" မစင် စားလိုသူများ " အပိုင်း (၁)
________
မောင်သုခ
__________
မြိုင်သာယာ ရွာသည် သန်လျင် ကျောက်တန်း
ကားလမ်းမနံဘေးတွင် တည်ရှိ၍
ပြည်တော်သာဆည်ကြီး၏ လက်ဝဲဘက်
မျက်စောင်းခပ်နာနာ ထိုးသော
နေရာတွင် ရှိ၏။
ရွာ၌ နေထိုင်သူများသည် နိုင်ငံရေး ဘာသာရေး
အလွန်ဝါသနာ ပါလှပြီး အငြင်းအခုန်သန်လှပေသည်။
ဘာမဟုတ်တဲ့ ကိစ္စနှင့်လည်း မပြီးနိုင် မစီးနိုင်
တရက်မှ နှစ်ရက် l နှစ်ရက်မှ သုံးရက် l
သုံးရက်မှ လေးရက် အစရှိသဖြင့်
မိမိတို့ နေအိမ်မပြန်ကြဘဲ
ငြင်းကြ ခုန်ကြတတ်ရာ တခါတရံ အိမ်သူများမှ
သူတို့ ငြင်းခုန်လေ့ရှိသောနေရာ မြိုင်သာယာ
ဘုန်းကြီးကျောင်းဝင်းသို့ အိမ်ပြန်လာကြရန်
လိုက်ခေါ်ကြရလေ့ရှိသည် အထိပင်။
ရွာသားများပဲ အငြင်းသန်သလား။ မဟုတ်ပေ။
မြိုင်သာယာ ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်
ဖြစ်သူ ဦးဇင်းခေမာနန္ဒက တရွာလုံးထက်ပင်
အငြင်းသန်သူဖြစ်လေ၏။
တခါက မန်ယူ အာဆင်နယ်
ဘောပွဲအကြောင်း ငြင်းကြရင်း မန်ယူဖန်ဖြစ်သူ
ဆရာတော်ဘုရား မခံမရပ်နိုင်ဖြစ်ကာ
ကျောင်းရှိ တီဗွီကြီးအား ကိုင်ပေါက် ရိုက်ခွဲတော်
မူပြီး သကာလ အာဆင်နယ် အားပေးကြသော
ဘုန်းကြီးဦးဥာဏ နှင့် ကိုရင်များကို တံမြက်စည်းဖြင့်
ညကြီးသန်းခေါင် လိုက်ရိုက်ဖူးလေ၏။
ထိုသတင်းအား ကြားပြီးသကာလ
အာဆင်နယ်ဖန် ဖြစ်သော ရွာတွင်း အရပ်အပုဆုံး
သူဋ္ဌေးဦးတက်ပု၏ တပည့်တို့ကလည်း မခံမရပ်နိုင်ဖြစ်ကာ
ရွာထဲနေ မန်ယူအားပေးသူ ရွာသားများနှင့်
စကားများ ရန်သက်ကြလေတော့သည်။
မြိုင်သာယာ ရွာဆိုသည်မှာ
ဤသို့ ဤနှယ် အငြင်းသန်ကြသော ရွာကြီး
ပေတကား ။
[၂]
ရွာတွင် လူစုံ တက်စုံ စရိုက်စုံ ဆိုသလို
တရွာလုံးတွင် အရပ်အပုဆုံးဖြစ်ပြီး ရွာတွင်း
အငြင်းအသန်ဆုံး သူများထဲ တဦးအပါအဝင်ဖြစ်သော
ဦး " တက်ပု " ဆိုသူကလည်း
သူများနှင့်မတူ တမူထူးခြားလေ၏။
ဦးတက်ပုသည် အာဆင်နယ်အသင်းကို
အားပေးသူတယောက်။ မန်ယူ ဖန်ဖြစ်သော
ကျောင်းထိုင်ဆရာတော်နှင့်လည်း
သူမတည့်။ အာဆင်နယ်အသင်း အားပေးသည့်
အာဆင်နယ်ဖန်ဖြစ်သူ ဦးဇင်း ဦးဥာဏနှင့်တော့
အတော်လေး သင့်မြတ်လေ၏။
ဆရာ ဒကာ တွေ ။
ဦးတက်ပု သည် ယခင်က နာမည်ကျော်
ဓါးပြကြီးဖြစ်ပြီး ယခုအခါမှသာ ဘုရားယောင်ယောင်
တရားယောင်ယောင် နေကာ ရွာတွင်း
လူဝင်ဆန့် လူကြီးလူကောင်း
ဖြစ်လာသော ခါတော်မီ ရွာသူဋ္ဌေးကြီးဖြစ်ပြီး
သူ့တွင် တပည့် ၁၅ ယောက် ရှိလေသည်။
သူ့ကို ရွာသူ ရွာသားများက ဂဏန်းတက်ပု
ဟူ၍ ခေါ်ကြလေသည်။ ဂဏန်းတက်ပုဦးဆောင်သော
ဆယ့်ခြောက်ဦးအဖွဲ့သည် ရွာတွင်း နိုင်ငံရေး လူမှုရေး
စီးပွါးရေး ဘယ်အကြောင်းအရာကို ဆွေးနွေးသည်ဖြစ်စေ
ဂလန့်တိုက်ကာ ဘုတောတောတတ်
ကန့်လန့်တိုက်တတ်သောကြောင့်
အဖွဲ့ခေါင်းဆောင် ဦးတက်ပုအား
ဂဏန်းတက်ပုဟု ခေါ်ကြပြီး
သူတို့အဖွဲ့ကို ဂဏန်း အဖွဲ့ဟူ၍ တရွာလုံးမှ
ခေါ်ဆိုကြလေသည်။
ရွာသူ ရွာသားများက တက်ပုအား
ဂဏန်းခေါ်သည်ကိုပင် ဦးတက်ပု တယောက်
ဂုဏ်ယူ၍ မဆုံး တပြုံးပြုံး နှင့်ပင် …
[၃]
ဦးတက်ပုဦးဆောင်သော ဂဏန်းအဖွဲ့ကြီး၏
ကန့်လန့်တိုက်ခြင်း မူဝါဒမှာ အလွန်အောင်မြင်သည်
ဆိုရမလိုပင်။ ရွာတွင်း ကျောင်းထိုင်ဆရာတော်
အရှင် ခေမာနန္ဒ ဦးဆောင်သော အငြင်းတကာ့
အငြင်းသန်သူများပင် ကြာလာတော့
စိတ်ပျက်လာချေပြီ။
ဘာမှ ပြောမရ ဆိုမရ ။ ဆွေးနွေး၍ မရ။
အကောင်း အဆိုး ဘာပြောပြော အပြင်းအထန်
ကန့်ကွက်၍ ကန့်လန့်ချည်း
တိုက်နေတတ်သောကြောင့် ဆရာတော်ဦးစီးပြီး
တက်ပုတို့ ဂဏန်းအဖွဲ့ကြီးကို ပညာပေးရန်
ရွာသူ ရွာသားများနှင့် တိုင်ပင်ကြလေတော့၏။
အစီအစဉ် အသေးစိတ်မှာ
ရွာတွင်း ကလေးသူငယ်များ
အီးအီးထွက်ပါက ကလေးသဘာဝပီပီ
ရုန်းရင်း ကန်ရင်း သူတို့ပါသော
မစင်များကို သူတို့ ပြန်လည် စားမိတတ်လေ၏။
ထိုသို့ အဖြစ်အပျက်ကို လူကြီးများက တွေ့ရင်း
ရေဆေးကြောရင်းမှ ကလေးမစင်များ ရေဆေးပေးသူ
မိဘ လူကြီးတို့၏ ပါးစပ်ထဲ မဝင်ရန်
မစင်မစားမိကြစေဖို့ အထူးသတိပြုရန်
အဆိုအား ရွာဦးကျောင်းအစည်းအဝေးတွင်
ရွာသူ ရွာသားများက အဆိုတင်ကြမည်။
ဒါကို ဆရာတော်က ထောက်ခံဆွေးနွေးမည်
ဖြစ်၏။
အမြဲကန့်လန့်တိုက်တတ်သည့် တက်ပုဦးစီးသော
ဂဏန်းအဖွဲ့မှ ဒီအဆိုအား ကန့်လန့်တိုက် ကန့်ကွက်လျှင်
မစင်များ စားလိုသော သဘောဖြစ်မည့်အတွက်
မစင်ကျွေးကြမည်ဟု တိုင်ပင်ထားရှိလေတော့၏။
[၄]
ရွာအစည်းအဝေး စတင်ပြီ ဖြစ်၏။ ရွာ့မျက်နှာဖုံး
ဖြစ်သော သူဋ္ဌေးကြီး ဦးသုခမှ ရွာသူ ရွာသားများ
မစင်မစားမိကြစေရန် အဆိုကို
တင်လေတော့၏။
ကလေးသူငယ်များ
အီးအီးပါပြီးလျှင် ရေဆေးကြောရင်းမှ
ကလေးမစင်များ ပါးစပ်ထဲ မဝင်ရန် လူကြီးများ
မစင်မစားမိကြစေရန် အထူးသတိပြုရန်
အဆိုအား ဦးသုခမှ တင်သွင်းလိုက်ရာ
မြိုင်သာယာ ကျောင်းထိုင်ဆရာတော် ရှင်ခေမာနန္ဒက
ထောက်ခံဆွေးနွေးလေ၏။
" မစင်ဆိုသည်မှာ လူတို့၏ ခန္ဓာကိုယ်မှ စွန့်ထုတ်သော
အညစ်အကြေးဖြစ်၏။ သာမာန်မျက်စိဖြင့်
မမြင်နိုင်သော သံကောင် တုပ်ကောင်များ
အညစ်အကြေးတွင် ပါဝင်လာတတ်သောကြောင့်
လူကြီးမိဘများ အထူးဂရုစိုက်သင့်ပြီး လက်ကို
ဆပ်ပြာနှင့် သေချာ ဆေးကြောသင့်ကြောင်း "
မိန့်ကြားဆွေးနွေးလေသည်။
ရွာသူ ရွာသားများကလည်း အဆိုအား
ထောက်ခံဆွေးနွေးကြလေရာ အငြင်းသန်ကြသော
မြိုင်သာယာ ရွာ၏ ဆွေးနွေးပွဲသည် ဒီတခါတော့
ညီညီညွတ်ညွတ်ရှိနေကြလေတော့၏။
[၅]
ဦးတက်ပု တို့ ဂဏန်းအဖွဲ့ကြီး အလှည့်…
ဦးတက်ပုအား အဆိုကို ထောက်ခံပါသလား ကန့်ကွက်
ပါသလားဟု ကျောင်းထိုင်ဆရာတော်က
မေးမြန်းလေရာ ဦးတက်ပုသည် နံဘေးရှိ သူ့တပည့်ဖြစ်သူ
စာတတ်ဖိုးစီ ကို ကန့်လန့်တိုက်ဆွေးနွေးရန်
ပါးစပ်ကို လက်ဝါးကာ၍ တီးတိုး
ပြောလိုက်လေသည်။
စာတတ်ဖိုးစီလည်း ရှူးတိုက်လေက
ဘာမသိ ညာမသိ ဘုန်းကြီးလား သူခိုးလား
အမှားလား အမှန်လား မိမိအန္တရာယ် မိမိမမြင်
တစွတ်ထိုး ထိုးလုပ်တတ်သည့် ထုံးစံအတိုင်း
" လူတိုင်း မစင်စားသင့်ကြောင်း " အဆိုကို
အောက်ပါအတိုင်း ကျကျနနကြီး
အားရပါးရ ပါးစပ်တပြင်ပြင်ဖြင့်
ဆွေးနွေးလေတော့၏။
[၆]
ဦးတက်ပု၏ တပည့်ကျော် စာတတ်ဖိုးစီ
ပြောကြား သည်မှာ
ဟုတ်ကဲ့ ကျွန်တော်တို့ လူတွေဟာ မစင်ကို
စားသင့်ပါတယ်။ အနောက်နိုင်ငံတွေမှာဆို
မစင်ပုံသဏ္ဍာန်တွေနဲ့ စားသောက်ဖွယ် အမျိုးမျိုး
ထုတ်လုပ်လာကြပြီ ဖြစ်သလို မိလ္လာခွက်တွေထဲမှာလည်း
စားစရာ သောက်စရာတွေ ထည့်ပြီး စားသောက်
လာကြတာကို တွေ့ရပါတယ်။
တကယ်လို့များ မြိုင်သာယာရွာသူရွာသားတွေ
အပါအဝင် မြန်မာပြည်သူတွေသာ မစင်စားကြရင်
အစားအသောက် ကုန်ကျစရိတ်လည်း အတော်လေး
သက်သာသွားကြမှာ ဖြစ်ပါတယ်။
စီးပွါးရေး နှေးကွေး ကျဆင်းနေတဲ့ အခုလို
အချိန်မှာ ရွာသူ ရွာသားတွေဟာ မစင်စားခြင်းဖြင့်
စားရိတ်စားခ ကိုလည်း ချွေတာရာ ရောက်မှာအမှန်ပါပဲ။
ဒါ့ကြောင့် ဆရာတက်ပုရဲ့ တပည့် ကျွန်တော် စာတတ်
ဖိုးစီကတော့ " လူတွေ မစင်စားသင့်ကြောင်း "
အကြံပြု ထောက်ခံ ဆွေးနွေးပါတယ်။
[၇]
စာတတ် ဖိုးစီ၏ ဆွေးနွေးမှုအပြီး
မြိုင်သာယာ ရွာသူ ရွာသားတို့လည်း
မျက်လုံးပြူး မျက်စံပြူး ဖြစ်ကြလေပြီ…
အော့သူကအော့ …
ရွံသူက ရွံ …
ရင်ဘတ်ကို လက်ဖြင့် ဖိသူကဖိ…
တော်သေး၏။ ဂဏန်းတက်ပု၏ တပည့်မှာ
၁၅ ဦးသာ ရှိပေလို့ ။ အယောက်သုံးဆယ်လောက်သာ
ရှိပေက မဲခွဲပြီး နိုင်လျှင် ယခု အဆိုကြီး အတည်သာ
ဖြစ်သွားလိုက်ပါက တရွာလုံး ပြဿနာ
တက်နိုင်လေ၏။အော့ … ရွံစရာ …
နှလုံးမသာ မယာ… မထိတ်သာ …
မလန့်သာ ပေတကား …
ရပ်ရွာအစည်းအဝေး တက်လာကြသူ
အယောက် လေးဆယ် နှင့် ဦးဇင်း ခုနှစ်ပါး
စုစုပေါင်း ၄၇ ဦး ရှိကြပေရာ " မစင်စားသင့်ကြောင်း
အဆို " ကို မဲခွဲလေက မည်သို့ပင် ဆိုစေ
ထောက်ခံသူ ဦးတက်ပုတို့ ဂဏန်းတသိုက် မှာ
(၁၆) မဲသာ ရှိတာမို့ မဲရှုံးမှာ
ဧကန်ဖြစ်၍သာ တော်တော့၏။
ဘယ်သူကများ မစင် စားလိုပါသနည်း …???
ကန့်လန့်တိုက်တိုင်း ကောင်းသည် မဟုတ်…
ကန့်လန့်အတိုက်လွန်လျှင် မစင်
စားရကိန်းပင် မဟုတ်လေလော…???
[၈]
ဂဏန်းတက်ပုသည် သူအလွန်ရင်းနှီးသော ဆရာတော်ကို
မျက်ရိပ် မျက်ချည် လှမ်းပြလိုက်လေသည်။
ဆရာတော် ဦးဥာဏ ဖြစ်၏။
ဆရာတော် ဦးဥာဏ သည် ဦးတက်ပု၏
ဆရာတော် အရင်း ။ ဦးတက်ပုကဲ့သို့ပင်
အာဆင်နယ် ဘောလုံးအသင်းကို အားပေးသော
အာဆင်နယ် ဖန်ဖြစ်၏။ ဒီလိုပွဲမျိုး ဦးတက်ပုဘက်က
မပြောလို့ ဘယ်ဘက်က ပြောရမည်နည်း ။
မန်ယူဖန်တွေ သေဖို့သာပြင်။တရွာလုံး မန်ယူ
မန်ယူ ဒီလောက်ဖြစ်နေကြတာ ချေးစားဖို့သာ
ပြင်ကြလေရော့ ……………
……………………………………
ဆရာတော် ဦးဥာဏ မှ " အဟင်း… အဟင်း… " ဟု
ချောင်းဟန့်ရင်း ဆွေးနွေးပွဲထဲသို့ ဝင်ရောက်
မိန့်ကြားရန် ဟန်ပြင်လိုက်ရာ မြိုင်သာယာ
ဘုန်းကြီးကျောင်းတခုလုံး အပ်ကျသံမျှပင်
မကြားရအောင် တိတ်ဆိတ်သွားလေတော့၏။
ပိဋကတ်တော် အကိုးအကားများဖြင့်
အောက်ပါအတိုင်း
ဆရာတော် မိန့်ကြားလေပြီ ……………
………………………………………
……………………………………………
အပိုင်း (၂)
ဆက်ရန်…………
………………………
မောင်သုခ
[18- NOV- 2017]
No comments:
Post a Comment