Thursday, February 23, 2017

သင်နှစ်သက်သလိုအမည်ပေးနိုင်သော တိုင်းပြည်

" သင်နှစ်သက်သလိုအမည်ပေးနိုင်သော တိုင်းပြည် "

ထိုတိုင်းပြည်သည် ရဲတပ်ဖွဲ့မရှိ။စစ်တပ်မရှိ။ကုန်ကုန်ပြောရလျှင်
အစိုးရ အုပ်ချုပ်သူ မရှိပေ။ထိုတိုင်းပြည်ရှိ တိုင်းသူပြည်သားတို့သည်
မိမိအခက်အခဲ မိမိကိုယ်တိုင် ဖြေရှင်းရင်း ဥပဒေဆိုတာကို
ဘာမှန်းမသိသူများနေထိုင်သော တိုင်းပြည်တခုသာဖြစ်၏။

ဒါကို ကျွနုပ်ဦးစွါ သတိထားမိသော်လည်း အခြားသူများသည်
သတိထားမိဟန်မရှိသလို စိတ်ဝင်စားဟန်လည်း မပြကြချေ။
သူတို့ အလုပ်နှင့်သူတို့ ဖွဘုတ်ဆိုသည်လား အဖေ့ဘုတ်ဆိုသည်လား
သတ္တဝါ အထူးအဆန်းကြီးနှင့် နေ့နေ့ ညည အလုပ်ရှုပ်နေကြရှာ၏။

တိုင်းပြည်၏ အထင်ကရ လမ်းမများတွင်
အမှိုက်ပုံးများ မရှိသလို တိုင်းပြည်ရှိ လူအများသည်
မဟာပထဝီမြေပြင်ကို အမှိုက်ပုံးများသဖွယ်
အသုံးပြုကြသောသူများ ဖြစ်သည်ကို
တွေ့ရသည်။ကားယဉ်များ သည်လည်း မိမိစိတ်ရှိသလို
မောင်းနှင်သွားလာနေကြသလို လူအများသည်လည်း
ကြုံရာနေရာမှ ကြုံသလို လမ်းကူးဖြတ်နေကြ၏။
ထိုတိုင်းပြည်ရှိ ကားများ မြန်နှုန်းအမြင့်ဆုံး
မောင်းနှင်သော နေရာသည် မျဉ်းဝါကြားသတ်မှတ်ထားသော
ကားလမ်းနေရာ ဖြစ်သည်ကို ထူးခြားစွါ သတိထားမိ၏။
မြို့လယ်ခေါင်တွင် အကြမ်းဖက်မှုများ ပြုလုပ်ကြသလို
ထင်ရာစိုင်းနေသူ လက်နက်ကိုင်
လူအချို့လည်းတွေ့ရလေ၏။

ကျွနုပ်ရောက်ရှိနေသော ထိုတိုင်းပြည်၏ အမည်နာမကို
တွေ့သမျှလူ မေးမြန်း၏။မည်သူမျှ မပြောကြပေ။
အင်တာနက်တွင် ရှာကြည့်သည် မတွေ့။တိုင်းတပါး
အွန်လိုင်းမှ  မိတ်ဆွေများကို မေးကြည့်သည်။
သူတို့လည်း စိုးစဉ်းမျှ မသိချေ။GPS ဖွင့်ပြီး
မိမိရောက်ရှိနေသည့်နေရာအား Google Map တွင်
ရှာဖွေကြည့်၏။ ထူးဆန်းစွါ အိန္ဒိယ သမုဒ္ဒရာထဲရောက်နေသည်ကို
တွေ့ရလေ၏။ထိုတိုင်းပြည်အား အမည်နာမ လတ်တလော
ပြောမည်ဆိုလျှင် အိန္ဒိယ သမုဒ္ဒရာမှ တိုင်းပြည်တခုဟုသာ
ပြောရပေမည်။

ကျွနုပ်သည် ဤ အိန္ဒိယ သမုဒ္ဒရာမှ တိုင်းပြည်သို့ မည်သို့
ရောက်ရှိလာသနည်း ဆိုသည်ကို စဉ်းစားရခက်နေသည်ထက်
ဤတိုင်းပြည်အကြောင်းကို ကနဦးသိလိုလာ၏။

တိုင်းပြည်၏ လမ်းပြမြေပုံအား အဆင်သင့်တွေ့ရှိရာ
ကျွနုပ်ရောက်ရှိနေသည်မှာ ဤအိန္ဒိယ သမုဒ္ဒရာတိုင်းပြည်၏
မြို့တော်တခု ဖြစ်၍ မြို့အမည်မှာ
"#သင်နှစ်သက်သလို_အမည်ပေးနိုင်သော_မြို့တော်"
ဟုရေးသားထားပြီး တိုင်းပြည်၏ နာမည်နေရာတွင်လည်းအလားတူပင်
မည်သို့မျှ ရေးမထားဘဲ "#သင်နှစ်သက်သလို_အမည်ပေးနိုင်သောတိုင်းပြည်" ဟု ရေးထားသည်ကို ထင်ရှားစွါ တွေ့ရလေသည်။

ကျွနုပ်ရောက်ရှိနေသည်မှာ မြို့တော်၏
အထင်ကရပြတိုက် အနီးတွင် ဖြစ်ရာ ချက်ချင်းပင် အလျင်အမြန်
သွားရောက်လေ၏။ ကံကောင်းသည်ဟု  ဆိုရပေမည်။
ပြတိုက်တွင် ဖယောင်းရုပ်တုများ ပြည့်နှက်နေပြီး
နိုင်ငံ၏ သမိုင်းကြောင်းကို သိသာထင်ရှားစေသည့်
သမိုင်းဝင်ပစ္စည်းများလည်း ရှိနေ၏။နှမြောစရာ ကောင်းလှသည်မှာ
ဤမျှတန်ဖိုးရှိလှသော တိုင်းပြည်အမွေအနှစ်များထားရှိရာ
နိုင်ငံ၏ပြတိုက်တွင်  လူသူမရှိသလောက်ဖြစ်နေခြင်းပင်။

ပြတိုက်အတွင်း ဖယောင်းရုပ်တုများတွင်
လုံခြုံရေး ယူနေဟန် လက်နက်ကိုင် ရဲတပ်သားများ l
လက်နက်ကြီး ကိုင်ဆောင်ထားသော တပ်ဖွဲ့ဝင်များ l သန့်ရှင်းရေး
ဝန်ထမ်းများ l ပြည်သူ့ဝန်ထမ်းများ အသွင် ယူနီဖောင်းဝတ်များl
တရားရုံးတွင် တာဝန်ထမ်းဆောင်နေဟန် အရာထမ်းများကိုလည်း
မြင်ရ၏။တိုင်းပြည်၏ ရှေးရှေးသော ခေတ်ဦးလူသားတို့၏
အသုံးအဆောင်များကိုလည်း တွေ့ရလေ၏။

ဤသို့ စိတ်ဝင်တစား ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုနေစဉ်
လူလေးငါးဦးသည် သေနတ် တုတ် ဓါး လက်နက်များ
ကိုင်ဆောင်ကာ ကျွနုပ်ကို အနီးကပ် စူးဝါးစွါ စိုက်ကြည့်နေသည်ကို
မြင်ရလေသည်။ ကျွနုပ် လည်း ၎င်းတို့ထဲမှ ခေါင်းဆောင်ဟု
ထင်မှတ်သည့်လူကို  စကားစမြည်ပြောလိုက်၏။

ကျွနုပ် >>>

ကျွနုပ်က ဒီတိုင်းပြည်ရဲ့ ဧည့်သည်တယောက်ပါ။
တိုင်းပြည် အကြောင်းကို သိလိုတဲ့အတွက်
ပြတိုက်ကို ဝင်ရောက်လေ့လာတာပါ ခင်မျ။
မိတ်ဆွေတွေရဲ့ ရန်သူ မဟုတ်ပါဘူး။

ခေါင်းဆောင် >>>

ငါတို့ တိုင်းပြည်အကြောင်းသိလိုတဲ့ လူဟာ
ငါတို့ ရန်သူပဲ။ ကမ္ဘာတခုလုံး ငါတို့ တိုင်းပြည်ကို
မသိအောင်လည်း လုပ်ထားပြီးပြီ။ဒီတိုင်းပြည်က
လူတွေကလည်း သူတို့တိုင်းပြည်အကြောင်း
သူတို့ မသိကြဘူး။သိသွားသူဟာ သေရတာပဲ။
ဒီတိုင်းပြည်က လူတွေဟာ ဒီတိုင်းပြည်မှာ အစိုးရမရှိတာကို
မသိကြဘူး။ ပြည်သူ့ဝန်ထမ်းတွေ မရှိတာ မသိကြဘူး။
လုံခြုံရေးဝန်ထမ်း l သန့်ရှင်းရေးဝန်ထမ်း l တရားရေးဝန်ထမ်း
ဒါတွေအားလုံးဟာ ပြတိုက်မှာသာ ရှိနေတဲ့ အရာတွေမှန်း
သူတို့ မသိကြဘူး။

မင်းကို အသက်ရှင်လျက် ဒီက ပြန်လွှတ်လိုက်ရင်
ဒီတိုင်းပြည်အကြောင်း လူတွေ သိကုန်လိမ့်မယ်။
ဒီတော့ မင်းဟာ သေလူပဲ ။

စကားသံ ဆုံးတာနဲ့ တပြိုင်နက် ခေါင်းဆောင်လုပ်သူဟာ
လက်က သေနတ်ကို မိုးပေါ်မြှောက်လိုက်တယ် ဆိုရင်ပဲ
တဖွဲ့လုံးက လက်နက်ကိုင်တွေဟာ ကျွနုပ်ကို
အပြင်းအထန် ရန်မူကြပါတော့တယ်။

ကျွနုပ်လည်း ပြတိုက်ထဲက ရဲဝန်ထမ်းဖယောင်းရုပ်တု l
လုံခြုံရေး တပ်သား ရုပ်တု l ပြည်သူ့ဝန်ထမ်း တရားရေးဝန်ထမ်း
ဖယောင်းရုပ်တုတွေကို သက်ရှိလူသားတွေအလား
သွေးရူးသွေးတန်း အကူအညီ အော်ဟစ်တောင်းဆိုပြီး
အသက်လု ပြေးရပါတော့တယ်………………………………
…………………………………………………
ပြေးရင်းလွှားရင်း ကျွနုပ်သည်
ဇူကာဘက် တီထွင်ထားသော လူမှုကွန်ယက်ဖေ့စ်ဘုတ်တွင်
ကနဦး (only me) လုပ်ထားသော အောက်ပါပိုစ့်အား
(Public) ပြောင်းလိုက်လေတော့၏။ >>>

" မိတ်ဆွေ သင်ဒီစာကို ဖတ်နေတဲ့အချိန် ကျွနုပ်ဟာ
ရဲတပ်ဖွဲ့မရှိ။စစ်တပ်မရှိ။ကုန်ကုန်ပြောရလျှင်
အစိုးရ အုပ်ချုပ်သူ နှင့် တရားရေးရာဝန်ထမ်းများ
မရှိသော တိုင်းပြည်တခုတွင် အသက်လု
ပြေးလွှားနေပြီး မိတ်ဆွေတွေရဲ့
အကူအညီကို စောင့်မျှော်နေသော လူသားတဦး
ဖြစ်ကြောင်း ပုံနှင့်တကွ  အသိပေးအကြောင်းကြားရင်း… "

©©©©©©©©©©©©©©©©©©©©©©©

ဆောင်းညသည် အိပ်မက်ဆိုးတို့ကို သယ်ဆောင်လာတတ်သည်မှာ
ယုံမှားဖွယ် မရှိပေ။သွေးပျက်ဖွယ် အထက်ပါ အိပ်မက်ဆိုးကြီး
မက်ပြီးနောက် နံနက်ရောက်သောအခါ
ကြောက်စိတ်ဖြင့် အဖျားတက်လေတော့သည်။

ကမ္ဘာတွင် ဤသို့သော
ရဲတပ်ဖွဲ့မရှိ။စစ်တပ်မရှိ။ကုန်ကုန်ပြောရလျှင်
အစိုးရ အုပ်ချုပ်သူ နှင့် တရားရေးရာဝန်ထမ်း
ပြည်သူ့ဝန်ထမ်းများမရှိသော တိုင်းပြည်သည် အိပ်မက်ထဲတွင်သာ
ရှိ၍ တော်သေးပေတော့သည်ဟု သက်ပြင်းချပြီးသကာလ
" #သင်နှစ်သက်သလို_အမည်ပေးနိုင်သောတိုင်းပြည် " ကြီးကို
အမည်နာမ ပေးအပ်ရန် စာရှုသူသို့သာ
ကြောက်ကြောက်နှင့် အပ်နှံလိုက်ရပေတော့သတည်း…
  
မောင်သုခ
(22-Feb-2017) edited

No comments:

Post a Comment