" စာရေးဆရာ_ဆိုသည်မှာ " (သရော်စာ)
_________
မောင်သုခ
___________
[၁]
" စာပေ ညီလာခံ "
ပြည်တော်သာ ဆည်သည် သန်လျင်ကျောက်တန်း
ကားလမ်းမ နံဘေး မြိုင်သာယာရွာ၏
လက်ဝဲဘက်သို့ မျက်စောင်းခပ်နာနာထိုးသော
နေရာတွင် တည်ရှိလေ၏။
ဆည်ကြီး ပတ်ဝန်းကျင် ရွာအသီးသီးသည်
စာရေး စာဖတ် ဝါသနာပါလွန်းသောကြောင့်
သန်လျင် ကျောက်တန်း ရန်ကုန် နယ်တခွင်လုံး
စာပေအရေးကိစ္စနှင့် ပက်သက်လေက
ပြည်တော်သာ ဆည်အနားတဝိုက်
ရွာသူ ရွာသားတို့အား ဖိတ်ခေါ် ဧည့်ခံ၍
အကြံဥာဏ်ယူရမြဲ ။
[၂]
" စာဂျပိုး စာဘိုးအေ များ "
ယခုနှစ် နိုဝင်ဘာလတွင်
စာပေညီလာခံကြီး ကျင်းပလေရာ
ပြည်တော်သာ ဆည်ကြီး အနီးတဝိုက်
ရွာသူ ရွာသားများကိုလည်း
ဖိတ်ခေါ်ထားလေတော့၏။
စာပေညီလာခံ ကျင်းပရာ နေရာသည်ကား
ပြည်တော်သာ ဆည်ကြီး အတွင်းတွင်ဖြစ်၏။
စာပေညီလာခံ စတင်ကျင်းပသည့်နေ့တွင်ပင်
ရွာအလိုက် ရွာအလိုက် " စာရေး ဆရာ " အမည်များ
တင်သွင်းကြလေရာ အနှီ " စာရေးဆရာဆိုသည်မှာ "
ပြဿနာကြီး စတင်လေတော့၏။
အငြင်းအသန်ဆုံး စကားအများဆုံး
စာသံပေသံ စာကြီးပေကြီး အကိုးအကားများ
ဟိတ်ကြီး ဟန်ကြီး အသုံးအနှုံး အများဆုံး
သုံးကြသည်မှာလည်း ဆည်ကြီးတဝိုက်
ရွာများမှ ရွာသူရွာသား များပင်ဖြစ်လေသည်။
တခြား တပါးသော အဝေးအနီးမှ လာကြသော
ရွာသူ ရွာသားတို့မှာ ထိုသူ စာဂျပိုး စာဘိုးအေ များ၏
ငြင်းကြ ခုန်ကြ ခနဲ့ကြ ရွဲ့ကြတာ ကြည့်ပြီး ဘာကအမှန်
ဘာက အမှားပင် မဆုံးဖြတ်နိုင်လောက်အောင်
ပထမတရက်တွင် ခေါင်းကုတ် ဖင်ကုတ်ဖြင့်
စဉ်းစား တွေးတောပြီး ပြန်သွားကြလေ၏။
[၃]
" အိုစမာ ဘင်လာဒင် ဖိုးထောင် "
ဒုတိယနေ့ ညီလာခံကြီး ပြန်လည်စတင်ပြီဖြစ်၏။
မနေ့က ငြင်း၍ မပြီးပြတ်ခဲ့သော
" စာရေးဆရာ ဆိုသည်မှာ " ပြဿနာပင်
ညီလာခံ အဖွင့် အနေဖြင့် စတင်ဖြစ်လေတော့၏။
မြိုင်သာယာ ရွာသားတဦး ဖိုးထောင်သည်
ဖေ့ဘုတ်တွင် " Osamar Binlardin ( အိုစမာ ဘင်လာဒင်)"
အမည်ဖြင့်စာများ ရေးသားသူ ဖြစ်၏။ သူသည် ဖော်လိုဝါ
ကိုးသန်းကျော် ရှိလေသည်။ သူ၏ ပရိုဖိုင်းသည်
" အိုစမာ ဘင်လာဒင် " ပုံ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးနှင့်
ပုံ ဖြစ်ပြီး (cover photo).သည်
ဘင်လာဒင် ၏ နောကျော၌ စာအုပ်စင် အကြီးကြီး
ပါရှိသော ပုံဖြစ်၏။
သူ၏ ဖေ့ဘုတ်တွင် နာမည်ကျော်ကြားသော
ဥပဒေသ စကားရပ်မှာ " အကြမ်းဖက်ခြင်း
(အကြမ်းဖက်ဝါဒ)သည် အနုပညာ "
" terrorism is Art " ဟု
အမည်ရသော စကားဖြစ်လေသည်။
သူ့ဖော်လိုဝါများသည်
သူ့ကို ဘယ်နိုင်ငံသားမှန်းမသိသလို
ဘယ်ကမှန်းလည်း မသိပေ။ ဘင်လာဒင်၏
ပုံကို တွေ့ပြီး " terrorism is Art " ဆိုသော
စကားလုံးအား တွေ့မြင်ပြီး သကာလ သူ့ကို
ဖရန့်အက်ကြ ဖော်လိုးလုပ်ကြခြင်း ဖြစ်ရာ
တစစနှင့် ဖိုးထောင်သည် ဖေ့စ်ဘုတ်တွင်
ဖော်လိုဝါ ကိုးသန်းအထိ ရှိလာခြင်းဖြစ်၏။
ဖိုးထောင် တင်သမျှ စာတိုင်းလည်း
ဘင်လာဒင် ပုံကို ဖိုတိုရှော့ စာတပိုင်းတစ တွဲလျက်ဖြင့်
တင်လေ့ရှိရာ ဘင်္ဂလားဒေ့ရှ် ပါကစ္စတန် နိုင်ငံခြားသား
များမှ အစ USA - UK နိုင်ငံသားများပါမကျန် Like ကြ
share ကြနှင့် ထောင်းလမောင်း ထနေလေတော့သည်။
ဖိုးထောင်ပိုစ့်အောက်တွင် မြန်မာနိုင်ငံသား
တဦးဦးမှ ကောမန့်ဝင်ရောက်ရေးသား
လိုက်သည်နှင့် ထိုကောမန့်အောက်တွင် ဘာသာစုံ
ဖြင့် သေနတ်နှင့် ပစ်မည် ဗုံးခွဲမည် အစရှိသဖြင့်
ဆဲကြ ဆိုကြ တုံ့ပြန်ကြသော ကောမန့်များ
ရာနှင့်ချီ ပလူပျံသွားပေတော့၏။
[၄]
" အိုစမာ ဘင်လာဒင်သည် စာရေးဆရာလော …??? "
ယခု စာပေညီလာခံတွင် ဖိုးထောင် တင်သွင်းသော
အဆိုမှာ " အိုစမာ ဘင်လာဒင် " အား စာရေးဆရာ
အဖြစ် အသိအမှတ်ပြုပြီးသကာလ စာပေကျေးဇူးရှင်အဖြစ်
ပြည်တော်သာဆည်ကြီးအတွင်း ရုပ်တုထုထားရန်
ကိစ္စပင် ဖြစ်လေတော့သည် ။
သန်လျင် ကျောက်တန်း ရန်ကုန် နယ်တခွင်မှ ရွာသူ ရွာသား
များမှလည်း ဖိုးထောင် တင်သွင်းသော အဆိုကို
မျက်လုံးပြူး မျက်စံပြူးနှင့် အပြင်းအထန် ကန့်ကွက်သူများ
ရှိကြသလို " အိုစမာ ဘင်လာဒင် " ဆိုသည်မှာ
မည်သူမှန်း မသိ၍ ထောက်ခံရနိုးနိုး ကန့်ကွက်ရနိုးနိုး
စဉ်းစားရ ကြပ်နေသူများလည်း ရှိကြလေ၏။
တချို့ရွာသားများကတော့ အောက်ပါအတိုင်း
မှတ်ချက် အမျိုးမျိုးပေးကြ၏။
" အိုစမာ ဘင်လာဒင် " ဆိုတာ ရတု စာဆိုကြီးကွ။
ဒါဖြစ်သင့်ပါတယ် …
" အိုစမာ ဘင်လာဒင် " ဆိုတာ လေးချိုးရေးတာပါကွ။
" အိုစမာ ဘင်လာဒင် " ဆိုတာ ပျို့တွေရေးခဲ့တာနဲ့
တူပါတယ်ဟ ။
" အိုစမာ ဘင်လာဒင် " က ပြဇာတ်ရေး ဆရာကြီးပါကွ။
" အိုစမာ ဘင်လာဒင် " က လေးချိုးရေးတာဆို
ငါ့ဘကြီးရဲ့ အဖေများလား ကွ ဟေ ……။
အထက်ပါအတိုင်း တယောက်တမျိုး မရိုးရအောင်
ငြင်းကြ ခုန်ကြသံများ ဆဲကြ ဆိုကြသံများ
ပြည်တော်သာဆည်ကြီး အတွင်း
ပွက်လောရိုက်နေကြပေတော့သည်။
စာပေညီလာခံမှ လူကြီးသူကြီးများလည်း
ရွာသူ ရွာသား ဧည့်ပရိတ်သတ်များ ပြဿနာ ကြီးစွါ
မတက်စေရန် ဖိုးထောင်၏ အဆိုအား မှတ်တမ်းတင်ထားရန်
သဘောတူလိုက်ကြပြီး နောက်ထပ် အရေးကြီးသော
စာပေ ရေးရာ အကြောင်းအရာကို
ဆွေးနွေးကြရန် ဆော်သြလိုက်ရလေတော့၏။
[၅]
" စပပျံ မဒေါင်းစိန် "
ဤနေရာတွင် တစခန်းထလာသည်မှာတော့
မဒေါင်းစိန် ဖြစ်၏။ မဒေါင်းစိန်မှာ ဖေ့စ်ဘုတ်
လူမှုကွန်ယက်တွင် " စပပျံ " ဟူသော
အမည်ဖြင့် ထင်ရှားကျော်ကြားသော
ဆယ်လီ တဦးဖြစ်လေသည်။
သူမကလည်း ဖော်လိုဝါ တသန်းကျော်ရှိသော
လူသိများသည့် " စပပျံ " ကလောင်အမည်ပိုင်ရှင်
ဖြစ်၏။
မဒေါင်းစိန်၏ ကလောင်အမည်ဖြစ်သော
" စပပျံ " သည် ကြားရသမျှ နားဝမချမ်းသာဆိုသလို
လူကြီး သူမတို့ ကြား၍ မသင့်တော်သောကြောင့်
စာရေးဆရာ အမည်စာရင်းတွင် မှင်နီတား၍
ချန်လှပ်ထားခဲ့သော်လည်း ညီလာခံ အတွင်းရေးမှူး
ဖြစ်သူ ဘကြီးမှုန်သည် မှင်နီတားသည်ကို
မမြင် မစမ်းနှင့် ကွန်ပျူတာ စာစီရာ၌ ထိပ်ဆုံးမှ
ထည့်ခိုင်းလိုက်လေရာ ရွာသူ ရွာသားများမှ
ကန့်ကွက်ကြလေတော့၏။
ဒါကို မဒေါင်းစိန် မကျေနပ် ။
လုံးဝကို မကျေနပ်။
မြန်မာနိုင်ငံ အစဉ်အဆက် စာရေးဆရာမှန်သမျှ
ဘယ်စာရေးဆရာက သူ့လောက် "ဖော်လိုဝါ" များသလဲဟု
ညီလာခံလာ ရွာသူ ရွာသား ဧည့်ပရိတ်သတ်တို့အား
မေးခွန်းထုတ်လေတော့၏။
ရွာသူ ရွာသား အချို့ကလည်း "ဖော်လိုဝါ "ဆိုတာ
ဘာကြီးမှန်းမသိ ။ အဖြူရောင်ပွင့်သော ဝါ လေလော…???
အဝါရောင်ပွင့်သော ဝါ လေလော …??? ပန်းရောင်ပွင့်သော
ဝါပင်လေလော …??? ဇဝေဇဝါ ပင် ။ "ဖော်လိုဝါ"ဆိုသည်မှာ
ဘယ်အရောင်ပွင့်သော ဝါပင်ကို ပြောသည်လဲ
မေးလည်း မေးချင်ကြသည်။ မေးလည်း မမေးရဲကြ။
မဒေါင်းစိန်၏ " စပပျံ " သည်
နာမည်ကြီးလှသည် မဟုတ်လေလော…
စာဂျပိုး စာဘိုးအေများ စာအုပ်နှင့် ကောက်ထုသည့်ဒဏ်
ကို ရွာသူ ရွာသားများ အကြိမ်ကြိမ် ခံရဖူးတော့
အမေးအမြန်းထူမယ့်အစား သိသလိုလို မသိသလိုလို
နေတာက အေးပေတော့မည် ။
ရွာသူ ရွာသား အချို့ကမူ မဒေါင်းစိန်ကို
ထောက်ခံကြလေ၏။
ဟုတ်ပေသည် မဒေါင်းစိန် မှန်၏။
မြန်မာပြည် အစဉ်အဆက် ဘယ်စာရေးဆရာမှ
မဒေါင်းစိန်တဖြစ်လည်း ကလောင်ရှင် " စပပျံ "
လောက် "ဖော်လိုဝါ " မများပေ။
ဖုန်းဆိုတာ ဘာမှန်းမသိ ။ ဖေ့ဘုတ်တောင် မသုံးတတ်
ခဲ့ကြသော ငတုံးကြီးများ ဖြစ်ကြ၏။ မဒေါင်းစိန်လို
ခေတ်ပညာတတ် လူငယ်တဦး အဘယ့်ကြောင့်
" စာရေးဆရာ " မဖြစ်နိုင်ရပေမည်နည်း …???
မဒေါင်းစိန်အား စာရေးဆရာ အဖြစ်
မသတ်မှတ်လေက ပြည်တော်သာ ဆည်တဝိုက်
" စပပျံ " များ ပလူပျံသွားမည်ဟု ထောက်ခံသူ
ရွာသူ ရွာသားများမှ တခဲနက် ကြွေးကြော်ကြလေ၏။
စာပေညီလာခံမှ လူကြီးသူကြီးများလည်း
ရွာသူ ရွာသားများ ဧည့်ပရိတ်သတ်များ
ပြဿနာ ကြီးစွါ မတက်စေရန်
မဒေါင်းစိန်တဖြစ်လည်း ကလောင်ရှင် " စပပျံ "ကို
စာရေးဆရာ အဖြစ် သတ်မှတ်ပေးရန်အတွက်
အရေးကြီး ကိစ္စအဖြစ် အမြန်ဆုံး အဖြေပြန်ပေးရန်
သဘောတူလိုက်ကြပြီး နောက်ထပ် အရေးကြီးသော
စာပေ ရေးရာ အကြောင်းအရာကို
ဆွေးနွေးကြရန် ဆော်သြလိုက်ရလေတော့၏။
[၆]
" ဖိုးတုတ် ခေါ် ရန်ကုန်မောင်တုတ်ကြီး "
ဤနေရာတွင် တစခန်း ထလာပြန်သည်မှာတော့
ကြာစီလ ရွာသား ဖိုးတုတ် ဖြစ်လေ၏။
ဖိုးတုတ်ကလည်း နှယ်နှယ်ရရတော့ မဟုတ်။
လူမှု ကွန်ယက် ဖေ့စ်ဘုတ်တွင် " ရန်ကုန် မောင်တုတ်ကြီး "
အမည်ဖြင့် ထင်ရှား ကျော်ကြားသူ ဖြစ်လေ၏။
သူကလည်း ဖော်လိုဝါ သုံးသန်းကျော်ရှိသော
ဆယ်လီ တယောက်ဖြစ်၏။ လူငယ် သူငယ်နှင့်
တကွ ဦးလှဆွေအပါအဝင် တဏှာပိုးကြွသော
အဘအမျိုးများပါမကျန် သူ့ဖော်လိုဝါ
များပင်ဖြစ်ကြသည်။
သူအဓိကရေးသားသော စာပေအမျိုးအစားမှာ
" ရသ တဏှာ " စာပေ အမျိုးအစား ဖြစ်လေသည်။
သူကလည်း " စာရေးဆရာ " ဆိုသည်မှာ
ကျန်းမာ အသက်ရှည်ခြင်းနှင့်တကွ
ကာလီဒါသထုံး နှလုံးမူလေသော " ကာမသျှတ္တရ "
ကျမ်းဂန်အလား မြန်မာမှုပြုထားသော " ရသ တဏှာ "
စာပေအမျိုးအစား ရေးသားသူ ကျွနုပ် " ရန်ကုန် မောင်
တုတ်ကြီး " ကိုမှ စာရေးဆရာ အရာ မသွင်းလျှင်
မြန်မာနိုင်ငံ၌ စာရေးဆရာဟူသည် မည်သူ့ကိုမှ
မခေါ်ထိုက်ဟူ၍ အဆိုထတင်လေတော့၏။
စာတတ် ပေတတ်ကြသော ပြည်တော်သာ
ဆည်ကြီး အနီးမှ ရွာသူ ရွာသား တချို့မှလည်း
ကာလီဒါသ ဆိုသည်မှာ ခရစ်သက္ကရာဇ်
ငါးရာစုအတွင်း ပါဋလိပုတ်ပြည်မှ ဥဇ္ဇေနီ ပြည်သို့
ပြောင်းရွှေ့နန်းစံတော်မူသော စန္ဒဂုတ္တခေါ်
ဝိကြမဒိတျ မင်းတရာကြီး
(၃၈၀-၄၁၃) လက်ထက်၌ နဝရတနာဟု
ထင်ရှားသော ပညာရှိကိုးဦးအနက်မှ
" သကုဏ္ဍလ " " မေဃဒူတ " တို့အားရေးသားသည့်
ပညာရှိ အမတ်ကြီးဖြစ်ပြီး " ကာမ သျှတ္တရ " ကျမ်းကို
လုံးဝ မရေးသားခဲ့ကြောင်း အပြင်းအထန်
ငြင်းဆန်ကြလေ၏။
[၇]
" ရန်ကုန်မောင်တုတ်ကြီး ပြောသော ကာလီဒါသ "
ကြာစီလ ရွာသား ဖိုးတုတ် တဖြစ်လည်း
" ရန်ကုန် မောင်တုတ်ကြီး " ကလောင်ရှင် မှာ
နယ်နယ်ရရ တော့ မဟုတ်ချေ။
သမိုင်းတလျှောက် ကာလီဒါသ အမည်ဖြင့်
ထင်ရှားကျော်စောခဲ့သော ပညာရှိသုခမိန် သုံးဦးတိတိ
ရှိကြောင်း ထိုကာလီဒါသတို့သည် တဦးနှင့် တဦး
နှစ်ပေါင်း ငါးရာကျော်မျှ ခြား၍ ပေါ်ပေါက်ခဲ့ကြောင်း။
ကာလီဒါသ (၁)
ခရစ်သက္ကရာဇ် (၁၁) ရာစု တွင် ဓာရာတိုင်းကို
အုပ်ချုပ်သော ဘောဇဘုရင်၏ ပညာရှိအမတ်
" ကာလီဒါသ " …
ကာလီဒါသ (၂)
ခရစ်သက္ကရာဇ်
ငါးရာစုအတွင်း ပါဋလိပုတ်ပြည်မှ ဥဇ္ဇေနီ ပြည်သို့
ပြောင်းရွှေ့နန်းစံတော်မူသော စန္ဒဂုတ္တခေါ်
ဝိကြမဒိတျ မင်းတရာကြီး
(၃၈၀-၄၁၃) လက်ထက်၌ နဝရတနာဟု
ထင်ရှားသော ပညာရှိကိုးဦးအနက်မှ
" သကုဏ္ဍလ " " မေဃဒူတ " တို့အားရေးသားသည့်
ပညာရှိ အမတ်ကြီး ကာလီဒါသ …
ကာလီဒါသ (၃)
ခရစ်နှစ် (၁၈)ရာစု အစောပိုင်း
အာဂရာမြို့ကို စိုးစံသော သြရာမ်ဇစ်ညုရင်၏ မြေးတော်
အက္ကဘာ မင်းကြီးလက်ထက်၌ ထင်ရှားကျော်ကြားခဲ့သော
ကာလီဒါသ ဘွဲ့ခံ " တူလ်ဆီဒတ် " တို့ဖြစ်ကြကြောင်း…
မည်သည့် ကာလီဒါသက ကာမသျှတ္တရ ကျမ်းကို
စီရင်ရေးသားသည် ဆိုသည်ထက် " ရန်ကုန် မောင်တုတ်ကြီး "
ကတော့ ကျမ်းအသစ်ပြုရန် စိတ်ဝင်စားသည်မို့
အရေးမကြီးလှကြောင်း …
မြန်မာပြည်၌လည်း နန်းစဉ်သုံး
" ကာမသျှတ္တရ " ကျမ်းတဆူ ပေါ်ပေါက်ခဲ့ဘူးသေးကြောင်း
ထီးသုံး နန်းသုံး ကာမသျှတ္တရကျမ်းသည်
မိဖုရား စုဖုရားလတ်ကြောင့် ပျောက်ကွယ်သွားသည့်
အတွက် မြန်မာပြည်တွင် အထူးလိုအပ်နေသော
" ကာမသျှတ္တရ " ကျမ်းကို ရေးသားရမည်ဖြစ်ကြောင်း…
ုပြန်လည်ချေပပြီး မြန်မာနိုင်ငံ၏ " နန်းစဉ်သုံး ကာမသျှတ္တရ"
ကျမ်းကြီး ပျောက်ဆုံးခဲ့ပုံအား အောက်ပါအတိုင်း
ပြည်တော်ဆည်ကြီး အတွင်း စာပေညီလာခံ
လာရောက်ကြကုန်သော ရွာသူ ရွာသားတို့ကို
ရှင်းပြလေတော့၏။
[၈]
" နန်းစဉ်သုံး ကာမသျှတ္တရကျမ်းနှင့် ပျောက်ကွယ်ရပုံ "
နန်းစဉ်သုံး ကာမသျှတ္တရကျမ်းမှာ ပဒေသရာဇ် ခေတ်ဦးပိုင်း မြန်မာ့နန်းတွင်းတွင် အရေးပါ အရာရောက်ခဲ့သော
ကျမ်းတစ်ဆူ ဖြစ်သည်။ အိန္ဒိယမှ ဆင်းသက်လာသော
ကျမ်းတစ်ဆူကို မြန်မာပညာရှိများက မှီငြမ်းကိုးကားပြုစုပြီး ပုရပိုက်ဖြူပေါ်၌ ရွှေမှင်ဖြင့် ရေးသားထားသည့်ကျမ်းဟူ၍
အဆိုရှိလေ၏။
သီပေါမင်းလက်ထက်တွင် နန်းမတော်
မယ်နု၏ မြေးဖြစ်သူ စုဖုရားလတ်ကို မလိုလားသော
မှူးကြီးမတ်ကြီး ပညာရှိကြီးများက စုဖုရားလတ်၏ ကိုယ်အင်္ဂါ လက္ခဏာရပ်များသည် ကာမသျှတ္တရကျမ်းနှင့် တချက်မှ မကိုက်ညီကြောင်း နန်းတွင်း၌ တိုးတိုးတိတ်တိတ်
အသံများ ထွက်ပေါ်ခဲ့လေရာ အကင်းပါးလှသည့်
စုဖုရားလတ်က "နန်းစဉ်သုံး ကာမသျှတ္တရကျမ်း" အား
"မာန်အောင်ရတနာ စေတီတော်" တွင်
ပိုးစနီနှင့် လုံခြုံအောင် ထုပ်ပိုးပြီး စေတီတော်၏
ဌာပနာတိုက်တော် အတွင်းသို့ ထည့်သွင်း
အစ ဖျောက်ပစ်လိုက်ကြောင်း " ရန်ကုန် မောင်တုတ်ကြီး "
ကလောင်ရှင် ကြာစီလှ ရွာသား ဖိုးတုတ်မှ
ရွာသူ ရွာသားတို့အား ရှင်းပြလေရာ
တောသူ တောင်သားတို့ခမျာ မျက်စိလေး
အူလည် အူလည် နှင့် ပါးစပ်အဟောင်းသားဖြစ်ကာ
ဖိုးတုတ်ပြောသမျှအား အံ့သြနဘန်း အထင်ကြီးလေးစားစွါ
နားစိုက်ကြပြီး ဖိုးတုတ် ခေါ် " ရန်ကုန် မောင်တုတ်ကြီး "
သည် " စာရေးဆရာ " စင်စစ်ဖြစ်ထိုက်ကြောင်း
ငါတို့သည် " ရန်ကုန် မောင်တုတ်ကြီး "
များသာဟူ၍ သံပြိုင်ကြွေးကြော်ကြလေရာ
ပြည်တော်သာ ဆည်တခုလုံး သောသော
ညံသွားကြလေတော့သည်။
ဖိုးတုတ်ကလည်း ဖေ့ဘုတ်ဆယ်လီတို့
ထုံးစံအတိုင်း သူဒေါင်းလုပ်ဆွဲထားသမျှ
လင့်များစွါထဲမှ " နန်းစဉ်သုံး ကာမသျှတ္တရ "
ကျမ်းကြီးအား (pdf) ဖိုင်အဖြစ် ဖေ့စ်ဘုတ်
လူမှုကွန်ယက်တွင် ပြန်လည်
မျှဝေ တင်လိုက်ပြီး " ရန်ကုန် တုတ်ကြီးကို
စာရေးဆရာ အဖြစ် အသိအမှတ်ပြုလျှင်
( Like and Share ) ဟု ရေးသားလိုက်ရာ
တခဏအတွင်း Like သူ Share သူ
သောင်းချီ သွားလေတော့၏။
ကာမသျှတ္တရကျမ်း ဒေါင်းယူရန်လင့်ခ် …
https://my.pcloud.com/publink/show?code=XZD9pgZaQorjGfXn2hx6B3IQbiKd4Uhkm6k
စာပေညီလာခံမှ လူကြီးသူကြီးများလည်း
ရွာသူ ရွာသားများ ရန်ကုန်လာ ဧည့်ပရိတ်သတ်များ
ပြဿနာ ကြီးစွါ မတက်စေရန်
ဖိုးတုတ် တဖြစ်လည်း ကလောင်ရှင်
" ရန်ကုန် မောင်တုတ်ကြီး"ကို
စာရေးဆရာ အဖြစ် သတ်မှတ်ပေးရန်အတွက်
အရေးကြီး ကိစ္စအဖြစ် အမြန်ဆုံး အဖြေပြန်ပေးရန်
သဘောတူလိုက်ကြပြီး နောက်ထပ် အရေးကြီးသော
စာပေ ရေးရာ အကြောင်းအရာကို
ဆွေးနွေးကြရန် ဆော်သြရင်း
စာပေညီလာခံကြီး၏ ဒုတိယနေ့ကို
ညနေ နေဝင်ရီတရော၌ အဆုံးသတ်လိုက်ရလေ
တော့သတည်း ……………………
……………………………………………
…………………………………………………
မောင်သုခ
(7- Nov- 2017)