"ကမ္ဘာမြေသို့ "
"မင်္ဂလာပါ ကမ္ဘာမြေ "
ဒီစာကို သင်ဖတ်နေတဲ့အချိန် ကျွနုပ်တို့လူသား
မျိုးနွယ်တွေ မရေတွက်နိုင်လောက်အောင် မနားတမ်း
မျိုးဆက်ပြန့်ပွါးလို့ သင့်ရင်ခွင်မှာ နေထိုင်ခဲ့ပြီး ဖြစ်ပါတယ်။
"မင်္ဂလာပါ ကမ္ဘာမြေ "
လူသားတွေအတွက် မှီတွယ်ရှင်သန်ရာဖြစ်တဲ့
သင့်ကျေးဇူးဟာ ရှေးပဝေဏသီကနေ ယနေ့ထိ
အလွန်ကြီးမားတာကို ကျွနုပ်တို့ အစဉ်မပျက်ဦးထိပ်ထားပါတယ်။
ကျွနုပ်တို့ လူသားတွေ လူသားဗဟိုပြုပြီး အသိဥာဏ်
မြင့်မားလာတာနဲ့အမျှ ကမ္ဘာမြေအပေါ် ထိခိုက်ဒဏ်ရာ
အနာတရတွေ အချိန်နဲ့အမျှ တိုးပွါးနေတာဟာလည်း
အလွန်စိတ်မကောင်းစရာပါပဲ။
" ကမ္ဘာမီးလောင် သားတောင်ချနင်း " ဆိုတဲ့ စကားပုံအရ
ကမ္ဘာမီးလောင်အောင် ပြုလုပ်တဲ့ တရားခံဟာ
ကျွနုပ်တို့ လူသားမျိုးနွယ်တွေ ဖြစ်တဲ့အတွက်
မိမိရင်သွေး လူသားမျိုးဆက်ကို မီးလောင်ပြင်မှာ
ချနင်းရတဲ့အဖြစ် ကြုံရအောင် ပြုလုပ်တဲ့ တရားခံဟာလည်း
ကျွနုပ်တို့ လူသားတွေပဲဆိုဟာ ငြင်းကွယ်မရတဲ့
အမှန်တရားပါပဲ ။
" ဒါကြောင့်လည်း ကမ္ဘာမြေသက်တမ်းကုန်တဲ့
မနက်ဖြန်ဟာ လူသားမျိုးနွယ်တို့ တရားစီရင်ခြင်းခံရမယ့်
နေ့ဖြစ်တာကို ဝမ်းနည်းဖွယ် မြင်သိရပါတယ် "
" မင်္ဂလာပါ ကမ္ဘာမြေ "
အခုဆိုရင် သင်ဟာ အလွန် အိုမင်းလာတာကို
သင့်အသက်ရှူသံ လေတိုးသံကတဆင့် ကမ္ဘာသူ
ကမ္ဘာသားတွေ ကြားနေရပါတယ်။
သင့်လှုပ်ရှားမှုတွေ အရင်လို တည်ငြိမ်မှု မရှိဘဲ
တုန်ရီနေတာကို မြေငလျင်တွေကတဆင့် ခံစားသိနေရပါတယ်။
သင့်ရဲ့ ဖျားနာမှုတွေကို အပူဟပ်နေတဲ့ ကမ္ဘာ့မြေမျက်နှာပြင်
ကတဆင့် သနားစဖွယ် မြင်နေရပါတယ်။
သင့်ရဲ့ သွေးအားတွေ အရမ်းနည်းနေတာကို
လျော့ပါးလာတဲ့ ရေနံ ထုတ်လုပ်မှုကနေ တွက်ချက်သိရပါတယ်။
သင့်ရဲ့ အာရုံကြောတွေ အားနည်းလာတာကို
တိမ်ကောသွားတဲ့ မြစ် ချောင်း နဲ့
စိမ်းစိုနေတဲ့ သစ်တောတွေ လျော့ပါးလာပြီး
ခြောက်ကပ်ချိနဲ့နေတဲ့ သစ်ပင်တွေကို မြင်ပြီး
သိရပါတယ်။သင်အသက်ရှူ ကြပ်နေတာကိုလည်း
ညစ်နွမ်း နေတဲ့ လေထုကိုကြည့်ပြီး တွေ့ရပါတယ်။
" မင်္ဂလာပါ ကမ္ဘာမြေ "
ကျွနုပ်တို့ လူသားတွေ သင့်ကို ကိုယ်ချင်းစာတတ်ခဲ့ပါတယ်။
သင်ဟာ လူသားမျိုးနွယ်လို သက်တမ်းတခုအဆုံးသတ်ရှိကြောင်း
သင်ဟာ လူသားမျိုးနွယ်တွေလို သိ- မြင် -ခံစားတတ်ကြောင်း-
သင်ဟာ တခါတရံ လူသားမျိုးနွယ်တွေလို ဖျားနာတတ်ကြောင်း
သင်ဟာ တခါတရံ ဒေါသထွက်တတ်
ငြီးငြူ တတ် ဝမ်းနည်းတတ်သလို
ပျော်ရွှင်ပေါ့ပါးစွါနဲ့ ပြုံးရယ် တတ်ကြောင်း ..,
နောက်ဆုံး သင်ဟာ ကျွနုပ်တို့ ဖြစ်ကြောင်း
ကျွနုပ်တို့ ဝမ်းနည်းပက်လက် နားလည်ခဲ့ပါတယ်။
" မင်္ဂလာပါ ကမ္ဘာမြေ "
ကျွနုပ်တို့ လူသားမျိုးနွယ်တွေ သင့်ကို ကိုယ်စွမ်း ဥာဏ်စွမ်း
ရှိသလောက် အစွမ်းကုန် အကာအကွယ် ပေးခဲ့ပါတယ်။
သင့်ရဲ့ အင်အားချိနဲ့ တုန်ရီမှုတွေ ကြောင့် သင်ပြိုမလဲစေဖို့
နူကလီးယား စမ်းသပ်မှု ထုတ်လုပ်မှု ဒါတွေ လျှော့ပါးပပျောက်အောင် အချိန်တိုင်း ကြိုးစားပါတယ်။
" မင်္ဂလာပါ ကမ္ဘာမြေ "
ကျွနုပ်တို့ လူသားမျိုးနွယ်တွေ သင့်ကို ကိုယ်စွမ်း ဥာဏ်စွမ်း
ရှိသလောက် အကုန်သုံးပြီး အကာအကွယ် ပေးခဲ့ပါတယ်။
သင့်ရဲ့ ဖျားနာမှုကြောင့် အပူဟပ်နေတဲ့ မြေမျက်နှာပြင်
သွေးအားတွေ အရမ်းနည်းနေတဲ့ သင့်သွင်ပြင်
သင့် အာရုံကြောတွေ အားနည်းလာတာကအစ
ဒါတွေကို ကာကွယ်ဖို့ ရေနံထုတ်လုပ်မှုတွေ လျှော့ချ
မြစ်ကြောင်း ထိန်းသိမ်းမှုတွေ အမြဲပြုပြီး
သစ်ပင်စိုက်ပျိုး ခြင်းတွေလည်း ကမ္ဘာအနှံ့ လုပ်ကြပါတယ်။
June- 6 ရက်နေ့ကို ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် နေ့
(World Environ-ment Day-WED) သတ်မှတ်ခဲ့ပြီး
Environmental Protection Agency(EPA) USA -
American Meteorological Society
စတဲ့ အဖွဲ့တွေဖွဲ့
Intergovernmental Panel on Climate Change (IPCC)
ဂျပန် နိုင်ငံ အစည်းအဝေးပွဲ အစရှိတဲ့ စည်းဝေးပွဲတွေလုပ်
Derman Research Centre For Environment and Health
( Germany) ဋ္ဌာန အစရှိတဲ့ ဋ္ဌာနတွေကနေ သုတေသန
အဆက်မပြတ်ပြုလုပ်လို့ သင့်အတွက် ကျွနုပ်တို့လူသား
မျိုးနွယ် အပေါင်း ကမ္ဘာအနှံ့ ကြိုးစားကာကွယ်ခဲ့ကြပါတယ်။
" မင်္ဂလာပါ ကမ္ဘာမြေ "
ကျွနုပ်တို့ လုပ်သမျှ
ပလိုင်းပေါက်နဲ့ ဖားကောက်ဆိုသလို ဖြစ်နေတာကို
အားမရဖွယ် မြင်တွေ့ရတိုင်း သင့်ရဲ့ ဆိုးရွားလာတဲ့
ကျန်းမာရေးကို ဂရုဏာသက်လို့ ဆထက်ထမ်းပိုး
ကြိုးစားကြပါတယ်။
" မင်္ဂလာပါ ကမ္ဘာမြေ "
သင်နောက်ဆုံးထွက်သက်အထိ ကျွနုပ်တို့ နောက်ဆုံးထွက်သက်အထိ လူသားမျိုးနွယ်တွေ
အဓွန့်ရှည်ရေးဟာ ကမ္ဘာ့ ကျန်းမာရေးအပေါ်မှီတွယ်ကြောင်း
နောင်မျိုးဆက်တွေကို ကျွနုပ်တို့ အသိလက်ဆက့်ကမ်းခဲ့လို့
သူတို့လည်း သင့်ကို အထူးဂရုစိုက်ကြမှာပါ။
" မင်္ဂလာပါ ကမ္ဘာမြေ "
သင်ဟာလည်း ကျွနုပ်တို့ လူသားမျိုးနွယ်တွေကို
သနားဂရုဏာ သက်သောအားဖြင့်
နောက်ဆုံးထွက်သက်အထိ ဟိုးရှေးပဝေဏသီကအတိုင်း
ယခုအတိုင်း ကြင်နာသနားသော မေတ္တာနဲ့
စောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
" မင်္ဂလာပါ ကမ္ဘာမြေ "
နှုတ်ဆက်ခဲ့ပါတယ်။
ကမ္ဘာ့လူသားမျိုးနွယ်တဦး…
ကမ္ဘာမြေသို့ သင်တခုခု အမှာစကားပါးလိုလျှင်
ဤပိုစ့်အောက်တွင် မန့်သွားနိုင်သည်။
မောင်သုခ …
No comments:
Post a Comment