Monday, December 4, 2017

အစိုးရသစ်_မီးဖွားရန်_အချိန်တန်ပြီလော…

" အစိုးရသစ်_မီးဖွားရန်_အချိန်တန်ပြီလော…??? "

_________
မောင်သုခ
_____________

[၁]

ဆရာမောင်ထင်၏ ဂန္ထလောက (၁၉၃၈)
ပါ " ဆေးဆရာ " ဟူသော ဝတ္ထုတိုလေးအား
ဖတ်ဖြစ်လေ၏။

ထိုဝတ္ထုတွင် ကနောင်မြို့ ကြက်ဆူတောရပ်နေ
ဆရာအို၏ ဆေးပညာ ကုထုံးအချို့
အကြောင်းပါဝင်လေသည်။

ဆရာအိုသည်ကနောင်ဆရာပို၏တပည့် l
တောင်သာဆရာ၏ တပည့် l ခြောက်လုံး ဆရာမှို၏တပည့်
စသည်ဖြင့် ဆရာကြီးများထံ တပည့်ခံဖူးလေ၏။

ဆရာမှိုဆိုသည်မှာ ခြောက်လုံးပလိပ်ကပ်ကုထုံးနှင့်
ခြောက်လုံးဋီကာ ကျမ်းပြုစုခဲ့သော
ဆေးဆရာကြီး ဖြစ်၏။

ဆရာမှို၏ အိမ်တွင်
အမြဲတမ်းအားဖြင့် တပည့်တပန်း အစိတ်
သုံးဆယ်ခန့် ရှိတတ်သည်။

[၂]

တခါသော် ဆရာမှို၏ နေအိမ်တွင်
ဆရာမှို၏ ဇနီးဖြစ်သူ  မီးဖွားရာ၌ အခက်ကြုံ
နေလေတော့၏။ ဆရာမှို၏ ဇနီးမှာ ဤအကြိမ်
ပထမအဦး မီးနေရခြင်းဖြစ်သည်။ဆရာမှိုသည်
ဂရုဓမ္မကြီးစွါ မိမိ၏ ဇနီးသည်ကို ကြည့်ရှုဆေးဝါးပေးသည်။
သို့သော် ဓမ္မတာမှာ ထုံးစံထက် နှစ်နာရီကျော် ပို၍
ကြာလာသဖြင့် ဆရာမှိုသည် စိုးရိမ်မကင်းဖြစ်လာလေသည်။

ဆရာမှိုသည် ဆရာအိုအား အနားခေါ်တော့၏။

ဆရာအိုလည်း မီးနေသည်ကို ကြည့်သည်။
မီးနေသည်၏ အခြေအနေမှာ
ခွန်အားဆုတ်ယုတ်ပုံလည်း မရ။မျက်နှာလည်း
ပြည့်ပြည့်ဖြိုးဖြိုးပင် ။ သွေးလေလည်း မှန်၏။
သို့သော် အချိန်တန် အချိန်စေ့ပါလျက်
အဘယ့်ကြောင့် မီးမဖွားသနည်း။

စဉ်းစား၍ မရနိုင်ဖြစ်ရလေသည်။
ဆရာအိုသည်  အချိန်အတန်ကြာမျှ
တွေဝေနေလေသည်။

ပြီးလတ်သောအခါ ဆရာမှိုအား " ဆရာ ကျွန်တော်
ရေမိုးချိုးပြီး အကြံထုတ်ပါရစေဦး။ ဆရာ့တပည့်တွေလည်း
မီးနေသည် အိမ်အပေါ် တင်းကြမ်းပြည့်နေတာ
ကျွန်တော် ခေါ်သွားပါရစေ။လူမမာ အားနာပါတယ် "
ဆို၍ ဆရာအိုသည် အိမ်ပေါ်မှ ဆေးဆရာလောင်း
တပြုံတခေါင်းကြီးအား အတင်းခေါ်ငင်သွားလေသည်။
များမကြာမီ ဆရာမှို၏ ဇနီးသည်သည် ကျန်းမာသော
ကလေးအမေ ဖြစ်လာလေသည်။

[၃]

" ဆရာမှို တယောက်  ဆရာအိုကို  ကျေးဇူးတင်မဆုံး "

ဖြစ်ပုံမှာ ဆရာမှို၏ ဇနီးက အပျိုသားမွေး ။
ယောကျာ်းများ မီးနေသည်အိမ်ပေါ် တပြုံတခေါင်းကြီး
အစိတ်သုံးဆယ်ကျော် ရှိလေရာ သားဦးမွေးသူမို့
အလွန် ရှက်လေ၏။ရှက်သည့်သဘောက ဓမ္မတာကို
ထိန်းထားလေရာ မီးဖွားသင့်သည့်အချိန်၌ မဖွားဘဲ
အခက်ကြုံရတော့သည်။

ဒါကို  ဆရာအို  က တွေးမိလေရာ
ဆေးဆရာလောင်း သူတော်ကောင်းများကို
မီးဖွားရာနှင့် ဝေးရာ ခေါ်သွားတော့မှ
လွယ်ကူစွါ  မွေးပေတော့ သတည်း။

စာရေးသူသည် ဆရာမောင်ထင် ရေးသားသော
အထက်ပါ  ဝတ္ထုတိုလေးအား ဖတ်မိပြီး
တွေးမိသည်မှာ ငါတို့ တင်ထားသော
အစိုးရသည် ဤသို့များ ဖြစ်နေလေမလား…???
ဆင်ခြင်မိ၏။

[၄]

အစိုးရသစ်သည်  လတ်လတ်ဆတ်ဆတ်ပင်
ပြည်သူနှင့် အိမ်ထောင်ကျသော အပျိုစင်လေးဖြစ်သည်။

ပြည်သူကတော့ အာဏာရှင်လို မိန်းမမျိုးလည်း
ပေါင်းဖူး၏။ခရိုနီလို မိန်းမမျိုးလည်း ပေါင်းဖူး၏။

အဏာရှင်လို  မိန်းမမျိုးကြောင့်
ငရဲလည်း အကြိမ်ကြိမ်ကျဖူးသည်။

ခရိုနီလို  မိန်းမမျိုးကြောင့်
အငတ်ဘေးလည်း အကြိမ်ကြိမ်ကြုံဖူးသည်။

အာဏာရှင် မိန်းမမျိုး၏ ယုတ်တာ ဖောက်ပြားတာ
နောက်မီးလင်းတာကိုလည်း ခံခဲ့ရဖူး၏။
ခရိုနီလို မိန်းမမျိုးကြောင့်  ပလိုင်းပေါက်နှင့် ဖားကောက်
ခြင်းမျိုးလည်း ကြုံရဖူး၏။

[၅]

ပြည်သူလူထုကလည်း
အစိုးရသစ်ကဲ့သို့  အကျင့်စာရိတ္တကောင်းမွန်ပြီး
မျိုးရိုးမှန်သော မိန်းမပျိုလေးကို  တန်ဖိုးအလွန်ထား၏။
အလွန်ဂရုစိုက်၏ ။ မျက်စိအောက်က အပျောက်မခံ။
ပြည်သူ အားလုံးအတွက် ယခု ပြည်သူ့အစိုးရသစ်သည်
" နောက်ဆုံး အချစ် " ဟုပင် ဆိုချင်ပေတော့သည်။

ခက်တာက ပြည်သူ့အစိုးရသစ်သည်
ပြည်သူနှင့် ပေါင်းဖက်လာတာ နှစ်နှစ်ကျော်ကြာလာပြီဖြစ်၍
နေ့စေ့လစေ့ကြီး ဖြစ်သော်လည်း ယခုထက်ထိ
ပြည်သူလုထု၏  " မျှော်လင့်ခြင်း ကလေးငယ်အား "
မီးမဖွားသေးသော ပြဿနာဖြစ်၏။
အသို့နည်း …???

ပြည်သူအပေါင်းလည်း 
မျက်ကလူးဆန်ပြာဖြစ်လေပြီ။
စိုးရိမ်သောက ရောက်ရချေပြီ။

[၆]

အဘယ့်ကြောင့်နည်း …???
မွေးဖွားသင့်သည့် နေ့ လ စေ့နေပြီ
မဟုတ်လော …???
ဘာ့ကြောင့် ဆင်ကြီးတကောင်လုံးမြိုပြီး
အမြီးကျမှ တစ်ဆိုသလို အပေါက်ဝရောက်မှ
တစ်နေရသနည်း …???

(၁)
အိမ်ပေါ်တွင် တမိတည်းပေါက်
တိုင်းရင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွါး
မညီမညွတ်  ဖြစ်နေကြပြီး
ငြိမ်းချမ်းရေး မရသေးသောကြောင့်
မီးမဖွားသေးတာလော …???

(၂)
အနောက်တံခါးပေါက်က ခိုးဝင်ဘင်္ဂါလီများ
အိမ်အပေါ် အတင်းခွတက်သောကြောင့်
၎င်းအကြမ်းဖက်သမားများကို ထိတ်လန့်သောကြောင့်
မီးမဖွားသေးသည်လော …???

(၃)
ခြံလုံခြုံရေးချထားသော လက်နက်ကိုင်ဝန်ထမ်းများ
ခြံလုံခြုံရေးမယူဘဲ အိမ်ပေါ်တက်ခွထိုင်နေသဖြင့်
၎င်းတို့နှင့် ရင်ကြားစေ့နေရသောကြောင့်
မီးမဖွားသေးသည်လော …???

(၄)
အကဲပိုနေသော ပြည်သူများ
အပျိုစင် ကလေးမွေးတာကို  အလိုက်မသိဘဲ
အားမလို အားမရ မျက်စိဒေါက်ထောက် ကြည့်နေလို့များ
အရှက်ပိုကာ မီးမဖွားသေးသည်လော …???

ဒီလိုသာ  အမှန်ဆိုပါက
ပြည်သူလုထု၏  " မျှော်လင့်ခြင်း ကလေးငယ်အား "
အစိုးရသစ်မှ မီးဖွားနိုင်ရန်အတွက်
တိုင်းပြည်၏  အဓိက လိုအပ်ချက်များကို
ဆန်းစစ်ကြည့်မိလေရာ  အောက်ပါ အချက်များကို
တွေ့ရလေ၏။

[၇]

(၁)
အချင်းချင်း ညီညွတ်၍
ငြိမ်းချမ်းရေး အမြန်ရရန် …

(၂)
အနောက်တံခါးပေါက်လုံခြုံရန် …

(၃)
ခြံလုံခြုံရေးများ မိမိအလုပ်
မိမိတို့ သေချာလုပ်ပြီး တာဝန်ကျေရန် …

(၄)
ပြည်သူများ အားမလိုအားမရမှုကို
ရှောင်ရှားပြီး အမှန်တကယ်လိုအပ်သော
အကူအညီများ ပေးကြရန်  အစရှိသည်တို့ကို
တွေ့ရလေ၏။

ပြည်သူလူထု အနေဖြင့်  ငရဲကျခံရပြီး
မျောက်မထား သစ္စာဖောက်တတ်သည့်
အာဏာရှင်လို  မိန်းမမျိုးလည်း ပြန်မပေါင်းလိုသဖြင့်
တရားဝင် ကွာရှင်းပြတ်စဲပြီးပေပြီ။
ဘယ်တော့မှလည်း ပြန်မပေါင်းချင်တော့။
မျက်ခွက်ပင် မကြည့်လို ။

ယခု အရေးကြီးသည်မှာ အစိုးရသစ်အဖို့
ပြည်သူလုထု၏  " မျှော်လင့်ခြင်း ကလေးငယ်အား "
မီးဖွားရန်သာ ဖြစ်ပေသောကြောင့်
ပြည်သူများအဖို့ အစိုးရသစ်အပေါ်
မျက်စေ့ဒေါက်ထောက်ကြည့်ပြီး
ပေါက်ကရပြောနေကြခြင်းနှင့်
အားမလိုအားမရမှုများကို ရှောင်ရှားပြီးသကာလ
အမှန်တကယ်လိုအပ်သောအကူအညီများ
ပေးကြရန်သာဖြစ်ကြောင်း
အကြံပြုရေးသားရပေသည်။

[၈]

စာရေးသူအနေဖြင့် ပြည်သူတို့ အဓိက
လိုအပ်သည်မှာ
"  ပြည်သူသာ အမိ  ပြည်သူသာ အဖ "
ဆိုသော စကားဖြင့် ပြည်သူကို " အမိ အဖ "
အမည်တပ်ပြီး လုပ်ချင်ရာ လုပ်ကြသော
ရန်သူမျိုးငါးပါး အနွယ်ဝင် အမွေခံ
သားဆိုး သမီးဆိုးများဒဏ် ကို တင်းပြည့် ကျပ်ပြည့်
ခံသားဝ ခဲ့ပြီ ဖြစ်သောကြောင့် ယခုအခါတော့
ပြည်သူလူထုအပေါ်  " အိမ်ဦးနတ် " ကဲ့သို့
သဘောထားသော အကျင့်မှန် မျိုးရိုးမှန်သော
ဇနီးမယားကိုသာ အလိုရှိနေပေတော့သည်။

သို့ဖြစ်ပါကြောင့်  စာရေးသူအဖို့
အစိုးရသစ် အား ပြည်သူလူထု၏
ဇနီးမယား ဝယ်  ဤသို့  ဤနှယ် ခိုင်းနှိုင်း
ပုံပြုရခြင်းကို နှလုံးပီတိ ဂွမ်းဆီထိ၍
သဘောအလွန်ကျမိလေ၏။

အစိုးရသစ်ဟူသော အပျိုစင်လေးအား
ကန့်ကွက်မှုများကြားမှလည်းကောင်း
အမျိုးမျိုးသော အခက်အခဲများ ကြားမှလည်းကောင်း
ပြည်သူနှင့် ပေါင်းဖက်ပေးရန်
စေ့စပ်ကြောင်းလမ်းခဲ့သော
အစိုးရသစ်၏ မိခင်တဖြစ်လည်း ပြည်သူ၏ မိခင်လည်းဟုတ်
ယောက်ခမလည်း ဟုတ်သည့် လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း
မှတ်တမ်းတင် ရေးသားလိုက်ရပေတော့ သတည်း ……
…………………………………………………
……………………………………………………
…………………………………………………

                                       မောင်သုခ
                                     [20 -Nov -2017]

No comments:

Post a Comment