လှောင်အိမ် …
(၁)
အေးသီးယပ်(atheist) သည် အလွန်လိမ္မာသော
ခွေးလေးတကောင်ဖြစ်၏။သူသည် The Circle ဟု
အမည်ရသည့် ဆပ်ကပ် အဖွဲ့ကြီးတွင် ကပြအသုံးတော်ခံရင်း
လူတကာ၏ ချစ်ခြင်းမေတ္တာကို ရရှိထားလေသည်။ The Circle
ဆပ်ကပ် အဖွဲ့ကြီးတွင် အေးသီးယပ် ကဲ့သို့ အလားတူပင် လူတကာချစ်ခင်၍
အလွန်လိမ္မာသော ခွေးလေးတကောင်လည်း ထပ်မံ ရှိနေသေး၏။
ထိုခွေးကလေး နာမည်မှာ သီးယပ်(theist)ဟု အမည်ရလေသည်။
ထူးခြားချက်မှာ လူတကာချစ်ခင်ကြသော ဤခွေးလေး
နှစ်ကောင် တဖြစ်လည်း အေးသီးယပ် နှင့် သီးယပ် (A&T)သည်
လုံးဝ မတည့်ခြင်းပင်။တွေ့တာနှင့် မာန်တဖီဖီ ။အစွယ် တပြင်ပြင်။
အမြီးကိုထောင်ကာ တကောင်နှင့် တကောင် မိုးထစ်ချုန်းသံအလား
အပြန်အလှန် ဟောင်ကြ၏။တိုက်ခိုက်ကြ၏။ကိုက်ခဲကြ၏။
(၂)
သူတို့နှစ်ဦးသည် ဟူးမန်း(human)
ဟု အမည်ရသော အလွန်လှပ ကျော့ရှင်းသည့် ခွေးမလေးကို
အပြိုင်ပိုးနေကြလေသည်။ဤအချက်သည် အေးသီးယပ် နှင့်
သီးယပ် (A&T) တို့ ရန်သူဖြစ်စေသော အကြောင်းခြင်းရာ တခုလည်း
ဖြစ်ပေတော့၏။
အေးသီးယပ် နှင့် သီးယပ် နှစ်ဦးစလုံးသည်
ဟူးမန်းအမည်ရသော ခွေးမလေးကို ဘဝတူခွေးလေးတကောင်ဟု
မြင်ကြသည်မဟုတ်ဘဲ ကောင်းကင်မှ ဆင်းသက်လာသည့်
အလွန်ဖြူစင်ကြည်လင်လှပသော နတ်သမီးလေး
တပါးဟုသာ မြင်ကြ၍ ဟူးမန်းအား မရလျှင် သေတော့မည့်ဟန်
အချစ်သူရဲကောင်း ခွေးလေးနှစ်ကောင်ပင်ဖြစ်လေသည်။
ဟူးမန်း သည် The Circle ဆပ်ကပ်ကြီးသို့
ရောက်လာသည်မှာ မကြာလှသေး။သုံးလသာသာ ရှိသေး၏။
ဆပ်ကပ်အဖွဲ့သားတို့သည် ဟူးမန်း အား ပဲခူးရိုးမတောစပ်မှ
ကောက်ယူရရှိလေသည်။
တော၏ လွပ်လပ်ခြင်း သာယာလှပခြင်း ပျော်မွေ့ဖွယ်
ကောင်းခြင်း တို့ကို အကျအနခံစားဖူးသော ဟူးမန်းသည်
The Circle ဆပ်ကပ်၌ မပျော်ပိုက်ချေ။သူတို့ဘဝသည်
လူတို့၏ အသုံးတော်ခံ ကြိုးဆွဲရာကနေကြရသော အဖြည့်ခံဘဝများ
ဖြစ်သည်ကို The Circle ဆပ်ကပ်မှ ငယ်မွေးခြံပေါက် ခွေးလားမြောက်လာကြသော အေးသီးယပ် နှင့် သီးယပ် ခမျာ
မရိပ်မိသော်လည်း လွပ်လပ်ခြင်း၏ အရသာကိုသိသော
ဟူးမန်း သည် ကောင်းကောင်းကြီး ရိပ်မိလေ၏။
အေးသီးယပ် နှင့် သီးယပ် (A&T)သည်
The Circle ဆပ်ကပ်အဖွဲ့ကြီးကို လောကနိဗ္ဗာန်ဟု
ကိုယ်စီ မှတ်ယူထားကြသော်လည်း ဟူးမန်း အဖို့တော့
လောကနိဗ္ဗာန်သည် သာယာအေးချမ်းလှသော ပဲခူးရိုးမတောကြီးသာ
ဖြစ်လေတော့သတည်း ။ဟူးမန်း၏ အန္တိမ ရည်ရွယ်ချက်သည်လည်း
လောကနိဗ္ဗာန်တဖြစ်လည်း ပဲခူးရိုးမတောကြီးသို့ ပြန်လည်
ရောက်ရှိရေးပင်ဖြစ်လေသည်။
(၃)
ဟူးမန်းသည် ကျွဲခြေရာခွက်ကို သမုဒ္ဒရာအထင်ရောက်
မာနချို ကိုယ်စီပေါက်နေသော အေးသီးယပ် နှင့် သီးယပ် တို့ကို
တော၏ လွပ်လပ်ခြင်း သာယာလှပခြင်း ပျော်မွေ့ဖွယ်
ကောင်းခြင်း တို့ကို ပြောပြ၏။အခါခါ ဆွယ်၏။အတူတူ
ထွက်ပြေးကြဖို့ အဖော်ညှိ၏။မရ ရေးချ လုံးဝ မရပေ ။
အေးသီးယပ် နှင့် သီးယပ် တို့အဖို့ လောနိဗ္ဗာန်ဟူသည်မှာ
အေးသီးယပ် ဟု အနီရောင် စာရေးထားသော သံလှောင်အိမ်နှင့်
သီးယပ်ဟု အဖြူရောင် စာရေးထားသော သံလှောင်အိမ်လေးတည်ရှိရာ
The Circle ဆပ်ကပ်အဖွဲ့ကြီးသည်သာ
ဖြစ်လေ၏။အခြားတပါးသော လောကဟူသည် မရှိ။
နိဗ္ဗာန်ဟူသည် မရှိ။
ဟူးမန်းပြောပြသော တောအကြောင်း တောင်အကြောင်း
လွပ်လပ်ခြင်းအကြောင်း သာယာလှပခြင်းအကြောင်း
ပျော်မွေ့ဖွယ် ကောင်းခြင်း အကြောင်း အစရှိသည်တို့သည်
အေးသီးယပ် နှင့် သီးယပ် တို့ အဖို့မှာမူ ကြောက်စဖွယ်
ခြောက်ခြားဖွယ် သွေးပျက်ဖွယ် အမိုက်အမှောင်ကြီးသာ
ဖြစ်နေပေတော့၏။သူတို့ နှစ်ဦး သိသည်မှာ တောသည်
မလုံခြုံ။အစာရေစာ ကိုယ်တိုင်ရှာဖွေရမည်။ဂရုတစိုက်
ကြည့်ရှုမည့်သူ မရှိ။အကောင်ဗလောင် ကြောက်ရ၏။
ရာသီဥတု စိုးရိမ်ရမည်။အို့ ကြောက်စရာ ထိတ်စရာ
လန့်စရာ အမိုက်အမှောင် တောကြီး မျက်မည်းပါတကား။
(၄)
The Circle ဆပ်ကပ်အဖွဲ့တွင်
အေးသီးယပ် သီးယပ် နှင့် ဟူးမန်းတို့နည်းတူ
အလိမ္မာကပြရသော (God) အမည်ရသည့် မျောက်ကလေး
တကောင်လည်း ရှိနေသေးသည်။မျောက်ကလေး ဂေါ့ (God)သည်
ဘဝင်ရူး ရူးနေသော မျောက်ကလေးပင်။သူမသိတာ မရှိ။
သူမတတ်တာ မရှိ။လူဆိုသည်မှာ မျောက်မှ ဆင်းသက်သော
အမျိုးများ ဖြစ်၍ တချိန်ချိန်တွင် လူသားများသည် မျောက်မျိုးနွယ်စုကို
ရှိခိုးဦးချ ကိုးကွယ် ကြမည်ဟူသော ယုံကြည်ချက် မျောက်ကလေး
ဂေါ့ (God) တွင် ရှိ၏။
မျောက်ကလေး ဂေါ့ သည် လှောင်အိမ်
သော့များကိုင်သော တိရစ္ဆာန် အလိမ္မာနည်းပြ ဆပ်ကပ်အဖွဲ့သား
မောင်ကီး ၏ လက်စွဲတော်ပင် ။သွားလေရာ ပခုံးပေါ် တင်သွား၏။
မောင်ကီး တယောက် ညည မူးပြီး အိပ်ပျော်လျှင် မောင်ကီး ခါးမှ
လှောင်အိမ်သော့တွဲကို ယူကာ မျောက်ကလေး ဂေါ့ (God)က
တိရစ္ဆာန် လှောင်အိမ်တံခါးတို့ကို လိုက်ဖွင့်လေတော့သည်။
မျောက်ကလေး ဂေါ့၏ အလွန်တရာ အတုခိုးကျွမ်းကျင်မှုကြောင့်
လှောင်အိမ်တံခါးတို့သည် ပွင့်သည်ချည်းသာ ဖြစ်၏။
(၆)
ထူးခြားချက်မှာ မျောက်ကလေး ဂေါ့သည်
ခွေးလိမ္မာလေးများဖြစ်ကြသော အေးသီးယပ် သီးယပ် နှင့်
ဟူးမန်းတို့၏ လှောင်အိမ်တံခါးကို ဘယ်တော့မှ မဖွင့်ခြင်းပင်။
အနားနားပင် မကပ်။ မျောက်ကလေး ဂေါ့ အမြဲပြောကြားသည်မှာ
သတ္တဝါ အပေါင်းတွင် ခွေးသည် အညစ်ပတ်ဆုံးဖြစ်ပြီး
အလွန်တရာ အနံ့ဆိုးသော သတ္တဝါဖြစ်သည်ဟူ၏။
သူသည် ခွေးကို အလွန်မုန်း၏။ထို့ကြောင့် အနားနား
မကပ်ဟု ပြောလေ၏။ဟူးမန်းသည် အလွန်ပါးနပ်သော
ခွေးကလေးပင်။မျောက်ကလေး ဂေါ့သည် ဟူးမန်းနှင့်
တွေ့လျှင်တော့ အမြဲခံရလေ၏။မျောက်ကလေး ဂေါ့အား
အမြဲအနိုင်ရရှိသည့် ဟူမန်း၏ လက်နက်သည်ကား
မခံချင်အောင် ပြောခြင်းပင်။
(၇)
တကြိမ်သောအခါ The Circle ဆပ်ကပ်အဖွဲ့ကြီးသည်
ပဲခူးရိုးမအနီး လက်ပံခါးရှည်ရွာမှ သူဋ္ဌေးကြီး ဦးသူတော်၏
ငှားရမ်းမှုကြောင့် လက်ပံခါးရှည်ရွာတွင် ဖျော်ဖြေရန်သွားရောက်
ကြလေ၏။ခွေးလိမ္မာလေး ဟူးမန်း သည် ပျော်မဆုံး ရွှင်မဆုံး။
လောကနိဗ္ဗာန် တဖြစ်လည်း ပဲခူးရိုးမတောသို့ ပြန်ရောက်ရန်
အခွင့်အရေး မဟုတ်လော။ဤအခွင့်အရေးကို လက်လွတ်မခံဘဲ
အစွမ်းကုန်ကြိုးစားရန် ဆုံးဖြတ်ထားလေ၏။
ဆက်ကပ်ပွဲ နောက်ဆုံးည ဖြစ်၏။
ငါးရက်လုံးလုံး ဆပ်ကပ် ကပြဖျော်ဖြေထားမှုနှင့်အတူ
အဖွဲ့သားအားလုံးလည်း ပင်ပန်းနေ၏။ပင်ပန်းမှုနှင့်အတူ
သေရည်လည်း အလွန်အကျွံ ကိုယ်စီ ကိုယ်စီ ဝင်ထားကြသဖြင့်
အိပ်မောကြနေကြလေပြီ။ညသည် တိတ်ဆိတ်သည်ထက်
ပိုမို နေပေ၏။
လှောင်အိမ်သော့ကိုင် မောင်ကီးလည်း ပိုးလိုးပက်လက်
မူးကာရူးကာ အိပ်မောကျနေလေပြီ။မျောက်ကလေး ဂေါ့
တကောင်လည်း မောင်ကီး ခါးမှ သော့တွဲဖြင့် ဟိုဒီဖွင့်ကာ
ဆရာကြီးလုပ်၍ လှောင်အိမ်ဖွင့်တိုင်း ဆော့ကစားနေလေ၏။
ခွေးမလေး ဟူးမန်းလည်း မအိပ်မနေ အသက်ရှည်
ဆိုသလို ဂေါ့ကို စကားနာထိုးရန် အကြံထုတ်နေ၏။
ခွေးလိမ္မာလေးနှစ်ကောင်ဖြစ်သည့် အေးသီးယပ် နှင့် သီးယပ်
နှစ်ကောင်မှာလည်း ဟူးမန်းကို အပြိုင်ပိုးပန်းလျက်
တကောင်တလှည့်စီ ဆွဲဆွဲငင်ငင်ဖြင့် အူသံပေးကာ
မအိပ်ကြသေး။
(၈)
ခွေးမလေး ဟူးမန်းသည် သော့တွဲကို လက်မှာကိုင်လျက်
ဟိုခုန် ဒီခုန် မျောက်လွှဲကျော်လုပ် ဆရာကြီးဟန်ထုတ်နေသော
မျောက်ကလေး ဂေါ့အား စကားဆိုလိုက်ပြီး ပြောသည်မှာ >>>
မဏိပူရ ကသည်းကျမ်းတို့အလိုအရ
တိုင်မဘူ ဘုရားရှင်သည် ရွှံ့ဖြင့် လူရုပ်လုပ်ကာ မြေပြင်ချစဉ်
ဦးစွါ ခွေးဖြစ်ကြောင်း ထိုမှတဖန် ထပ်မံပြုလုပ်ရာ မျောက်ဖြစ်ကြောင်း
အဆုံးမှသာ အချိုးအစားကျနသော လူသားကို ဖြစ်စေခဲ့ကြောင်း
ထိုသို့သောအတွက် ခွေးသည် ကမ္ဘာဦး သတ္တဝါဖြစ်၍
မျောက်သည် ဒုတိယ သာ ဖြစ်ပြီး လူသားသည်
ခွေး မျောက် ဖြစ်ပြီးမှသာ ဖြစ်တည်လာ၏။ထို့ကြောင့်
မျောက်ဟူသည် ခွေးအနားကို ကပ်ရမှာ အလွန်ကြောက်ကြောင်း။
မျောက်တို့သည် ခွေးများ တောသို့ဝင်မည်ကိုလည်း အလွန်
ထိတ်လန့်တုန်လှုပ်ကြောင်း ။တိုင်မဘူ ဘုရားသခင်နှင့်
ခွေးများ ဆုံတွေ့မှာ ကြောက်သည့်အတွက် မျောက်မှန်သမျှသည်
ခွေးများ တောသို့ဝင်မည်ကို ထိတ်လန့်ကြောင်း စကားနာ
ထိုးလေတော့သည်။
မျောက်ကလေး ဂေါ့လည်း တိုင်မဘူ ဘုရားသခင်ကို
မကြားဘူးကြောင်း မဏိပူရ ကသည်းကျမ်းကိုလည်း
မဖတ်ဘူးသဖြင့် ပေါက်ကရသာ ထင်ကြောင်း။
သည်လောက် တောသို့ ဝင်ချင်လျှင် လှောင်အိမ်ဖွင့်ကာပေးမည်။
နံစော် စုတ်ချာ ညစ်ပတ်သော ခွေးတို့ တောနက်နက်တွင်
ငတ်ပြတ်၍သော်လည်းကောင်း ကျား ခြင်္သေ့ ကိုက်၍သော်လည်းကောင်း
သေလေပေတော့ဟုဆိုကာ ဒေါသတကြီးဖြင့် အေးသီးယပ် သီးယပ်နှင့်
ဟူးမန်းတို့ ခွေးသုံးကောင်၏ လှောင်အိမ်သော့အား ဖွင့်ပြီး
သကာလ The Circle ဆက်ကပ်အဖွဲ့နှင့်
ဝေးရာ တောသို့ သွားကြရန် နှင်ထုတ်လေတော့သည်။
(၉)
ခွေးလိမ္မာမလေး ဟူးမန်းသည် အလွန်ပျော်လေပြီ။
လှောင်အိမ်လည်း ဟင်းလင်းပွင့်လျက်။
ပဲခူး ရိုးမတောကြီးကလည်း ရှေ့တည့်တည့်တွင် ဆီးကြိုလျက်။
ဝမ်းသာအားရ အပြေးသွားလေတော့သည်။
သို့သော် အေးသီးယပ် နှင့် သီးယပ် သူနှင့်အတူ ပါမလာ၍
ဆတ်ခနဲ တန့်ရပ်၍ နောက်သို့ ပြန်လှည့်ကြည့်ရာ
အေးသီးယပ် နှင့် သီးယပ် ခွေးလေး နှစ်ကောင်သည်
လှောင်အိမ်များပွင့်လျက် ဟူးမန်းနှင့် အတူပါမလာဘဲ
ခေါင်းတခါခါ လည်တခါခါ နှင့်တအီအီ အသံပေးကာ
ဟူးမန်းကို ငေးကြည့်နေလေ၏။
ခွေးမလေး ဟူးမန်းသည် တခေါက်ပြန်လှည့်ကာ
အေးသီးယပ် နှင့် သီးယပ် ကို အတူလိုက်ခဲ့ဖို့
ခေါ်ပြန်လေ၏။လှောင်အိမ်တံခါးလည်း ပွင့်နေပြီဖြစ်ကြောင်း
တော၏ လွပ်လပ်ခြင်း သာယာလှပခြင်း ပျော်မွေ့ဖွယ်
ကောင်းခြင်း တို့ကို ထပ်မံပြောပြ၏။အခါခါ ဆွယ်၏။အတူတူ
ထွက်ပြေးကြဖို့ အဖော်ညှိ၏။မရ ရေးချ လုံးဝ မရပေ ။
အေးသီးယပ် နှင့် သီးယပ် တို့အဖို့ လောနိဗ္ဗာန်ဟူသည်မှာ
အေးသီးယပ် ဟု အနီရောင် စာရေးထားသော သံလှောင်အိမ်နှင့်
သီးယပ်ဟု အဖြူရောင် စာရေးထားသော သံလှောင်အိမ်လေးတို့
တည်ရှိရာ The Circle ဆပ်ကပ်အဖွဲ့ကြီးသည်သာ
ဖြစ်လေ၏။အခြားတပါးသော လောကဟူသည် မရှိ။
နိဗ္ဗာန်ဟူသည် မရှိ။ကြောက်စရာ ကမ္ဘာအတိ။
ဟူးမန်းပြောပြသော တောအကြောင်း တောင်အကြောင်း
လွပ်လပ်ခြင်းအကြောင်း သာယာလှပခြင်းအကြောင်း
ပျော်မွေ့ဖွယ် ကောင်းခြင်း အကြောင်း အစရှိသည်တို့သည်
အေးသီးယပ် နှင့် သီးယပ် တို့ အဖို့မှာမူ ကြောက်စဖွယ်
ခြောက်ခြားဖွယ် သွေးပျက်ဖွယ် အမိုက်အမှောင်ကြီးသာ
ဖြစ်နေပေတော့၏။သူတို့ နှစ်ဦး သိသည်မှာ တောသည်
မလုံခြုံ။အစာရေစာ ကိုယ်တိုင်ရှာဖွေရမည်။ဂရုတစိုက်
ကြည့်ရှုမည့်သူ မရှိ။အကောင်ဗလောင် ကြောက်ရ၏။
ရာသီဥတု စိုးရိမ်ရမည်။အို့ ကြောက်စရာ ထိတ်စရာ
လန့်စရာ အမိုက်အမှောင် တောကြီး မျက်မည်းပါတကား။
ဟူးမန်းကို အလွန်ချစ်ကြသော်လည်း
အေးသီးယပ် နှင့် သီးယပ် တို့သည် မိမိရရှိထားသော
လက်ရှိဘဝကို မစွန့်လွှတ်နိုင်ကြ။မိမိတို့ လောကနိဗ္ဗာန်ဟု
ယုံကြည်ထားသော The Circle ဆပ်ကပ်အဖွဲ့ကြီးကို
မစွန့်လွှတ်နိုင်ကြ။သူတို့သည် လူတွေကို ဖျော်ဖြေကပြရင်း
အေးသီးယပ် နှင့် သီးယပ်ဟူသော လူတကာချစ်ခင်ကြသည့်
အမည်နှင့် ဘဝကိုလည်းကောင်း လှောင်အိမ်လေးကိုလည်းကောင်း
မည်သည့်နည်းနှင့်မျှ မစွန့်လွှတ်နိုင်ကြချေ။
(၁၀)
နံနက်ခင်း အလင်းရောင်သည် တစတစဖြင့်
ထွက်ပြူစ ပြုနေပေပြီ။ခွေးမလေး ဟူးမန်းသည်
အေးသီးယပ် နှင့် သီးယပ် တို့အား ခေါ်မရတော့သည့်အဆုံး
ပဲခူးရိုးမတောကြီးအတွင်းသို့ အပြေးအလွှား တကောင်တည်း
ပေါ့ပါးလွပ်လပ်စွါ ဝင်ရောက်သွားလေတော့သည်။
အေးသီးယပ် နှင့် သီးယပ် ခွေးကလေးနှစ်ကောင်လည်း
်အေးသီးယပ် ဟု အနီရောင် စာရေးထားသော သံလှောင်အိမ်နှင့်
သီးယပ်ဟု အဖြူရောင် စာရေးထားသော သံလှောင်အိမ်တံခါးများ
ပွင့်လျက် လှောင်အိမ်အတွင်း ဆောင့်ကြောင့်ထိုင်ကာ
ပဲခူးရိုးမတောအတွင်းသို့ တရွေ့ရွေ့ထွက်ခွါသွား၍
ပျောက်ခြင်းမလှ ပျောက်ကွယ်သွားသော ခွေးလိမ္မာမလေး
ဟူးမန်းကို ငေးကြည့်ရင်း နှစ်ကောင်သား
ခွေးတို့ သဘာဝ ပြိုင်တူ ဆွဲဆွဲငင်ငင် အူသံပြုပြီးသကာလ
အိပ်မောကျနေသော The Circle ဆပ်ကပ်အဖွဲ့သားများကို
လှုပ်နှိုးလိုက်လေတော့ သတည်း …………………………………
…………………………………………………………………………
……………………………………………………………………………
မောင်သုခ
(7- Jan - 2016)
Just_my_silly