေကုန်သမျှ ခံမယ့်
အပြင် တရွာလုံးကို  တအိမ်ထောင် ဝက်တကောင်စီ
ကင်ပြီး ကျွေးပါဦးမယ်။ဘုရားရှင်ရဲ့  မျက်နှာ
အသွင်သဏ္ဍာန်ကိုတော့ တပည့်တော် နဲ့
တူအောင် ထုသင့်ပါတယ် ဘုရား "
သူဋ္ဌေး ဦးလူကလေး၏ စကားကိုကြားပြီး
ဆရာတော်ဘုရားခမျာလည်း
ဝဝဖိုင့်ဖိုင့် မိုးပျံပူပေါင်းကြီးနှယ်
လုံးလုံးကြီး ဖြစ်နေသော
မျက်လုံးအစ်အစ် နှုတ်ခမ်းထော်ထော်
ရွှေသွားခေါခေါ ဖြင့်
ဦးလူကလေး၏ မျက်နှာအား
သေချာကြည့်ကာ  " မြတ်စွါဘုရား …"
ဟူ၍ သာ  ရေရွတ်မိလေတော့၏။
[၆]
ရွာဦးကျောင်းဆရာတော်ခမျာလည်း
ဘာပြောရမှန်း မသိအောင် ဖြစ်နေစဉ်
ဘိုကြီးတက်ပု l  ဘိုးတော်ကျော်သောင်းl
ဟိန္ဒူအမျိုးသားကြီး  မရမ်းသီး l
သူဋ္ဌေးကြီး ဦးလူကလေး တို့မှာတော့
ငွေဘယ်သူက အကုန်ကျ ခံမယ်
ဘယ်သူနဲ့တူအောင် ထုလုပ်ကိုးကွယ်ကြမယ်ဟူ၍
အပြင်းအထန် ပုဆိုးမ လက်ရုံးတန်း
ငြင်းကြ ခုန်ကြလေတော့၏။
ဆရာတော် ဘုရားမှလည်း
လတ်တလော ပြဿနာ ငြိမ်းအေးစေရန်အလို့ငှာ
မြိုင်သာယာကျေးရွာလေး၏
ရုပ်ပွါးတော် ထုလုပ်ကိုးကွယ်ရေး 
အစည်းအဝေးပွဲအား နောက်တနေ့ မနက်မှသာ
ပြန်လည်စတင်ရန်  မိန့်ကြားတော်မူပြီး
အတွင်းဆောင်အတွင်းသို့  မျက်မှောင်ကြုံ့ကာ
အကြံအိုက်အိုက်ဖြင့်  ဝင်သွားရှာလေတော့သည်။
[၇]
နောက်တနေ့  အစည်းအဝေးပွဲကြီး
ပြန်လည်  စတင်ပေပြီ။ကနဦး အနေဖြင့်
ရွာဦးကျောင်းဆရာတော်မှ ဘုရားရှင်၏
ရုပ်ပွါးတော် ဆင်းတုတော် ထုသည်ဆိုသည်မှာ
တွေ့ကရာလူ၏ ပုံသဏ္ဍာန်ကိုလည်းကောင်း
မျက်နှာကိုလည်းကောင်း ထုဆစ်၍မရကြောင်း
ဘုရားရှင်တို့တွင် ပါဝင်အပ်သော လက္ခဏာတော်ကြီး
(၃၂)ပါးကိုလည်း တိပိဋက _ သုတ္တန်ပိဋက_
ဒီဃနိကာယ် _ ပါထိကဝဂ်ပါဠိတော် _
(၇) လက္ခဏသုတ်တွင် တိကျစွါ ဖော်ပြထားကြောင်း
ထို့အတွက် အတတ်နိုင်ဆုံး ကျမ်းဂန်ပါ
လက္ခဏာတော်များနှင့်အညီ ထုဆစ်ကြရကြောင်း
မိန့်ကြားလေ၏။
ဆရာတော်၏ မိန့်ကြားမှုအပြီး
အစိုးရဝန်ထမ်းဘဝမှ သက်ပြည့်ပင်စင်ယူထားသော
ဘိုကြီးတက်ပုမှ သူ့အဆိုကို ပြောလေတော့သည်။
[၈]
" ရွာဦးကျောင်း ဆရာတော်ပြောတာ
လုံးဝ သဘာဝမကျပါဘူး ။
ဗိုလ်ချုပ်မှူးကြီူသန်းရွှေ(ငြိမ်း)+ဒေါ်ကြိုင်ကြိုင်ကို
အမှူးထားပြီး ဗိုလ်ချုပ်တွေ လှူဒါန်းထားတဲ့
ပျဉ်းမနား မင်းဝံတောင်မှာ တည်ထားတဲ့
လက်တဖက်နောက်ပစ်ဟန်
ဆင်းတုတော်တွေကို ကြည့်ရင်
အတော်လေးကို ထင်ရှားပါတယ်။
ထိုဆင်းတုတွေဆိုရင်
ဘုရားရှင်ရဲ့ ဘယ်ဘက်လက်ကို နောက်ပစ်ထားတဲ့အပြင်
ဦးခေါင်းပေါ်မှာလည်း ကြာရွက်လေးတွေအုပ်ထား
ပါသေးတယ်။
ဒါဟာ ဘုရားရှင်နေပူတုန်းလေး
ကြာရွက်မိုးထားတဲ့အခိုက်အတန့်နဲ့
လက်နောက်ပစ်တာကတော့
ဘုရားရှင်တင်ပါးကို
ခြင်ကိုက်လို့ကုတ်တဲ့ အခိုက်အတန့်ကို
ရည်ရွယ်ပြီး ထုဆစ်ထားတာမို့ အတော့်ကို
ကြည်ညိုဖွယ်ကောင်းတာ မျက်မြင်ပါပဲ။
အခုရွာမှာ ထုဆစ်မယ့် ဆင်းတုမှာဆိုရင်
ဘုရားရှင်ရဲ့ လက်သဏ္ဍာန်ကို လက်နှစ်ဖက်လုံး
အနောက်ပစ်ထားတဲ့သဏ္ဍာန် ထုဆစ်မှာ
ဖြစ်ပြီး မျက်နှာတော်ကိုတော့ တပည့်တော်ရဲ့
တည်ကြည်ခန့်ငြားတဲ့ မျက်နှာပုံစံ
ထုဆစ်မှာမို့လို့  အတော်ကို ကြည်ညိုဖွယ်
ကောင်းမှာ ဖြစ်ပါတယ် …"ဟူ၍
ပြောလေတော့၏။
[၉]
ဗိုလ်ကြီးတက်ပု၏ အလှည့်ပြီးလျှင်
ဘိုးတော် ကျော်သောင်းမှလည်း
" ဘုရားရှင်ရဲ့ အသွင်သဏ္ဍာန်ကို
တပည့်တော်ကဲ့သို့ နှုတ်ခမ်းမွှေးစစဖြင့်သာ
ထုဆစ်သင့်ပါတယ်။မန်လည်ဆရာတော်ဘုရားကြီးနဲ့
ခေတ်ပြိုင်သီဟိုဠ်ပြန် စာတတ်အကျော်
ညောင်ချောင်းဆရာတော် ဦးဉာဏဝံသ ဟာ
သီဟိုဠ်က ပြန်လာပြီးနောက် ဘုရားဆင်းတုတွေကို
နှုတ်ခမ်းမွှေး လိုက်တပ်ခဲ့တဲ့ ထုံးရှိဖူးပါတယ်။
ဒါဟာဘာကို ပြသလဲဆိုတော့ ဘုရားရှင်ဟာ
တပည့်တော်လိုပဲ ခန့်ခန့်ညားညား
နှုတ်ခမ်းမွှေးစစနဲ့  ဆိုတာကို
ပြဆိုတာမို့  ဘုရားဆင်းတုတော်ရဲ့
မျက်နှာတော်ကိုတော့ တပည့်တော်ရဲ့
တည်ကြည်ခန့်ငြားတဲ့ မျက်နှာပုံစံသာ
ထုဆစ်ရင်ဖြင့် အတော်ကို ကြည်ညိုဖွယ်
ကောင်းမှာ ဖြစ်ပါတယ် …"ဟူ၍
ပြောလေတော့၏။
[၁၀]
ဘိုးတော် ကျော်သောင်း၏  ပြောဆိုပြီးလျှင်
ဟိန္ဒူ အမျိုးသားကြီး မရမ်းသီးမှလည်း
အောက်ပါအတိုင်း မြန်မာစကား
မပီကလာ ပီကလာဖြင့်
ချက်ကျလက်ကျ
ပြောလေတော့သည်။
" ချရာတော် ဖလား …
ဖ ရားရှင် ပွင့်ခဲ့တာ
အိန္ဒိယမှာပါ … အိန္ဒိယမှာ ပွင့်ခဲ့တဲ့
ဖရားဟာ ချရာတော်နဲ့မတူသလို
ဒီက ဘယ်သူနဲ့မှလည်း မက်တူပါဘူး…
မွေးဖွားရာ ဒေသတူ မျိုးနွယ်တူ
တပည့်တော်နဲ့သာ ချွတ်ဆွတ်တူပါတယ် ဖလား…
ဒါ့ကြောင့် ဖ ရားဆင်းတု ထုတဲ့အခါ
တပည့်တော် ပုံစံသာ ထုလုပ်သင့်ပါတယ်
ဖလား " ဟူ၍ ပြောတော့၏။
[၁၁]
ဟိန္ဒူ အမျိုးသားကြီး 
မရမ်းသီး အလှည့်ပြီးလေသော်
သူဋ္ဌေးကြီး ဦးလူကလေးအလှည့်ဖြစ်လေတော့သည်။
ဦးလူကလေးတွင် စာတတ်ပေတတ်
တယောက်လည်းဖြစ် သူ့လက်စွဲလည်းဖြစ်သော
စာတတ်ဖိုးစီ ဆိုသူပါလာလေသည်။
ဦးလူကလေးမှ
" ရွာဦးမှာ ဘုရားရှင် ဆင်းတုထုဖို့အရေးမှာ
တပည့်တော်အကြံပြုလိုတာကတော့ ရွာ့ကျက်သရေ
သူဋ္ဌေးတဦးဖြစ်တဲ့  တပည့်တော်ပုံကိုသာ
ထုလုပ်သင့်ပါတယ်။ ဒါဟာ တိပိဋကတော်လာ
ဘုရားရှင်ဟောကြားမှုနဲ့လည်း ကိုက်ညီကြောင်း…
ဒီအကြောင်းကိုတော့ တပည့်ဖြစ်သူ စာတတ်ဖိုးစ်ီက
ကျမ်းအကိုးအကားနဲ့ ဆက်ပြီး ပြောပါလိမ့်မယ်"
သူဋ္ဌေးဦးလူကလေး၏ လက်စွဲတော်ဖြစ်သူ
စာတတ်ထွန်းကြိုင် ပြောကြားသည်မှာ
[၁၂]
" တိပိဋက _သုတ္တန်ပိဋက  နိကယ်ငါးရပ်_
ဒီဃနိကာယ် _မဟာဝဂ် ပါဠိတော် _
(၃) မဟာပရိနိဗ္ဗာနသုတ်  _ တွင်
ဘုရားရှင် ဟောကြားသည်မှာ
" အာနန္ဒာ ငါသည် အရာမကသော
မင်းပရိသတ် (စည်းဝေးပွဲများ) သို့
တက်ရောက်ခဲ့ဖူးသည်ကိုမှတ်မိပေ၏။
ထို (မင်းပရိသတ်များ) ၌ ငါသည်
အတူတကွလည်း ထိုင်နေခဲ့ဖူး၏၊
အတူတကွလည်း ပြောဆိုခဲ့ဖူး၏၊
အတူတကွလည်း ဆွေးနွေးခဲ့ဖူး၏။
ထို (မင်းပရိသတ်များ) ၌ ထိုမင်းတို့၏
အဆင်းကဲ့သို့ပင်ငါ၏ အဆင်းသည်လည်း ဖြစ်၏၊
ထိုမင်းတို့၏ အသံကဲ့သို့ပင် ငါ၏
အသံသည်လည်း ဖြစ်၏၊  (ငါသည်) တရားစကားဖြင့်
(အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို)
ဆောက်တည်စေကာ (တရားကျင့်သုံးရန်)
ထက်သန်ရွှင်လန်းစေခဲ့၏။
ဤသို့ စသည်ဖြင့်လာသော
တိပိဋက ဆဋ္ဌမူ  ပါဠိတော်နှင့်
မြန်မာပြန်စကားရပ်အရ ဘုရားရှင်သည်
မင်းတို့၏ အသွင်သဏ္ဍာန် အဆင်းကဲ့သို့ပင်
ဖြစ်သော (သက်ဆိုင်ရာ ပရိတ်သတ်မှ
ထင်မြင်ကြသော)အခိုက်အတန့်ပါရှိလေသည်။
သူဋ္ဌေးကြီး ဦးလူကလေးသည်
ဘုရင်တပါး၏ ကိုယ်လုပ်တော်တဦးမှ
ဖွားမြင်သည့် မင်းမျိုးမင်းနွယ်  မင်းသွေးပါသူ
ဖြစ်ကြောင်း ဘိုးစဉ်ဘောင်ဆက် စကားအမှတ်
ရှိသူဖြစ်၏။ ဘုရားရှင်သည် မင်းတို့၏
အသွင်သဏ္ဍာန် အဆင်းကဲ့သို့ဖြစ်သော
အခိုက်အတန့်သည် ဦးလူကလေးနှင့် ချွတ်ဆွတ်
တူမှာ အမှန်ပင်ဖြစ်သောကြောင့် ရွာဦးတွင်
တည်ထားမည့် ဆင်းတုတော်သည်
ဦးလူကလေးနှင့်သာ တထပ်တည်း
တူသင့်ကြောင်း " 
စာတတ်ဖိုးစီမှ ကျမ်းအကိုးအကားဖြင့်
ပြောကြားလေတော့၏။
[၁၃]
ရွာဦးကျောင်းဆရာတော်လည်း
ဦးတက်ပုတို့ပြောသမျှကို နားထောင်ကြည့်ရာ
သူ့အကိုးအကားနှင့်သူဆိုသလို မှန်နေပြီး
သင်္ဂဇာဆရာတော်ကြီး ဟောကြားသော
သူ့စာချိုးနှင့် သူဆိုသလို ဖြစ်နေသောကြောင့်
မည်သို့မည်ပုံ ဆုံးဖြတ်ရမည်ကို
အကြံအိုက်လျက် ရှိပေတော့သည်။
(သင်္ဂဇာဆရာတော်ကြီး ဟောကြားသော
သူ့စာချိုးနှင့် သူ ဆိုသည်အား
သီးသန့်ပိုစ့်တင်ပေးပါဦးမည်)
ထို့နောက် ဆရာတော် မိန့်ကြားသည်မှာ
" ကဲကဲ  ဒကာကြီးတို့ သူပုံထုမယ်
ငါ့ပုံထုမယ်ဆိုတာဟာ တကယ်တော့ အတော်လေး
အဆင်မပြေလှဘူးကွယ့် … ဆိုတော့ကာ ဆရာတော်ကပဲ
အားလုံး ညီညီ ညွတ်ညွတ် ဖြစ်ဖို့အတွက်
ဟောဒီ့က ဒကာတွေ အားလုံးရဲ့
သဘောထားတွေပါအောင်
ဆင်းတုတော်ကို ပန်းရံဆရာဆီမှာ သေချာစီမံ
ပေးမယ် " ဟု ဆိုကာ ရုပ်ပွါးတော်
ထုလုပ်ကိုးကွယ်ရေး  အစည်းအဝေးပွဲအား
အောင်မြင်စွါ ရုတ်သိမ်းလိုက်လေတော့၏။
[၁၄]
မြိုင်သာယာမြို့ ရွာဦးကျောင်းဆရာတော်
ကိုယ်တိုင်မှ ဆင်းတုတော် ထုဆစ်ကြသော
ပန်းရံလက်သမားများကို စီမံကြီးကြပ်ပြီး
အစွမ်းကုန်ကြိုးပမ်းအားထုတ်သောကြောင့်
အလုံးစုံ ပြီးစီးသွားသောအခါ ဆည်ဦးမှ
ဘုရားရှင်၏ ရုပ်ပွါးဆင်းတုတော်ကြီးသည်
အလွန်တရာကို ကြည်ညိုဖွယ် ကောင်းလှပြီး
ရွာသူ ရွာသူများအားလုံးလည်း နှလုံးပီတိ
ဂွမ်းဆီထိ ဝမ်းသာပီတိဖြစ်ကြကုန်၏။
ဆရာတော်ကိုလည်း တိုး၍
ကြည်ညိုကြလေသည်။
ဤသို့  ဤနှယ် အလွန်တရာ
ကျက်သရေ ရှုမငြီးလှသော ဆင်းတုတော်ကြီးအား
ရွာသူ ရွာသားများအပြင် ပြည်တော်သာဆည်
အနီးအနား ရွာများကပါ ကြည်ညိုသဒ္ဒါပေါက်ကြလေရာ
အလီလီ လာရောက်ဖူးမြော်ခြင်း တံမြက်လှည်း
ရေကပ်ခြင်း ဆွမ်းဆပ်ကပ်ခြင်းများကို
အသီးသီး ပြုမူကုန်၏။
သို့ပါသော်လည်း ဤဆင်းတုတော်ကြီးနှင့်
ပက်သက်၍ စိတ်တွင် အလိုမကျ ဒွိဟ ဖြစ်ပြီး
ရုပ်ပွါးဆင်းတုတော်ကြီးအနားမှ ဖဝါးမခွါ
အသေအချာ စေ့စေ့စပ်စပ်
ကြည့်ရှုနေကြသူ လေးဦးတို့ ရှိနေလေသည်။
ထိုသူများကား ဘိုကြီးတက်ပု l ဘိုးတော်ကျော်သောင်းl
ဟိန္ဒူအမျိုးသားကြီး  မရမ်းသီး l သူဋ္ဌေးကြီး
ဦးလူကလေး တို့ ဖြစ်သည်။
လေးဦးသား အလွန်ကျက်သရေရှိလှသော
ဘုရားရုပ်ပွါးဆင်းတုတော်ကြီးကိုကြည့်ကာ
ငါနှင့်တူသည် သူနှင့်တူသည်ဟု
ငြင်းခုန်နေကြသံမှာလည်း
ပွက်လော ရိုက်နေတော့၏။
တကယ်တော့ ဘိုကြီးတက်ပုတို့လေးဦးသည်
ရုပ်ဆိုးပန်းဆိုး ပုံဆိုးပန်းဆိုးများဖြစ်ကြလေရာ
မည်သူတဦးတယောက်ရဲ့ မည်သည့်နေရာကမှ
ရုပ်ပွါးတော်ကြီးနှင့် တစိုးတစိမျှ မတူညီပါလေ။
ထိုသို့ ဆူဆူညံညံ ငြင်းနေကြတုန်း
ရွာဦးကျောင်း ဆရာတော်မှလည်း ဆင်းတုတော်ကြီး
ဆီသို့ ရောက်ချလာလေရာ လေးဦးသား
ဆရာတော်ကို အလုအယက် မေးခွန်းများ
မေးကြလေတော့၏။
[၁၅]
ဗိုလ်ကြီးတက်ပုတို့ လေးဦးသားတို့မှ
ဆရာတော်အား လက်အုပ် လေးချီပြီး…
" အရှင်ဘုရား ရုပ်ပွါးတော်မြတ်ကြီးကတော့
အလွန်ကို တင့်တယ် သပ္ပါယ်တော်မူလှပါတယ်။
ဒါပေမယ့် တပည့်တော်တို့နဲ့ ဘယ်နေရာတူတယ်ဆိုတာ
သူနဲ့တူသလိုလို ငါနဲ့တူသလိုလို ဖြစ်နေတာမို့
ငြင်းနေကြတာ ဘုရား …"
ဟု စောဒကတက်ကာ မေးကြ မြန်းကြလေသည်။
ဆရာတော်မှ ပြန်လည် မိန့်ကြားတော်မူသည်မှာ
" အိမ်း … ဒကာတို့  …
ဘုရားစေတီတွေကို ဆည်းကပ်ရာမှာ
ဘုရားကို စေတီကွယ်ဆိုသလို…
ဘုရားကို ဆင်းတုတော် ကွယ်ဆိုသလို မဖြစ်ဖို့
အလွန် အရေးကြီးတယ်ကွယ့် …
ဘုရားကို ဆင်းတုတော်ကွယ်ဆိုတာက
စေတီပုထိုး ရုပ်ပွါးတော်တွေကို ဝတ်ပြုတဲ့အခါ
ဘုရားရှင်ရဲ့ ဂုဏ်တော်ကို ပွားများ​အောက်​​မေ့ရမယ့်​​အစား
ရုပ်ပွါးတော်​ကိုရှိခိုးပြီး ​ရုပ်ပွါးတော်​မှာသာ လမ်းဆုံး​နေရင်
ဂုဏ်​​တော်​​တွေကို ​စေတီတွေ ရုပ်ပွါးတော်တွေက
ကွယ်​​နေတာ ဖြစ်တဲ့အတွက် အဲသလို​ စေတီရုပ်ပွါးတော်
ပြောဆိုတာ ဖြစ်တယ် …
[၁၆]
" ရုပ်ပွါးတော် ထုရာသွန်းရာတွင်
သတိပြုရမည့်အချက်များ"
ဆရာတော်က ဆက်လက်မိန့်ကြားသည်မှာ
ရုပ်ပွါးတော် ထုရာ သွန်းရာမှာ ပါသာဒိကဂုဏ်တော်နဲ့
ပြည့်စုံအောင် ကြည်ညိုဖွယ် အသရေတော်ဆောင်နေတဲ့
ပုံမျိုးထုရမယ် ဒကာတို့ရဲ့ …
တတ်နိုင်သမျှ  ပိဋကတ်တော်လာ
လက္ခဏာတော်တွေနဲ့  ပြည့်စုံတဲ့
အသွင်ကိုဆောင်အောင် ထုလုပ်ရမယ်။
လှပဖို့ဆိုပြီး မိန်းမတွေရဲ့
မျက်နှာအသွင်မျိုးမထုလုပ်အပ်ဘူး။
နောက်ပြီး …
(၁)
လက်တဘက်ကို  အမြင်မတော်ဟန်
ဆန့်ခြင်း တန်းခြင်း ကွေးခြင်း ကောက်ခြင်း
အလေးပြုဟန် ခေါင်းကုတ်ဟန်ပြုခြင်း
အစရှိသည့် မသင့်မတော်တဲ့ လက်ဟန်ထုခြင်း…
(၂)
လည်ကုပ်တိုခြင်း လည်ကုတ်အလွန်ရှည်ခြင်း
ပူအိုင့်စွာထုခြင်း…
(၃)
ဝမ်းဗိုက်ပူနှင့် ထုခြင်း
ဝမ်းဗိုက်အလွန်ပိန်လှီစွါ ထုဆစ်ခြင်း…
(၄)
တိရစ္ဆာန်မျက်နှာ…
မျောက်မျက်နှာပမာ …
မျက်နှာပေါက်ဆိုးစွာ ထုခြင်း…
(၅)
တစ္ဆေ သူရဲ
မြေဘုတ်ဘီလူးပမာ
ကြောက်မက်ဖွယ် မျက်နှာထုခြင်း …
စသော ကြည်ညိုဖွယ် တင့်တယ်မှုကင်းသော
ပုံသဏ္ဌာန်မျိုးများ မထုလုပ်အပ်ဘူး ဒကာတို့။
[၁၇]
တကယ်လို့များ ရုပ်ပွါးတော်ကြီးကိုသာ
ဒကာတို့ထဲက တဦးတယောက်ပုံများထုဆစ်ရင်ဖြစ်ဖြစ်
ဗိုလ်ချုပ်မှူးကြီူသန်းရွှေ(ငြိမ်း)+ဒေါ်ကြိုင်ကြိုင်အား
အမှူးထားပြီး ဗိုလ်ချုပ်တွေ လှူဒါန်းထားသော
လက်တဖက်နောက်ပစ်ဟန် ပျဉ်းမနားမြို့
မင်းဝံတောင်က ရုပ်ပွါးတော်တွေလို
ထုဆစ်ကြရင်ဖြင့်ဖြင့် လာရောက်ဖူးမြော်သူ
ပရိတ်သတ်ဟာ မသင့်မတင့် ရုပ်ပွါးတော်ကြောင့်
စိတ်မသက်မသာဖြစ်ကြပြီး ဘယ်လိုမှ ဂုဏ်တော်ကို
နှလုံးသွင်းနိုင်မှာ မဟုတ်ဘဲ ဘုရားကို ဆင်းတုကွယ်မှာ
အမှန်ပါပဲ  ဒကာတို့ …
ဒါ့ကြောင့် ဒကာတော်တို့ လေးဦးစလုံးရင်ထဲမှာ
စေတီ ရုပ်ပွါးတော်တွေ ဖူးမြော်ကြတဲ့အခါ
ဘုရားရှင်ရဲ့ ဂုဏ်တော်ကိုးပါးကို သတိတရနဲ့
တူညီနေကြတယ်ဆိုရင်  ရုပ်ပွါးဆင်းတုတော်ကြီးဟာ
ဒကာတော်တို့သဒ္ဒါတရားနဲ့ ထပ်တူတူညီတာမို့
အားလုံးနဲ့  တူတယ်လို့သာ ဆရာတော်
မိန့်ကြားလိုပါတယ်ကွယ် " ဟု
မိန့်တော်မူလိုက်လေရာ  ဘိုကြီးတက်ပု l
ဘိုးတော်ကျော်သောင်းl ဟိန္ဒူအမျိုးသားကြီး 
မရမ်းသီး l သူဋ္ဌေးကြီး ဦးလူကလေးတို့မှလည်း
အကျိုး အကြောင်းအချက်အလက် ခိုင်မာသောကြောင့်
စောဒကတက်စရာ မရှိတော့ဘဲ
" သာဓု သာဓု သာဓု " ပါဘုရားဟု ခေါ်ဆိုလိုက်သည့်
အသံသည် မြိုင်သာယာရွာအနီး
ပြည်တော်သာဆည်ကြီးအတွင်း
ပျံ့နှံ့သွားလေတော့ပေသတည်း …………
……………………………………………
…………………………………………………
…………………………………………………
                                         မောင်သုခ
                                       [26_Nov_2017]
No comments:
Post a Comment