Thursday, January 12, 2017

ဘိုကြီး သူငယ်ချင်း

." ဘိုကြီး သူငယ်ချင်း"

သာထူးသည် ဘိုကြီးသူငယ်ချင်းဖြစ်၏။
ဘိုကြီးနှင့်သူသည် တရွာတည်းနေ တရေတည်းသောက် ။
ရွာတွင် ကျွဲ နွား ကျောင်း၍သော်လည်းကောင်း ငှက်ပစ် အိုင်ပက်
ငါးမျှား ကြာခူး၍သော်လည်းကောင်း အစရှိသဖြင့်
အတူနေအတူစား ရွာသားများဖြစ်၏။

တခါတော့ ဘိုကြီးတယောက် ရွာမှထွက်သွားလေ၏။
မည်သူ့ကိုမျှ သတင်းမထား ခဲ့။စစ်ထဲဝင်သည်ဆိုလား
သူပုန်ဖြစ်သွားသည် ဆိုလား ဘာလား ညာလား ကြားမိ၏။
နှစ်အနည်းငယ်ကြာတော့ ဘိုကြီးတယောက် ဗိုလ်ဖြစ်သွားပြီဟု
ရွာတွင်သတင်းပျံ့၏။တရွာလုံး ဂုဏ်ယူ၍ မဆုံး။ဤအထဲတွင်
သာထူး က အသာလွန်ဆုံး။သူသည် ဘိုကြီး သူငယ်ချင်း
မဟုတ်ပေလော ။

နောက်များအခါတိုင်း သာထူးသည် စကားပြောလျှင်
မပါမဖြစ် စကားတခွန်းတိုးလာပေတော့သည် ။
ဤသည်မှာ " ငါ့နာမည် သာထူး ဘိုကြီးသူငယ်ချင်း "
ဟူ၍ ဖြစ်လေတော့သတည်း ။

သာထူးတယောက် အချိန်တိုက်စားမှု သဘာဝအရ
လုငယ်အသွင်ပျက် လူကြီးအသွင်ထွက်၍ လူလားမြောက်ကာ
လူကြီးဖြစ်လာပေပြီ။ယခင်က သရက်သီး ဂွနှင့် ပစ်၍
စားသောက်တတ်သော သာထူးသည် ထန်းရည် နှင့် ကြွက်ကြော်ကို
စားသောက်တတ်နေလေပြီ။ယခင်က လှေလှော်ကာ ကြာဖူး
ကြာညွန့်ခူးသော သာထူးတယောက် လစ်ရာအိမ်မှ ကြက် ဘဲ
ခိုးတတ်နေလေပြီ။ ယခင်က ပလွေမှုတ် သီချင်းဆိုသော
သာထူးသည် အရက်မူးပြီး ဆဲဆို ရမ်းကားတတ်နေလေပြီ။
ယခင်က ညနေအခါ ရေခပ်လာသော ရွာမှ အမ အဒေါ်တို့ကို
ရေအိုးကူမပေးတတ်သော သာထူးသည် ယခုအခါ
အပျိုမရှောင် တခုလပ် မုဆိုးမပါမရှောင် ဗြောင်ကြောင်
အချောင်နှိုက် ၍ နှာဘူးထ တဏှာကြွ တတ်နေလေပြီ။

တရွာလုံးမှ သာထူးကို အော့နှလုံးနာသော်လည်း
ရွံကြောက်လှသော်လည်း မပြောရဲ မဆိုရဲကြ ။
အကြောင်းမှာ သာထူးသည် ဘိုကြီး သူငယ်ချင်း မဟုတ်လော။
ဘိုကြီးသည် သာထူးကို အလွန်ခင်၏။ဘိုကြီး ပြန်လာလျှင် အခက်။
တရွာလုံး မသက်သာနိုင်။ထောင်းလမောင်းကြေလေမလား မပြောတတ်။

ရွာမှ လူများသည်လည်းကောင်း မြိုင်သာယာ နယ်တဝိုက်
နယ်တလျှောက် ရွာများသည်လည်းကောင်း ဘိုကြီး ဆိုသည့်
အသံကြားသည်နှင့် ဖင်ကို လှံချွန်နှင့် အထိုးခံလိုက်ရသလို
မစင်နှင့် မျက်နှာကို အပက်ခံလိုက်ရသလို တွန့်သွား
ကြောက်သွားကြသည်ချည်း ဖြစ်လေသည်။

ဤသို့ဤနှယ် ကြောက်ကြသည်မှာလည်း ဘိုကြီးဆိုသူတို့သည်
အတိတ်က ဤနယ်တလျှောက် တန်ခိုးတော်အလွန် ကြီးထွား
မတန်တဆ ရမ်းကားခဲ့သောကြောင့်ဖြစ်လေ၏။
ဤသို့ ရွာမှ ရွံကြောက်ကြီးဖြစ်သော သာထူးလည်း
တရွာလုံး မည်သူမျှမကြောက် သူကြီးလည်း ဂရုမစိုက်။
ရဲလည်းဂရုမစိုက်။သူသည် ဘိုကြီး သူငယ်ချင်း မဟုတ်လော။

သူကြီးခမျာ သာထူးကို မကြည်။ ကြည့်မရ။
မျက်နှာကြောမတည့်။ ဘိုကြီးသူငယ်ချင်း မဟုတ်လေက
သာထူးတယောက် သူကြီးနှစ်လုံးပြူးအောက် အသက်ပျောက်တာ
ကြာလှပြီ။တဖက်ကလည်း သာထူးသည် သူ့ကျေးဇူးရှင် ။

သာထူးတယောက် သူကြီး၏ ကျေးဇူးရှင် ဖြစ်ဖူးသည့်အကြောင်းမှာ
တည သူကြီးအိမ်ဓါးပြတိုက်၏။ထိုနေ့ နေ့လည်က သူကြီးမှ
သာထူးကို ခေါ်ကြိမ်း၏။ရွာမှ အပျိုမရှောင် အိမ်ထောင်ရှိမရှောင်
သာထူး လက်ကမြင်းတတ်သည်ကို နောင်မလုပ်ရန် သတိပေး၏။
ညရောက်သည့်အခါ သာထူးမူးရူးပြီး သူကြီးအိမ်ကို
ပြဿနာလုပ်ရန်လာလေ၏။ထိုအချိန် သူကြီးအိမ် ဓါးပြများ ရောက်နေပြီ။
သာထူး ပါးစပ်မှလည်း " သာထူး ဘိုကြီး သူငယ်ချင်း ကွ " ။

သူကြီးရော ဘာသော လူပါးဝလို့ရမလား။
သူကြီး ခင်များထွက်လာမလား။
ကျုပ်ခင်များအိမ်ပေါ် တက်ခဲ့ရမလား။ဟူ၍ကြိမ်းလေ၏။
သောင်းကျန်းလေ၏။တွေ့ရာကန်ကျောက် ရိုက်ခွဲ၏။

ဓါးပြတွေခမျာလည်း ဘိုကြီး အသံကြားသည်နှင့် ကြောက်လေပြီ။
ဒီနယ်တဝိုက် သူပုန်ဗိုလ်ကြီး ဘခက် က နာမည်ကြီး။ဒါမှ မဟုတ်
စစ်တပ်မှ ဗိုလ်ကြီးဆိုလည်း မချောင် ။ဘိုကြီး သူငယ်ချင်း ဟု၍
အဆမတန် သောင်းကျန်းနေသော သာထူး အသံကြားသည်နှင့်
အပွေးမြင် အပင်သိသလို မြွေမြွေချင်း ခြေမြင်လိုက်သလို
ဓါးပြများလည်း သူကြီးကို ချမ်းသာပေးကာ
ကြက်ပျောက် ငှက်ပျောက် ပြေးလေတော့သတည်း။
သူကြီးလည်း သာထူးကို ကျေးဇူးတင်မဆုံး ။ချော့မော့ တောင်းပန်ကာ
ပြန်လွှတ်လိုက်လေ၏။နောင်အခါလည်း ကျေးဇူးရှင်တယောက်လို
သာထူးကို ဆက်ဆံလေ၏။သာထူးတို့ ဘဝင်လေဟပ်လေပြီ။
နဂိုက ဘိုကြီးသူငယ်ချင်းဟူသော အမည်ဖြင့် ရမ်းကားနေသော
သာထူးတယောက် အခုအခါ သူကြီးကပါ အလေးထားသူဖြစ်လာ၍
ဗြောင်ကျကျ မိုက်ရိုင်းရမ်းကားလေတော့၏။သူများမယား ပါ
မရှောင်။ ရွာတွင် ယခင်ထက် ရမ်းကားလေ၏။

ဤအကုသိုလ်ကြောင့်ပင် တည သာထူးတယောက်
သူများသတ်လို့ သေလေပြီ။မည်သူ သတ်သည် မသိ။
သတ်သူမှာလည်း ဘာမှန်း ညာမှန်း  ဘီလူးလော
သူရဲလော မသိသည့် သာထူးသူငယ်ချင်းဘိုကြီးကို ကြောက်၍
လူမသိ သူမသိ ချောင်းသတ်လေ၏။သူများ မယားလည်း
နှိုက်တတ် အပျို တခုလပ်လည်း မရှောင်တတ် မူးရူးရမ်းကားတတ်သည့်
သာထူး သေသည်ကို တရွာလုံး မည်သူမျှ ဝမ်းမနည်းကြချေ။
သူကြီးတယောက်တော့ စိတ်မကောင်း။ကျေးဇူးရှင်ကြီးသေလေပြီ။

©©©©©©©©©©©©©©©©©©©

ငရဲပြည်တွင်ဖြစ်၏။
တာဝန်ကျရာ ငရဲမင်းသည် တယောက်ချင်းစစ်မေးနေရာမှ
သာထူး အလှည့်ရောက်လာ၏။

ငရဲမင်း  >>>
မောင်မင်း အမည်ပြော။လူ့ပြည်မှာ ဘာကောင်းမှုတွေ
လုပ်ခဲ့သလဲ ။

သာထူး  >>>
အမည်က သာထူး။ ဘိုကြီး သူငယ်ချင်း သာထူးပါ။
လူ့ပြည်မှာ ခိုး ဆိုး လု နှိုက်ပါတယ်။

ငရဲမင်း  >>>
နှိုက်တာက ရွာက ဘာတွေကို နှိုက်တာလဲ သာထူး။

သာထူး >>>
အပျို တခုလပ် သူများမယား အလိုတူ
ကုသိုလ်ရတယ် ကြားမိလို့ မျိုးဆက်ပြန့်ပွါးဖို့လုပ်ရင်
ကာမေသု မထိုက်ဘူး ကြားမိလို့ အကုန်နှိုက်မိပါတယ်။

ငရဲမင်း  >>>
ကဲ သာထူးကို သူ့သူငယ်ချင်း ဘိုကြီးနဲ့ အခြားဘိုကြီးတွေရှိရာ
ငရဲပြည်ကို ခေါ်သွားစေ ………………………
……………………………………………………………………………
……………………………………………………………………………
©©©©©©©©©©©©©©©©©©©©©©©©©©

မောင်သုခ
(27-Dec-2016)

No comments:

Post a Comment