Friday, October 26, 2018

အောင်လအန်ဆန်နိုင်တာ ဘာ့ကြောင့်လဲ …???

" အောင်လအန်ဆန်နိုင်တာ ဘာ့ကြောင့်လဲ …???  "
                                                    
_______________________
လက်ဘနွန်နိုင်ငံသား မိုဟာမက်ခရာကီကို
ပထမအချီ (2) မိနစ်နဲ့(22) စက္ကန့်မှာတင်
အောင်လအန်ဆန် အနိုင်ရရှိ …
_________________________  
                                       
__________
မောင်သုခ
_____________
                                               (အောက်တိုဘာ -၂၇)                 

[၁]

ONE Championship မှ ကျင်းပသည့် MMA
မစ်ဒယ်ဝိတ် ရွှေခါးပတ်ချန်ပီယံကာကွယ်ပွဲကို
အောက်တိုဘာ ၂၆ ရက်ည  ရန်ကုန်မြို့ရှိ
အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌
ကျင်းပရာ အောင်လအန်ဆန် (မြန်မာ) က လက်ဘနွန်
နိုင်ငံသား မိုဟာမက်ခရာကီကို  ပထမအချီ (2)မိနစ်နဲ့
(22)စက္ကန့်တွင်  အလဲထိုးအနိုင်ယူပြီး မစ်ဒယ်ဝိတ်
ရွှေခါးပတ်ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။
ထို့ကြောင့် မစ်ဒယ်ဝိတ်တန်း
MMA ကမ္ဘာ့ချန်ပီယံဆုကို အောင်လအန်ဆန်က
မြန်မာ့ဂုဏ်ဆောင်ပြီး ဆက်လက်ထိန်းသိမ်း
ထားနိုင်ခဲ့ပြီဖြစ်သည်။

အသက်၂၇နှစ်ရှိ လက်ဘနွန်နိုင်ငံသား
မိုဟာမက် ခရာကီဟာ အောင်လအန်ဆန်နဲ့ မထိုးသတ်မီ
MMA ပွဲ၉ပွဲမှာ ၉ပွဲစလုံး အနိုင်ရထားခဲ့သော
သူတယောက်ဖြစ်၏။

[၂]

မိုဟာမက် ခရာကီဆိုသူသည်
အရှေ့အလယ်ပိုင်းဒေသ၏ အကောင်းဆုံး MMA
ဖိုက်တာတဦး ဖြစ်ပြီး ဂျူဂျစ်ဆု(ပြိုင်ဘက်ကို ချုပ်ကိုင်ကာ
အနိုင်ယူသည့်ပညာ) ကျွမ်းကျင်ကာ လျှင်မြန်ဖြတ်လတ်
သန်မာသူ ဖြစ်သည်။

သူ၏ MMA ဖိုက်တာဘဝကို
Desert Force MMA အားကစားပြိုင်ပွဲ၌ ၂၀၁၂ ခုနှစ်တွင်
စတင်ခဲ့ပြီးနောက် ၇ ပွဲ ဆက် တိုက် အနိုင်ရရှိခဲ့ပြီး
Desert Force ၏ လိုက်ဟဲဗီးဝိတ် နှင့် မစ်ဒယ်ဝိတ်
ချန်ပီယံ ဖြစ်လာခဲ့၏။

ပြိုင်ဘက်ကို လျှင်မြန်စွာ ပွဲသိမ်းနိုင်ပြီး
စနစ်ကျသည့် တိုက်ခိုက်မှုများကြောင့် ခရာကီမှာ
အရှေ့အလယ်ပိုင်း၏ နာမည်ကျော် ဖိုက်တာတဦး ဖြစ်လာခဲ့ပြီး
ပရိသတ်များ၏ အားပေးမှုကို အခိုင်အမာရရှိခဲ့သည်။

ထို့နောက် ၂၀၁၇ ခုနှစ်တွင်
ဖီးနစ် MMA ပြိုင်ပွဲသို့ ပြောင်းလဲထိုးသတ်ပြီး ၂ ပွဲဆက်တိုက်
အနိုင်ရရှိခဲ့ပြီးနောက် လက်ရှိတွင် ဝမ်းချန်ပီယံရှစ် အဖွဲ့နှင့်
လက်မှတ်ရေးထိုးကာ မစ်ဒယ်ဝိတ် ချန်ပီယံ အောင်လအန်ဆန်နှင့်
ထိုးသတ် ရန် စိန်ခေါ်လာခြင်း ဖြစ်၏။

လက်ဘနွန်ဖိုက်တာ ခရာကီက
သူထိုးသတ်ခဲ့သည့် နိုင်ပွဲ ၉ ပွဲတွင် ၃ ပွဲကို အလဲထိုးဖြင့်
အနိုင်ယူခဲ့သူ ဖြစ်ပြီး ၅ ပွဲက သူ၏ ချုပ်ကွက်များကြောင့်
ပြိုင်ဘက်များက အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ပွဲစဉ် ၈ ပွဲစလုံးတွင် ပြိုင်ဘက်များကို
ပထမအချီမှာပင် ပွဲသိမ်းခဲ့သူ ဖြစ်၏။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ထိုးသတ်သည့်
အီဘရာဟင် အယ်ဆာဝီနှင့်ပွဲစဉ် တပွဲတည်းသာ
နောက်ဆုံး ၅ ချီ အထိ ထိုးသတ် ကာ ဒိုင်၏ အဆုံးအဖြတ်ဖြင့်
အနိုင်ရခဲ့ပြီး Desert Force အဖွဲ့၏ မစ်ဒယ်ဝိတ် ချန်ပီယံဘွဲ့ကို
ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။

[၃]

အောင်လအန်ဆန်နှင့် မိုဟာမက်ခရာကီတို့၏ပွဲမှာ
ပထမအချီ (2)မိနစ်နှင့် (22) စက္ကန့် တွင်ပင် ပွဲသိမ်းခဲ့၍
အောင်လအန်ဆန်၏ ပြင်းထန်သော လက်သီးချက်မှာ
မိုဟာမက်ခရာကီ၏ မျက်နှာကိုထိမှန်ကာ
အနိုင်ရခဲ့ ခြင်းဖြစ်၏။

မိုဟာမက်ခရာကီသည် မိမိအားသန်သော
ဂျိုဂျစ်ဆု ချုပ်ကွက်ဖြင့် ခပ်မြန်မြန်ပွဲသိမ်းရန်
သုံးကြိမ်တိုင်ကြိုးစားခဲ့ပြီး သူ၏ ပြင်းထန်နာမည်
ကျော်သော တံတောင်ရိုက်ချက်တချက်ကို
အသုံးပြုခွင့်ရခဲ့ကာ အနိုင်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း
အောင်မြင်မှုမရရှိဘဲယခုကဲ့သို့ ရှုံးနိမ့်သွားခြင်းဖြစ်သည်။

အဆိုပါ ရှုံးနိမ့်မှု သည် သွေးရိုးသားရိုး သမားရိုးကျ
ရှုံးနိမ့်မှု မဟုတ်ဘဲ ပြိုင်ပွဲ မတိုင်မီ ရက်များတွင်
လက်ဘနွန် နိုင်ငံသား မိုဟာမက် ခရာကီအနေဖြင့်
မြန်မာပြည်၌  တတိယကမ္ဘာစစ်ဖြစ်သည့်အလား
ဆူညံ ပွက်လောရိုက်နေသည့် လော်စပီကာ
အသံများ ဗျောက်အိုးဖောက်သံများနှင့်
ဖျက်အားပြင်း မီးပုံးပျံများနှင့်အတူ လူဆိုးကြီး
အင်္ဂုလိမာလ ကြောင့်ဟု  ပြိုင်ပွဲပြီးချိန်တွင်
မီဒီယာများအား အောက်ပါအတိုင်း
ပြောဆိုလိုက်၏။         

" ပြိုင်ပွဲရလာဒ်ကတော့ ဘုရားသခင်
   အလိုတော်ကျပါပဲဗျာ။ ပြောစရာ ရှိတာက
   မြန်မာနိုင်ငံကို ကျွန်တော်မလာခင်ကတည်းက
  သီတင်းကျွတ်လပြည့်ပွဲတော် ဆိုတာကို
  အတော်လေး စိတ်ဝင်စား မိပါတယ်။
  ဟိန္ဒူဘာသာမှာလည်း ဒီလို လပြည့်နေ့ညဆို
  ပွဲတော်တခု ကျင်းပတယ်။
   
  ထူးထူးဆန်းဆန်း မြန်မာ့ ဓလေ့ရိုးရာအနေနဲ့
  ဘာတွေကို တွေ့ရ ကြားရမလဲ ဆိုပြီး
  စိတ်ဝင်တစားနဲ့ ရောက်လာပြီးတဲ့အခါ
  တွေ့ရ ကြားရ မြင်ရတာတွေကတော့
  မထိတ်သာ မလန့်သာ ရှိလှပါတယ်။
  အဲဒါတွေကတော့ဗျာ …
  
[၄]

မြန်မာပြည်မှာ ဒီအချိန်ကာလက
တကယ့်ကို ကြောက်ခမန်းလိလိပါ။
ဝုန်း ဒိုင်း ဖောင်း ဂွမ်း အုန်း ဒိုင်း ဆိုတဲ့
လော်စပီကာသံ ဗျောက်အိုးဖောက်သံတွေဟာ
အသည်းငယ်သူတွေအဖို့ သေးပါထွက်လောက်
ပါတယ်။အဲ  အဲ အသက်ပါ ထွက်လောက်
ပါတယ်။

ကျွန်တော် ဘုရားသခင်နဲ့ အဆက်အသွယ်ရဖို့
ကြိုးစားပေမယ့် ဘယ်လိုမှ မရခဲ့ပါဘူး။
ဒီလို လော်သံ ဗျောက်သံ ဆဲဆိုသံ
အသံဆိုး အသံနက်ကြီးတွေကြားမှာ
ရင်တုန်ပန်းတုန်ဖြစ်ပြီး အိပ်ရေးတွေလည်း
ပျက်ရပါတယ်။

မီးပုံးပျံတွေ ကျွန်တော်တည်းတဲ့ အနားက
ဖြတ်သွားတိုင်းလည်း ရေပုံးတပုံးကိုင်ပြီး
ပြုတ်ကျလာမလားလို့ ညတိုင်း စောင့်ကြည့်ရတာလည်း
အမောပါပဲ။ ကျွန်တော်ကြားတာတော့
မြန်မာတွေရဲ့ မီးပုံပျံတလုံးဟာ
အိမ်ရှစ်လုံးလောက်ကို အသာလေး
လောင်ကျွမ်းဝါးမြို သွားတဲ့အကြောင်း
သတင်းတွေမှာ ဖတ်လိုက်ရပါတယ်။
အနုမြူဗုံးထက်တောင် မြန်မာ့မီးပုံးပျံဟာ
ကြောက်စရာ ကောင်းလှအောင် ဖျက်အား
ပြင်းထန်ပါတယ်။

အဲဒါကြောင့် ညတိုင်း မီးပုံးပျံတွေတွေ့တာနဲ့
ရေပုံးကိုင်ပြီး ကိုယ့်ဆီများ ကျလာလေမလား
ထိတ်လန့်နေရတာပါပဲ။
ကျွန်တော် ဒီပွဲမှာ ရှုံးနိမ့်ရတာ
အဲဒါတွေကြောင့်ပါ "ဟု
ဝမ်းနည်းပက်လက် မျက်ရည်စို့ကာ
လက်ဘနွန်  နိုင်ငံသား မိုဟာမက်ခရာကီက
မီဒီယာများကို ပြောလေ၏။ဆက်လက်၍
လက်ဝှေ့ပွဲအကြောင်းကို ရှင်းပြပြန်သည်မှာ…

[၅]

ကျွန်တော့ကို အောင်လ က လက်သီးနဲ့ထိုးတဲ့အခါ
လက်နဲ့ အချိန်မှီ ကာဖို့ ကြိုးစားခဲ့ပါသေးတယ် …
အဲဒီ့အချိန်…

" မြန်မာ ပရိတ်သတ်တယောက်က
  လော်စပီကာလို အလားတူ ဆိုးတဲ့ အသံနက်ကြီးနဲ့
  'အင်္ဂုလိမာလ' ကွ ဆိုပြီး အကျယ်ကြီး
  အလန့်တကြား ထအော် အားပေးသံကို
  ကြားလိုက်ရပါတယ်… အဲဒီ့မှာ
  ကျွန်တော် အတော် လန့်သွားသလို
  ကြောက်အားလည်းပို ရင်ဘတ်ထဲကလည်း
  ပျို့တက်လာပြီး မေ့သလို မျောသလို ဖြစ်လို့
   အထိုးခံလိုက်ရပြီး အောင်လကို ရှုံးရတာပါပဲ "ဟု
  လက်ဘနွန်  နိုင်ငံသား မိုဟာမက်ခရာကီက
   လော်စပီကာသံ- ဗျောက်သံ မီးပုံးပျံနှင့် အင်္ဂုလိမာလကို
    စိတ်အနာကြီးနာ၍  အသံပါမကြားချင်
   တော့သည့်နှယ် ပြောဆို ဖြေကြားလေ၏။

   သူသည် အောင်လအန်ဆန်နှင့် လက်ဝှေ့မထိုးခင်နှင့်
   ထိုးသတ်ခါနီးအထိ  သူ့လက်ညှိုးတချောင်းကို
    မိုးပေါ်ထောင်ကာ မြန်မာ့မီးပုံပျံများကို သူကြောက်လန့်ကြောင်းနှင့်
    သူ့လက်ညှိုးများ ရှိသေးရဲ့လားဟု စိတ္တဇဖြစ်ကာ
    ပြန်ပြန်ကြည့်နေခဲ့သည်ကို တွေ့ရလေ၏။

[၆]

အောင်လအန်ဆန်က
မီဒီယာများကို ဖြေကြားသည်မှာ                     
" ကျွန်တော်က မြန်မာပြည်ကို ခဏခဏ
  ရောက်နေကြဆိုတော့ ပွဲတော်ရက်တွေမှာ
  ကမ္ဘာစစ်ဖြစ်သလို လော်စပီကာဖွင့်ကြတာတွေ။
  ဗျောက်အိုးဖောက်ကြတဲ့အသံတွေ မီးပုံးပျံတွေကို
  အသားကျနေပါပြီ ။ ဘာပြဿနာမှ မရှိပါဘူး ။
  တကယ်တော့ ဒီအသံတွေက နားအူ
  လာပြီးတဲ့အခါ ဒေါသတွေပါ အတုံးလိုက်
  အတစ်လိုက် ထွက်လာစေတဲ့အသံတွေဖြစ်သလို
  ခန္ဓာကိုယ်ထဲက အတွင်းအားတွေကိုပါ
  အဆုံးအဆမဲ့ ထွက်လာစေပါတယ်။
   ကျွန်တော့် လက်သီးချက်တွေကိုလည်း
   အားပို ပြင်းစေတာ အမှန်ပါပဲ။

   ဒါကို မြန်မာတွေကတော့ ကောင်းကောင်းကြီး
   အသုံးချတတ်ပါတယ်။ နားစိမ်းတဲ့ သူတွေ
   အတွက်ကြတော့ မလွယ်ပါဘူး။ ဒီအသံတွေကို
   အံကြိတ်ကျော်ဖြတ်ဖို့ အတော်လေး ခက်ခဲလွန်းပါတယ်။
    အတွင်းအားတွေ လိုတယ်ပေါ့နော် ။

  မန္တလေးမှာ တခါတုန်းက နိုင်ငံခြားသား
   တယောက်ဆို ဒီအသံတွေကို မခံနိုင်တဲ့အဆုံး
   ဆောင်းဘောက်စ်ကြိုးတွေ သွားဆွဲဖြုတ်လို့
   ပြဿနာ  တက်သေးတယ် မဟုတ်လား ။

   
[၇]

    ဒါကို လက်ဘနွန်  နိုင်ငံသား
    မိုဟာမက် ခရာကီ က ထိတ်လန့်တကြားနဲ့
     အခုလို စိတ္တဇဖြစ်သွားတာမို့ ။ ကျွန်တော်
     အနိုင်ရရှိတာပါ။ သူ အခုထိ လော်ဒဏ်ကြောင့်
     နားတွေလေးနေတုန်းလို့လည်း
    သတင်းကြားရတော့ စိတ်မကောင်းတာအမှန်ပါပဲ ။
    ဝမ်းသာစရာသတင်းကတော့ သူနားတွေလေး
    နေတော့ မြန်မာပြည်ရဲ့ လော်သံ ဗျောက်သံတွေဒဏ်
    သွေးပျက်လောက်အောင် မကြားရတော့တာမို့
    ဘုရားသခင်နဲ့ ပြန်ပြီး အဆက်အသွယ်
    ပြန်ရသွားလို့ ငြိမ်းချမ်းမှု ရနေပြီဖြစ်ကြောင်းလည်း
    သိရပါတယ်။
  
     လက်ဝှေ့ ထိုးပွဲ မတိုင်မီ မီဒီယာရှေ့မှာ
    ကျွန်တော်နဲ့ တွေ့ဆုံတုန်းကတည်းက
    မိုဟာမက်ခရာကီဟာ ပရိတ်သတ်နဲ့ ကျွန်တော့်ကို
    လက်ညှိုးတချောင်းထောင်ပြီး အသိပေးပါသေးတယ်။
     လက်ညှိုး တချောင်းထောင်ပြပြီး သူပြောချင်တဲ့
     အဓိပ္ပါယ်က လော်စပီကာသံ ဗျောက်ဖောက်သံတွေကြောင့်
     အထိတ်တလန့်နဲ့ အိပ်မပျော်တဲ့ မိုဟာမက်တယောက်
     အင်္ဂုလိမာလကို သူညက အိပ်မက်မက်တဲ့
     အကြောင်း အင်္ဂုလိမာလက သူ့လက်ညှိုးကို
     လိုက်ဖြတ်ပြီး " အင်္ဂုလိမာလ " တဲ့ကွလို့
     ကြိမ်းဝါးသွားကြောင်း …
 
[၈]

      အဲဒါနဲ့ ဂူဂဲလ်မှာ
      အင်္ဂုလိမာလ အကြောင်း ရှာဖတ်ကြည့်တော့
      ဘုရားကိုပါမချန် ဓါးနဲ့လိုက်ခုတ်တဲ့ လူဆိုးကြီး
      ဖြစ်တာ သိလိုက်ရတော့ အတော့်ကို တုန်လှုပ်ခဲ့ကြောင်း။
      မြန်မာပြည်သူတွေ အနေနဲ့ သူ့လက်ညှိုးလေးတော့
     ချမ်းသာပေးဖို့  အင်္ဂုလိမာလ ကို တဆင့်စကား
     ပြောပေးကြဖို့နဲ့ လော်သံ ဗျောက်သံတွေကြောင့်
     ဘုရားသခင် နားအူပြီး ခေါင်းပါကိုက်နေပြီဖြစ်တဲ့
     အကြောင်း … မိုးပေါ်က မီးပုံးပျံတွေကိုလည်း
     သူကြောက်လန့်ကြောင်း… အောင်လနဲ့ ထိုးသတ်နေတဲ့
     အချိန် မီးပုံးပျံတွေ သူတို့ဆီကျမလာဖို့
     ကာကွယ်ပေးကြပါလို့ မေတ္တာရပ်ခံကြောင်း…
      လက်ညှိုး တချောင်း မိုးပေါ်  ထောင်ပြပြီး
      သူပြောပြလိုတာပါ။ဒါကို ကျွန်တော်လည်း
     အခုမှ နားလည်ပါတော့တယ်။ တကယ့်ကို
     စိတ်မကောင်းစရာပါပဲ။

    တကယ်တော့ ကျွန်တော် မိုဟာမက် ခရာကီကို
    အနိုင်ရရှိတာ  မြန်မာပြည်ရဲ့ ထူးခြားကျော်ကြားလှတဲ့
    လော်စပီကာ အသံနဲ့ ဗျောက်ဗုံးဖောက်သံတွေ ကြောင့်လို့
    ဆိုရင်လည်း မမှားပါဘူး. နောက်တခုက အင်္ဂုလိမာလ
    နာမည်ကြောင့်လို့ ဆိုရင်လည်း ဆိုလို့ရပါတယ် .
     ဒါ့အပြင် ကျွန်တော်နဲ့ ထိုးသတ်နေတုန်း မီးပုံပျံတွေများ
     ကျလာလေမလားလို့ စိုးရိမ်တကြီးဖြစ်နေတဲ့
     မိုဟာမက်ခရာကီရဲ့ အကြောက်လွန်မှုကြောင့်
     ဆိုရင်လည်း မမှားပါဘူး " ဟု
    အောင်လအန်ဆန်က မီဒီယာများကို
    ဖြေကြားခဲ့လေ၏။

                                         မောင်သုခ
                                        (27-Oct-2018)

photo credit _
video _ One Cps

No comments:

Post a Comment