Thursday, January 12, 2017

အသုပ်တပွဲနှင့် ပြဿနာများ

" အသုပ်တပွဲနှင့် ပြဿနာများ "

စာရေးသူသည် ဒီဇင်ဘာလ ခရစ်စမတ်နေ့၏
တခုသော ညနေတွင် အလုပ်မှ နေအိမ်သို့ ပြန်ရန်အလို့ငှာ
ထုံးစံအတိုင်း ဘတ်စ်ကားဂိတ်သို့ လမ်းလျှောက်လာ၏။
ဤနေရာတွင် မေးစရာရှိလာသည်မှာ ခရစ်စမတ်နေ့
အစိုးရရုံးပိတ်ကြီး ဗိုလ်ချုပ်အောင်ဆန်းဈေး ဖွင့်လို့လားဟု
မေးစရာရှိလေ၏။

မြန်မာနိုင်ငံရှိ ဈေးများ အလုပ်ရုံများသည်
ပိတ်ချင်သည့်ရက်ပိတ် ဖွင့်ချင်သည့်ရက်ဖွင့် l
ပိတ်ချင်သည့်အချိန်ပိတ် ဖွင့်ချင်သည့်အချိန်ဖွင့်သည်ဟူသော
အလေ့အထကို သိသူအဖို့ ဤမေးခွန်းသည် မေးစရာမလိုအပ်လှသော်လည်း
စာရှုသူအားလုံး ထင်ရှားသိစေရန် မြန်မာနိုင်ငံရှိ ဈေးများ အလုပ်ရုံများသည်
အစိုးရရုံးပိတ်ရက်အတိုင်း မဟုတ်ဘဲ ပိတ်ချင်သည့်ရက်ပိတ်
ဖွင့်ချင်သည့်ရက်ဖွင့် l ပိတ်ချင်သည့်အချိန်ပိတ်
ဖွင့်ချင်သည့်အချိန်ဖွင့်သည်ဖြစ်ကြောင်း အသိပေးလိုပါသည်။

စာရေးသူသည် ဤသို့ဤနှယ် ဘတ်စ်ကားဂိတ်သို့
ရောက်ရှိလာရာ ဗိုက်ကလည်းဆာဆာ ရှိသည်နှင့်
ရန်ကုန်မြို့ ဆူးလေစေတီ နှင့် မြို့တော်ခန်းမအနီး
မဟာဗန္ဓုလ ပန်းခြံနံဘေးလမ်းကြားရှိ လမ်းဘေးဈေးသည်များ
ပြန်လည်နေရာချထားရာ နေရာသို့ တစုံတခု စားသောက်ရန်အလို့ငှာ
ဆက်လက်ထွက်ခွါလာခဲ့၏။

ဤတွင် ယမန်နေ့က အဖြစ်အပျက်ကို ပြန်လည်တွေးတောမိပြီး
စာရှုသူကို တင်ပြလိုပေသည်။ယမန်နေ့ညနေ အခါတွင်လည်း
ယခုကဲ့သို့ အလားတူ ဗိုက်ဆာသဖြင့် လမ်းဘေးဈေးသည်များရှိရာ
ဤနေရာကို စာရေးသူလာပြီး ဝမ်းဖြည့်ခဲ့ရာ စိတ်ပျက်စရာ အဖြစ်တခု
ကြုံကြိုက်ခဲ့ရလေသည်။အကြောင်းမှာ မြန်မာနှစ်ဦး ရောင်းချသော
အသုပ်ဆိုင်တွင် အသုပ်ဝင်စားဖြစ်၏။စားသောက်ရန်ဟန်ပြင်စဉ်
အသုပ်တပွဲ ဘယ်လောက်လဲဟု မေးမြန်းလိုက်ရာ
ယခင်နေ့များအခါက မြန်မာငွေ (၃၀၀) ကျပ်သာ ပေးမြဲပေးရသော
အသုပ်တပွဲသည် ဤဆိုင်တွင် (၅၀၀) ကျပ် ဖြစ်ကြောင်း
ပြန်လည်ပြောဆိုသည်ကို ကြားရ၏။ဆက်လက်၍
မျက်စိရှေ့ရောက်နေသောအစားအသောက်ကို စားသောက်ရာ
အစပ်လျှော့ရန် ကြိုတင်ပြောလိုက်သော်လည်း ငရုပ်သီးမှုန့်
ဗရပွနှင့် အရသာ ကင်းမဲ့လှသော အသုပ်ကို လျှာတွင်
မအီမသာ ခံစားလိုက်ရပေတော့သည်။ဤသည်မှာ
စာရေးသူ ကြံကြိုက်ခဲ့သော ယမန်နေ့က အဖြစ်အပျက်ပင်။

ယနေ့တော့ ဆိုင်ပြောင်းစားသောက်မည်ဟု
ကြံစည်ပြီး မနေ့က စားသောက်ခဲ့သောဆိုင်ကို ကျော်၍
နှစ်ဆိုင်ကျော်ရှိ အစ္စလာမ်ဘာသာဝင်အမျိုးသမီးတဦးနှင့်
မြန်မာကလေးငယ် နှစ်ဦး ရောင်းချသော ဆိုင်တွင်
အသုပ်တပွဲကို မှာယူလိုက်ပြီး ဈေးမေးမြန်းရာ အသုပ်တပွဲ
(၄၀၀) ကျပ်ဖြစ်ကြောင်း သိရ၏။ ယမန်နေ့က အသုတ်ကဲ့သို့
ဖြစ်လေမည်လား တွေးမိကာ အသုတ်ထဲထည့်သည်တို့အား
လှမ်းကြည့်စဉ် ကြာဇံ ခေါက်ဆွဲနှင့်အတူ ပုဇွန်ခြောက်မှုန့်
သခွါးသီး ဂေါ်ဖီတို့ ပါဝင်သည်ကို မြင်ရလေ၏။ဤတွင်
မှတ်မှတ်ရရ မနေ့က အသုပ်သည် ကြာဇံ နှင့် အချဉ်ရည် သာ
ပါဝင်၏။

ဆက်လက်၍ ယနေ့ ဆိုင်အသစ် အသုပ်၏ အရသာကို
ဆန်းစစ်ကြည့်ရာ အလွန်ကောင်းမွန်သည်ကို တွေ့ရ၏။
ဤသို့ စားကောင်းသောက်ကောင်းနေစဉ် မျက်စောင်းထိုးဈေးဆိုင်
ကပ်လျက်နှစ်ဆိုင် ရေသွန်သည့်ပြဿနာနှင့် အပြန်အလှန်
ခိုက်ရန်ဖြစ်  ထိုးကြိတ်ကြလေတော့သည်။စာရေးသူလည်း
ကိုယ့်ဆီ ရောက်လာလေမလား စိုးရိမ်စိတ်ဖြင့်
ဆက်လက်စားသောက်ရာလူငယ်တဦးမှ လက်အတွင်းသို့
" ကမ္ဘာမြေ ငြိမ်းချမ်းပါစေ "စာတန်းပါ ခရစ်တော်၏
အဆုံးအမစကားကို တရိုတသေ လက်ကမ်း
ထည့်ပေးလေ၏။

တဆက်တည်းလိုလိုပင် ဘေးကပ်လျက်
ဝက်သားတုတ်ထိုးဆိုင်မှ ဒီမှာလေကြည့်လေ"စစ်ပွဲထောက်ခံ
ဆန္ဒပြကြတာ " ဟူသည့် အသံကိုကြား၍ လှမ်းကြည့်မိရာ
လူတဦးက သူ့နံဘေး သူငယ်ချင်းကို ပြနေသော ဖုန်းတွင်
မျက်မှန်းတန်းမိနေကြ မျက်မှန်တပ်အဖွားအို တဦးနှင့်
ရဟန်းအချို့ကို မြင်ရလေသည်။စိတ်မှလည်း
အော် စစ်ပွဲထောက်ခံ စစ်ပွဲအားပေးတာ ရဟန်းတွေတောင်
ပါသေးသကိုးဟု တွေးမိ၏။

ဤဖြစ်စဉ်များကို ကြံကြိုက်ပြီး သကာလ ပြန်လည်
ဆင်ခြင်သုံးသပ်ကြည့်ရာ  >>>

(၁)

မြန်မာနိုင်ငံရှိ ဈေးများ အလုပ်ရုံများသည်
အစိုးရရုံးပိတ်ရက်အတိုင်း မဟုတ်ဘဲ ပိတ်ချင်သည့်ရက်ပိတ်
ဖွင့်ချင်သည့်ရက်ဖွင့် l ပိတ်ချင်သည့်အချိန်ပိတ်
ဖွင့်ချင်သည့်အချိန်ဖွင့်သည်ဖြစ်နေသည်မှာ
အဘယ့်ကြောင့်နည်း …???

(၂)

အသုပ်တပွဲ (၄၀၀) နှင့်ရောင်းချသော
အစ္စလာမ် အမျိုးသမီးရောင်းချသော အသုတ်သည်
ပုဇွန်ခြောက်မှုန့် သခွါးသီး ဂေါ်ဖီနှင့် အရသာရှိလှပြီး
(၅၀၀) နှင့်ရောင်းချသော မြန်မာတို့ဆိုင်မှာမူ
ကြာဇံ အချဉ်ရည်ချည်းသာပါဝင်ပြီး
သိုးစော်နံနေသည်မှာ အဘယ့်ကြောင့်နည်း …???

(၃)

မြန်မာလူမျိုးများသည် အချင်းချင်း ဒုက္ခပေးတတ်ကြပြီး
ရေသွန်သည်ကစ၍ ထိုးကြိတ်ခိုက်ရန်ဖြစ်ပွါးကာ
မညီမညွတ် ဖြစ်ကြသည်မှာ အဘယ်ကြောင့်နည်း…???

(၄)

အချို့သည် ငြိမ်းချမ်းရေးကို လိုလားပြီး
အချို့သည် စစ်ပွဲကို အဘယ့်ကြောင့် အားပေးကြသနည်း…???

©©©©©©©©©©©©©©©©©©©©

စာရေးသူသည် အထက်ပါ ပြဿနာများ၏
အဖြေကို အပြန်အလှန် ဆင်ခြင်သုံးသပ်အဖြေထုတ်ကြည့်ရာ
မည်သည့်နည်းနှင့်မျှ အဖြေမရတော့သည့်အဆုံး
စာဖတ်သူထံသို့သာ ဤအဖြေမရသေးသည့်
ပြဿနာကြီးကို ထိုးအပ်လိုက်ရလေတော့သတည်း……………………
………………………………………………………………………………
………………………………………………………………………………

©©©©©©©©©©©©©©©©©©©

                            မောင်သုခ
                           (25 - Dec - 2016)

No comments:

Post a Comment