" သတင်းနှင့် အတင်း… "
စာရေးဆရာကြီးဓူဝံ(ဦးသန်းတင့်)
မြန်မာ့အလင်း သတင်းစာတိုက်တွင် ဦးချစ်မောင်
အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်
ဦးသန်းတင့်မှာ ဦးချစ်မောင်၏ လက်အောက်၌
အယ်ဒီတာ တဦးဖြစ်သည်။
မြန်မာ့အလင်းမှ ဦးချစ်မောင် နှုတ်ထွက်သွားသောအခါကျမှ
အယ်ဒီတာချုပ်တာဝန်ကို ဦးသန်းတင့်က ယူခဲ့ရ၏။
ဦးချစ်မောင် နှုတ်ထွက်သွားခဲ့ရခြင်းမှာ ဤသို့ဖြစ်သည်။
တနင်္သာရီတိုင်း ထားဝယ်သို့သွားသည့် ဆာဟာဗေးအဒမ်ဆင်
သင်္ဘောကြီးအနီး၌ ရေမြှုပ်ဗုံးပေါက်ကွဲခဲ့သောသတင်းတပုဒ်ကို
ဦးချစ်မောင်သည် ၎င်းကိုယ်တိုင် မြန်မာ့အလင်းတွင်
ရေးသားဖော်ပြခဲ့လေသည်။ထိုသတင်းကို ပေးသူမှာ
မြိတ်အမတ် ဦးမောင်မောင်ခင် ဖြစ်သည်။ထိုစဉ်က
နန်းရင်းဝန်ကြီး ဂဠုန်ဦးစော အစိုးရက ယင်းသတင်းကို
မှားပါသည်ဟူ၍ ဖြေရှင်းချက် ပြန်ထည့်ပေးရန်
တောင်းဆိုခဲ့လေသည်။မြန်မာ့အလင်း သတင်းစာ တိုက်ပိုင်ရှင်
ဦးမောင်ကြီး (ကြို့ပင်ကောက်မြို့သား)ကိုလည်း
ဦးစောက တဘက်ကလှည့်၍ အကြပ်ကိုင်ခဲ့လေသည်။
ထို့ကြောင့် အထက်ပါသတင်းကို အမြန်ဆုံး
ဖြေရှင်းချက်ထည့်ပေးရန် ဦးမောင်ကြီးက ဦးချစ်မောင်ကို
ညွှန်ကြားသည်။
ထိုအခါ ဦးချစ်မောင်က မြန်မာ့အလင်းတွင် အယ်ဒီတာအဖြစ်
သူ၏နာမည်ပါရှိနေသမျှ ကာလပတ်လုံး ဤသတင်းအမှန်ကို
မှားပါသည်ဟူ၍ ဘယ်တော့မှ ဖြေရှင်းချက် ပြန်မထည့်ပေးနိုင်ပါဟု
တင်းတင်းမာမာ ငြင်းဆိုသဖြင့် ဦးမောင်ကြီးက ဦးချစ်မောင်ကို
မြန်မာ့အလင်းမှ ထုတ်ပယ်ပစ်လိုက်လေတော့သည်။
အင်္ဂလိပ်သတင်းစာများထဲတွင် မြန်မာ့အလင်း တာဝန်ခံအယ်ဒီတာ
ဦီးချစ်မောင်အား အမိန့်မနာခံမှုကြောင့် အလုပ်မှ ထုတ်ပယ်
ပစ်လိုက်ကြောင်း ကြော်ငြာကို ဦးမောင်ကြီးက ထည့်ခဲ့လေသည်။
ဦးချစ်မောင်နေရာတွင် ပထမဦးစွါအနေဖြင့်
အယ်ဒီတာ တဦးဖြစ်သူ ဦးမောင်မောင်ခင် အား
ပိုင်ရှင် ဦးမောင်မောင်ကြီး က တာဝန်ပေးခဲ့သေးသည်။
ထို့နောက်ပိုင်း မြန်မာ့အလင်း အယ်ဒီတာ အဖွဲ့ဝင်အများစု၏
ဆန္ဒအရ ဦးသန်းတင့်အား တာဝန်ခံအယ်ဒီတာအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြခြင်းဖြစ်သည်။
ဦးသန်းတင့်၏ လက်ထက်တွင်လည်း
ဦးစောအစိုးရက သတင်းစာတိုက်ကို ၁၅- ရက်ကြာမျှ
ပိတ်ပစ်ခဲ့သည်။အကြောင်းမှာ ဗြိတိသျှမျက်နှာဖြူလူမျိုး
အိုင်စီအက်စ် တဦးဖြစ်သော မအူပင်ခရိုင် အရေးပိုင် မစ္စတာ
ဝက်ဖ်စတာဆိုသူသည် မအူပင်ခရိုင် ပန်းတနော်မြို့နယ်
မင်းဂရုရွာတွင်တည်ရှိသည့် ဘုရားတဆူ၏ ပရဝုဏ်အတွင်းသို့
ဘိနပ်စီး၍ ဝင်ရောက်ခဲ့သည်။
ထိုသတင်းကို တိုးတက်ရေး သတင်းစာက မျက်နှာဖုံးတွင် ၆-လိုင်း
ခေါင်းစည်း မဲကြီးဖြင့် ဖော်ပြခဲ့လေသည်။ယင်းသတင်းပေါ်တွင်
အခြေပြုပြီး မြန်မာ့အလင်းသတင်းစာက ၁၉၄၀ နို င်ဘာလ ၂၆ ရက်
နေ့ထုတ် သတင်းစာခေါင်းကြီးပိုင်း ဒုတိယခေါင်းကြီး သတင်းနှင့်
မှတ်ချက်အခန်း၌ အိုင်စီအက်များ ဟူသော ခေါင်းစဉ်ဖြင့်
ပြင်းပြင်းထန်ထန် ဝေဘန်ရှုတ်ချရေးသားခဲ့လေသည်။
ယင်းရေးသားချက်ကို အကြောင်းပြုပြီး နန်းရင်းဝန်ကြီး ဦးစော
အစိုးရက ကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၃၄ (၆) အက်ဖ်ကျူနှင့်
ကာကွယ်ရေး ဥပဒေပုဒ်မ ၄၁ (၄၁) (ဘီ) အရ ၁၉၄၀ ခုနှစ်
နိုဝင်ဘာလ ၂၈ ရက်l ၁၃၀၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်
၁၅ ရက်နေ့ကစ၍ မြန်မာ့အလင်းသတင်းစာကို ( ၁၅ ) ရက်ကြာ
ပိတ်ပစ်လိုက်လေတော့၏။
ဤသည်မှာ မြန်မာ့အလင်း သတင်းစာအပေါ် ဦးစောအစိုးရ၏
ဒုတိယ ထိုးနှက်ချက်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ပထမထိုးနှက်ချက်မှာ
ဆာဟာဗေးအဒမ်ဆင် သင်္ဘောကြီးအနီး၌ ရေမြှုပ်ဗုံးပေါက်ကွဲမှုသတင်းနှင့်
ပက်သက်၍ ဦးချစ်မောင် မြန်မာ့အလင်းမှ နှုတ်ထွက်သွားရအောင်
ထိုးနှက်ခဲ့ခြင်းပင်ဖြစ်သည်။
မအူပင်ခရိုင် အရေးပိုင် မစ္စတာ ဝက်ဖ်စတာသည် ၎င်း၏သတင်းကို
ရေးသားဖော်ပြမှုနှင့် ပက်သက်၍ တိုးတက်ရေးသတင်းစာ
တာဝန်ခံအယ်ဒီတာ ဦးသန်းထွန်းထံသို့ ဆဲရေး တိုင်းထွာသည့်စာပင်
ပို့လိုက်သေးသည်။
မြန်မာ့အလင်း သတင်းစာတိုက် ပြန်လည်ဖွင့်လှစ်နိုင်ရန်
ဦးသန်းတင့်မှ ဦးစောအိမ်သို့ သွားရောက်တွေ့ဆုံလေသည်။
ဦးစောက ဦးသန်းတင့်အား လက်ခံတွေ့ဆုံရာတွင် ဦးသန်းတင့်က အသိသက်သေများအဖြစ်ဟံသာဝတီ သတင်းစာတိုက်ပိုင်ရှင် ဗြိတိသျှ ဗားမားရုပ်ရှင် ကုမ္ပဏီ(ယခု ညွန့်မြန်မာ) သူဋ္ဌေးဦးညွန့် l မြန်မာ့အလင်း သတင်းစာ အယ်ဒီတာချုပ်ဦးစိန် l ဦးဘိုးဘ စသည့်မိတ်ဆွေများကိုပါ ခေါ်ယူသွားလေသည်။
ဦးသန်းတင့် နှင့် တွေ့သောအခါ ဦးစောက ၎င်းကို ဝေဖန်ရေးသားချင်သလို
ရေးသားပါ။၎င်း ကောင်းလုပ်လျှင်လည်း ထောက်ခံပါ။ချီးကျူးပါ။သို့သော်
မဟုတ်မမှန်သော လုပ်ကြံ သတင်းများကိုတော့ မရေးပါနှင့်ဟု
မေတ္တာရပ်ခံပြောကြားပြီးနောက် ဦးသန်းတင့်ထံမှ ကတိပေးထားရန်
တောင်းဆိုလေသည်။
ထိုအခါ ဦးသန်းတင့်က ဦးစောကို ရေးချင်သလို ဝေဖန်ရေးသားပါဟူသော
ပထမ အချက်ကို ထောက်ခံကြောင်း ကောင်းတာလုပ်လျှင် ထောက်ခံပါ။
ချီးကျူးပါ ဆိုသော ဒုတိယအချက်ကို မူကား လက်မခံနိုင်ကြောင်း
ပြန်ပြောလေသည်။ဦးစောက ဦးသန်းတင့်၏ ပြောဆိုချက်သည်
တရားမျှတခြင်းမရှိပါဘဲ မတရားပါဟု၍ ပြန်ပြောလေသည်။
" ဦးသန်းတင့်၏ ရှင်းပြချက်များတွင် ယခုဦးစောမှာ တိုင်းပြည်က
တင်မြှောက်ထားသည့် ခေါင်းဆောင်ကြီး တဦးဖြစ်နေ၍
တိုင်းပြည်ကောင်းကြောင်း လုပ်သည့်အလုပ်များကိုသာ
ရေးသားနေရလျှင် သတင်းစာတစောင်မက ဆယ်စောင်ရေးလျှင်ပင်
ကုန်နိုင်မည် မဟုတ်ကြောင်း နန်းရင်းဝန် ဦးစောသည် မကောင်းမှု
ပြုလုပ်လျှင် တိုင်းပြည်၏ သစ္စာကို ဖောက်ဖျက်ခြင်းဖြစ်၍
ဖော်ထုတ်ရေးသားလိုက်လျှင် သတင်းတန်ဘိုး ရှိကြောင်း …
ကျွန်တော်တို့သည် မဟုတ်မမှန် လုပ်ကြံသည့် သတင်းမျိုးကို
ထည့်ရန်ဝေးစွ l မှန်ကန်နေပါလျက်နှင့် တိုင်းပြည်အတွက်
အကျိုးမမြင်သော သတင်းကို မထည့်သွင်း မဖော်ပြခဲ့ကြောင်း
၎င်းသတင်းမှာ ဦးစော၏ ဂုဏ်သိက္ခာ လူ့ကျင့်ဝတ်နှင့် ပက်သက်သော
သတင်းဖြစ်ပြီး မြန်မာ့အလင်းသတင်းစာ၏ ဦးတည်ချက် ခံယူချက်နှင့်
မကိုက်ညီ၍ ချန်လှပ်ခဲ့ကြောင်း …" ပြန်လည်ပြောဆိုပြီး
အကြောင်းစုံကို ပြောပြလေတော့သည်။
ဖြစ်ပုံမှာ ဦးစော၏ သမီး မေသန်းစော(ဘေဘီစော)ကို
ပညာသင်ပေးရန် ဒေါ်ခင်စီ ဆိုသူဆရာမလေးကို ဦးစောသည်
အိမ်တွင် ခေါ်ထားလေသည်။ဤသို့ ခေါ်ထားသလို ရုပ်ရှင်မင်းသမီး
နုနုကြည်ကိုလည်း အလားတူ ခေါ်ထားလေ၏။ဒေါ်ခင်စီနှင့် နုနုကြည်
အဝေမတည့်ဖြစ်ရာမှ သတ်ပုတ်ကြပြီး မရမ်းကုန်း ရဲစခန်းအထိပင်
ရောက်ရှိသွားသည့် သတင်းဖြစ်လေ၏။
အထက်ပါအတိုင်း ဦးသန်းတင့်၏ ရှင်းလင်းပြောဆိုချက်များကြောင့်
ဦးစောမှာ စိတ်ပြောင်းသွားပုံရ၏။နောက်ထပ် မည်သို့မျှ အထူးအထွေ
မေတ္တာရပ်ခံ မနေရတော့ဘဲ ဦးစောက မြန်မာ့အလင်း သတင်းစာကို
ပြန်လည်ထုတ်ဝေခွင့် ပြုလိုက်လေတော့သည်။
ဤကား အစိုးရနှင့် သတင်းစာတို့ တိုက်ပွဲတွင် သတင်းစာဘက်မှ
အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
တူဖြစ်သူ ဂါးဒီးယန်း ဦးစိန်ဝင်းသည် ပထစ အစိုးရအပေါ်
အောင်နိုင်ခဲ့သလို ဦးလေးဖြစ်သူ ဦးသန်းတင့်သည်လည်း
ဦးစော အစိုးရအပေါ်၌ အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်ပေသည်။
သတင်းစာဆရာကြီးများ၏
သူတို့ဘဝ အတွေ့အကြုံ
စာ-၇၅ >>>
စာရေးဆရာကြီးဓူဝံ (ဦးသန်းတင့်) မှ
ကောက်နုတ် ကူးယူ ရေးသားဖော်ပြ မျှဝေသည်။
maungthukha_aungko
(21-Dec-2016)
No comments:
Post a Comment