Sunday, September 16, 2018

" ခွေးလိုကျင့်က ခွေးဖြစ်မည် "

" ခွေးလိုကျင့်က ခွေးဖြစ်မည် "

________
မောင်သုခ
___________

[၁]

တိပိဋက _ သုတ္တန်ပိဋက _
မဇ္ဈိမနိကာယ်  _ မဇ္ဈိမပဏ္ဏာသပါဠိတော် _
(၁) ဂဟပတိဝဂ် _ [၇] ကုက္ကုရဝတိကသုတ်…

အခါတစ်ပါး၌ မြတ်စွာဘုရားသည်
ကောလိယတိုင်း ဟလိဒ္ဒဝသနမည်သော နိဂုံး၌
သီတင်းသုံးနေတော်မူ၏။

[၂]

ထိုအခါ ကောလိယ၏သား နွားကျင့်ကျင့်သော
နွားချစ်သူများဂရု မန်ဘာဝင် ပုဏ္ဏားသည်လည်းကောင်း၊
အဝတ်မဝတ်သော ခွေးကျင့်ကျင့်သော
ခွေးချစ်သူများ ဂရုမန်ဘာဝင် သေနိယသည်
လည်းကောင်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီးလျှင်
ကောလိယ၏သား နွားကျင့်ကျင့်သော ပုဏ္ဏားသည်
ရိုသေစွာ ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေ၏။

အဝတ်မဝတ်သော ခွေးကျင့်ကျင့်သော
သေနိယသည်ကား မြတ်စွာဘုရားနှင့်အတူ
ဝမ်းမြောက်ဝမ်း သာပြောဆို၏၊ ဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ ခွေးကဲ့သို့
ခွေ၍ တစ်ခု သောနေရာ၌ နေ၏။ တစ်ခုသော နေရာ၌
ထိုင်နေသော ကောလိယ၏သား နွားကျင့်ကျင့်သော
ပုဏ္ဏား သည် မြတ်စွာဘုရားကို-

[၃]

”အသျှင်ဘုရား အဝတ်မဝတ်သော
ခွေးကျင့်ကျင့်သော ဤသေနိယသည် ပြုနိုင်ခဲသည်ကို
ပြု၏၊ မြေ၌ပစ်ချထားသော အစာကို စား၏၊
ထိုသေနိယသည် ထိုခွေးကျင့် ခွေးကြံ
ခွေးအကျင့်စရိုက်ကို ရှည်မြင့်စွာသော
ကာလပတ်လုံးပြည့်စုံစွာ ဆောက်တည်ထား၏၊
ထိုသေနိယ၏ လားရာကား အဘယ်ပါနည်း၊
တမလွန်လောကသည်ကားအဘယ်ပါနည်း”ဟု
လျှောက်၏။

မြတ်စွါ ဘုရားရှင်က ပြန်လည် မိန့်တော်မူသည်မှာ
" ပုဏ္ဏား မသင့်လျော်ချေ၊ ဤပြဿနာ ရှိစေဦးလော့၊
ငါ့ကို ဤပြဿနာကိုမမေးလင့်ဟု (မိန့်တော်မူ၏)။
နှစ်ကြိမ်မြောက်မှ သုံးကြိမ်မြောက်တိုင်အောင်
ကောလိယ၏သား နွားကျင့်ကျင့်သော
ပုဏ္ဏားသည်  မြတ်စွာဘုရားကို-
”အသျှင် ဘုရား အဝတ်မဝတ်သော
ခွေးကျင့်ကျင့်သော ဤသေနိယသည် ပြုနိုင်ခဲသည်ကို
ပြု၏၊ မြေ၌ပစ်ချထား သော အစာကို စား၏၊
ထိုသေနိယသည် ထိုခွေးကျင့် ခွေးကြံ
ခွေး အကျင့်စရိုက်ကို ရှည်မြင့်စွာသော
ကာလပတ်လုံးပြည့်စုံစွာ ဆောက်တည်ထား၏၊
ထိုသေနိယ၏ လားရာကား အဘယ်ပါနည်း၊
တမလွန်လောကသည်ကားအဘယ်ပါ နည်း”ဟု
လျှောက်၏။

[၄]

ပုဏ္ဏား ငါသည် သင့်အား ”ပုဏ္ဏား မသင့်လျော်ချေ၊
ဤပြဿနာ ရှိစေဦးလော့၊ ငါ့ကို ဤပြဿနာကို မမေးလင့်”ဟု
ဆိုသော်လည်း မရခဲ့၊ သို့ဖြစ်၍ သင့်အား
ငါ ဖြေကြားတော့အံ့။

ပုဏ္ဏား အချို့ သောသူသည် ခွေးကျင့်ကို ပြည့်ပြည့်စုံစုံ
မပြတ်မလပ် ပွါးများ၏၊ ခွေးအလေ့အထကို
ပြည့်ပြည့်စုံစုံမပြတ်မလပ် ပွါးများ၏၊ ခွေးစိတ်ကို
ပြည့်ပြည့်စုံစုံ မပြတ်မလပ် ပွါးများ၏၊ ခွေးအမူအရာကို
ပြည့်ပြည့်စုံစုံ မပြတ်မလပ် ပွါးများ၏၊

ထိုသူသည် ခွေးကျင့်ကို ပြည့်ပြည့်စုံစုံ
မပြတ်မလပ် ပွါးများ၍ ခွေးအလေ့အထကို
ပြည့်ပြည့်စုံစုံ မပြတ်မလပ်  ပွါးများ၍ ခွေးစိတ်ကို
ပြည့်ပြည့်စုံစုံ မပြတ်မလပ် ပွါးများ၍ ခွေးအမူအရာကို
ပြည့်ပြည့်စုံစုံ မပြတ်မလပ်  ပွါးများ၍ ကိုယ်ခန္ဓာ
ပျက်ဆီး၍ သေပြီးသည်မှ  နောက်၌ခွေးတို့၏
အပေါင်းအဖော်အဖြစ်သို့  ရောက်ရလေ၏၊

[၅]

ထိုသူမှာ ”ငါသည် ဤအလေ့အထ
ဤဝတ်ဤခြိုးခြံသောအကျင့် ဤမြတ်သောအကျင့်ဖြင့်
ထင်ရှားသော နတ်သော်လည်းကောင်း၊ မထင်ရှားသော
နတ်သော်လည်းကောင်း ဖြစ်ရအံ့”ဟု အကယ်၍
အယူအစွဲ ရှိငြားအံ့၊ ထိုအယူ အစွဲသည်
မှားသောအယူအစွဲဖြစ်၏။

ပုဏ္ဏား မှားသော အယူအစွဲရှိသောသူ၏ ငရဲ၊
သို့မဟုတ် တိရစ္ဆာန်မျိုး ဟူသောလားရာနှစ်မျိုးတို့တွင်
တစ်မျိုးမျိုးသော လားရာကို ငါဆို၏။ ပုဏ္ဏား ဤသို့လျှင်
ခွေးကျင့်နှင့် ပြည့်စုံလတ်သော် ခွေးတို့၏
အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏၊

မပြည့်စုံလတ်သော်  ငရဲသို့ ရောက်ရ၏ဟု
(မိန့်တော်မူ၏)။

ဤသို့ မိန့်ကြားတော်မူလတ်သော်
အဝတ်မဝတ်သော ခွေးကျင့်ကျင့်သော
သေနိယသည်ငို၏၊ မျက်ရည်ကျ၏။

[၆]

ထိုအခါ မြတ်စွာဘုရားသည် ကောလိယ၏သား
နွားကျင့်ကျင့်သော ပုဏ္ဏားကို ”ပုဏ္ဏား ငါသည်
သင့်အား’ပုဏ္ဏား မသင့်လျော်ချေ၊ ဤပြဿနာ ရှိစေဦးလော့၊
ငါ့ကို ဤပြဿနာကို မမေးလင့်’ဟု ဆိုသော်လည်း
မရခဲ့ချေ”ဟု မိန့်တော်မူ၏။

”အသျှင်ဘုရား အကျွန်ုပ်ကို မြတ်စွာဘုရား
ဤသို့ မိန့်တော်မူသည်ကိုအကျွန်ုပ် မငိုပါ၊
အသျှင်ဘုရား စင်စစ်အားဖြင့် အကျွန်ုပ်သည်
ဤခွေးကျင့် ခွေးကြံ ခွေးအကျင့်စရိုက်ကို
ရှည်မြင့်စွာသောကာလပတ်လုံး
ပြည့်ပြည့်စုံစုံ ဆောက်တည်ထားမိပါ၏၊
ထို့ကြောင့် ငိုကြွေးမိပါ၏ဟု ခွေးချစ်သူ
ဂရု မန်ဘာဝင် တဦးဖြစ်သော
ပုဏ္ဏား သေနိယသည် ဝမ်းနည်းစွါ
ပြန်လည် လျှောက်ထားလေတော့သတည်း…

                                  မောင်သုခ
                                 [16-Aug-2018]

No comments:

Post a Comment