Monday, February 15, 2016

ဓါတ်ဆေးအကြောင်း


" ဓါတ်ဆေး အကြောင်းသိကောင်းစရာ "…

ဆေးပညာ လောကတွင် စီစစ်ရှာဖွေဝေဖန်လိုက်သော်
"အာယုဗ္ဗေဒ" ဆေးပညာသည် အနာဒိ(အစမထင်)
ကာလကပင် ဖြစ်ပေါ်လာသော ကမ္ဘာဦးဆေးပညာဖြစ်၍
ရှေးအကျဆုံးဖြစ်သည်ဟု ဆေးပညာသမိုင်းများတွင်
တွေ့ရှိရသည်။အီဂျစ် ဥရောပအလယ်ပိုင်းတွင်
ပျံ့နှံ့ခဲ့ကြောင်း အီဂျစ်ဘာသာစကားဖြင့် ဝေဖန်
မှတ်တမ်းတင်ထားသည်ဟု မှတ်သားရ၏။

ဤသို့ ဖြင့် ဆေးပညာသည် တစစ ဖွံ့ဖြိုးတိုးတက်လာရာ
ရောဂါ အကြောင်း ဆေးအကြောင်း ကုထုံးအကြောင်း
စသည်ဖြင့် မြောက်မြားကျယ်ဝန်းစွါ ကျယ်ပြန့်လာလေ၏။
မည်သို့ပင် ဆေးပညာအမျိုးမ်ျိုး ကွဲပြားခြားနားနေစေကာမူ
အရင်းစစ်လိုက်သော် ကုထုံး ကုချက်အနေဖြင့်
အောက်ပါအတိုင်းသုံးမျိုးသာရှိ၏။

၁။ အာသုရီစိကိစ္ဆာ  =  အမြန်ကုထုံး (ခွဲစိပ်ကုသခြင်း
                                 အစရှိသော ဆေးပညာ)

၂။မာနုသီစိကိစ္ဆာ        =   လူကုထုံး
                                   (သစ်မြစ်- သစ်ဖု ဆေးဖက်တို့ဖြင့်
                                   ဘယ ဆေးဝါးဖော်စပ်၍
                                   ကုသသော ဆေးပညာ)

၃။ဒေဝီစိကိစ္ဆာ          =နတ်ဆေးကုထုံး
                                 (နတ်ဆေး - နတ်ဝါးကဲ့သို့ လျင်မြန်စွါ
                                 ရောဂါပျောက်ကင်းစေရန်
                                 ဓါတ်ဆေးဖြင့်ကုသသော ဆေးပညာ)
တို့ဖြစ်၏ ။

အထက်ပါသုံးမျိုးတွင်  ခွဲစိတ်ကုသသော ဆေးပညာထက်
ဘယဆေးဝါးတိုက်ကျွေးကုသသော (ဗိန္ဓော) ဆေးပညာက
မြတ်၏။အထက်တန်းကျ၏။ ၎င်းထက် ဓါတ်ဆေးပညာသည်
အလွန်အမြတ်ဆုံး ဖြစ်ပေ၏။ဓါတ်ဆေးပညာ အမြတ်ဆုံး
ဖြစ်သည်ကို အောက်ပါအချက်များဖြင့် သိသာပေသည်။

ဓါတ်ဆေးဖြင့်ကုသရာ၌ ဒေါသသုံးပါး
(လေ -သည်းခြေ -သလိပ်) ရွေးချယ်စရာမလို ။
ရောဂါ အမျိုးမျိုးကို စိစစ်ဖွယ် မရှိ။ယောက်ျား မိန်းမ
ဝေဖန်စရာမလို ဒေသကို စိစစ်ရန်မလို ။
အချိန်ကာလ ရွေးချယ်စရာမလို။ကုစားလို့ရသော
ရောဂါသည်ကို လည်းကောင်း ကုစားလို့မရသော
ဆရာ(သမားတော် =ဆရာဝန်)  လက်လွှတ်ထားသော
ရောဂါသည်ကိုလည်းကောင်း ဓါတ်ဆေးသည် ပေးသင့်၏။
ကုသနိုင်၏။ ထို့ကြောင့် ဓါတ်ဆေးပညာသည်
ဆေးပညာအပေါင်းတွင် အလွန် အမြတ်ဆုံးသော
ဆေးပညာမည်ပေ၏။

ဓါတ်ဆေးသည် နတ်ဆေးနှင့် တူပေ၏။အနည်းငယ်ဆုံး
ပမာဏကို သုံးနိုင်၍ ဆေးကောင်းလျှင် သန်းခေါင်း
ဟူသည်မှာ ဓါတ်ဆေးပညာကို ညွှန်းဆိုခြင်းသာ
ဖြစ်သည်။

အလွန်ပြင်းထန်သော အဆိပ်ကိုလည်းကောင်း
အလွန်ပြင်းထန်သော ရောဂါကိုလည်းကောင်း
အိုခြင်းကို နှောင့်နှေးစေရာ၌ လည်းကောင်း
ရွှေ ငွေ ပတ္တမြား ချက်လုပ်ခြင်းကို လည်းကောင်း
သိဒ္ဓိ ရရှိစေရန်သော်လည်းကောင်း ဤဓါတ်ဆေး
သည်သာလျှင် နိုင်နင်း ဖန်တီးနိုင်၏။

ဓါတ်ဆေး ဓါတ်ပညာ ရောဂါကုထုံးကို
ရသာယန သမုစ္စယ- ရသာယန သံဟိတာ-
ပါရဒ သံဟိတာ -ရသ ဇလနိဓိ - ရသမ္ဗုဓိ -ရသိန္ဒြသာရ-
ရသစိန္တာမဏိ အစရှိသည့် ဆေးကျမ်း အကျော်များစွါတွင်
အကျယ်တဝင့် ချီးကျူး ရေးသားထားသည်ကို
မြင်တွေ့ရ၏။

ဓါတ်နှင့် အဆိပ်…

အထက်ပါ ဖော်ပြခဲ့သည့်အတိုင်း ဓါတ်ဆေးပညာသည်
များစွါ နှစ်ခြိုက်အားကျဖွယ်ဖြစ်သော်လည်း
သက်ရှိ အဆိပ် - သက်မဲ့ အဆိပ် ခွဲရာတွင်
ထိုဓါတ်များသည် သက်မဲ့အဆိပ်များဖြစ်နေသည့်
အချက်ပင်ဖြစ်ပေသည်။အဆိပ်သည် လျင်မြန်စွါပင်
အသက်အန္တရာယ် ပြုတတ်သည်ကိုလည်း
အထူးအထွေ ရေးပြရန်မလိုချေ။ထို့ကြောင့်လည်း
စာပေဗဟုသုတနည်းပါးခြင်း -လက်တွေ့ကျွမ်းကျင်မှု
မရှိခြင်း - နှစ်များစွါ ဆရာသမားကောင်းထံ၌ ကျနစွါ
ဆည်းပူးထားခြင်း မရှိခြင်း-ကံအကြောင်း မညီမျှခြင်း-
မထင်မှတ်သော ချို့ယွင်းချက် ဖြစ်ပေါ်ခြင်း
အစရှိသည်တို့ဖြင့် ဓါတ်ဆေးကို
အသုံးပြုပါက ဓါတ်ဆေးသည် အမြိုက်ဆေးမဟုတ်ဘဲ
အဆိပ်ဆေးနည်း ဖြစ်မည်ကား ဧကန်ပင်ဖြစ်တော့သည်။

ဤသည်ကိုလည်း
မြန်မာ့အာယုဗ္ဗေဒ သိမ်ဖြူဆေးသိပ္ပံဆရာတော်
ရေးသားသော " အိုမှုနှင့်ဆိုင်ရာ ပြဿနာများ "
စာအုပ်တွင်ပါဝင်သော
" ကုဋ္ဌရောဂါနှင့် နိဂုံးချုပ်ရသောပြာ "မှ
သိက္ခာတော်ရ ဆရာတော်တပါး၏ အဖြစ်အပျက်သည် သက်သေခံနေပေ၏။ဆရာတော်သည် ပထမအဆင့်
ဓါတ်ပြာကို ချက်လုပ်ပြီးစီးချိန်၌ ဂျပန်တို့ဝင်ရောက်ချိန်နှင့်
ကြုံကြိုက်ရာ စစ်ဘေးတိမ်းရှောင်ရင်း ပြာကို
မီးမပြတ်ဖုတ်ခဲ့ရာတွင် ဝဟနိ ဒေါသ(မီး - အညစ်အကြေး)
ကပ်ဟန်ရှိရာ စစ်ပြီးကာလ ဓါတ်ပြာကို သောက်သုံး
ချိန်တွင်မူ ခန္ဓာကိုယ်အတွင်းရှိ သွေးသားဓာတ် (၇)ပါးတို့၌
စောင့်ရှောက်နေသော ဥသ္မာတေဇော ပျက်စီးပြီး၍
အဆိပ်သင့်ရရှာလေသည်။

ဓါတ်ကျမ်းများသည် လွန်စွါကျယ်ဝန်း၏။ရှေးဆရာရသေ့
များသည် ဓါတ်ကျမ်းများကို သမုဒြာနှင့် ဥပမာကပ်ကာ
စီရင်ရေးသားမြဲဖြစ်သည်။ ဓါတ်ဆေးအကြောင်း-
ဓါတ်ဆေးကို မဖော်မီ အမျိုး အစား -အပြား -
သရုပ် စစ် မစစ် - ဓါတ်ဆေးဖော်ရာ၌ စင်ကြယ်မှု-
မစင်ကြယ်မှု အစရှိသည်ဖြင့်  များစွါ နက်နဲပေ၏။
ဥပမာ =  ပြဒါးတွင် မလ ,ဒေါသ များ ရှစ်မျိုး ရှစ်ထပ်
ဝန်းရံတွယ်ကပ်နေ၏။

၎င်းတို့မှာ
၁။နာဂဒေါသ(ခဲ- အညစ်အကြေး)
၂။ဝင်္ဂဒေါသ (ဘင် - အညစ်အကြေး)
၃။မလ ဒေါသ(ချေး - အညစ်အကြေး)
၎။ဝဟနိ ဒေါသ(မီး - အညစ်အကြေး)
၅။စင်စလ ဒေါသ(ဂျွတ် -  အညစ်အကြေး)
၆။ ဝိသ ဒေါသ(အဆိပ် - အညစ်အကြေး)
၇။ ဂိရိဒေါသ (စိန် စသောဓါတ်များပါနေသည့်  အညစ်အကြေး)
၈။အသဟာယဂ္ဂိဒေါသ(အောက်ဇီဇင်း စသည့် ဒေါသများ)
ဟူ၍ ရှစ်မျိုးသော အညစ်အကြေးဒေါသတို့ရှိကုန်၏။

ပြဒါးကို ဘယ်ပုံဘယ်နည်း စင်ကြယ်အောင်လုပ်လျှင်
မည်သို့ စင်ကြယ်သည်ကိုလည်းကောင်း- ပြဒါးမှ
ဒေါသထုတ်၍ စင်ကြယ်အောင် လုပ်ရာ၌လည်းကောင်း
အလွန် ကျယ်ဝန်းများပြားလှ၍ ပြဒါးပြာဖုတ်၍
အသေသတ်ကာ သိဒ္ဓိမြောက်ရန်အလုပ်သည်
လည်းကောင်း ,ရွှေ ငွေ ပတ္တမြားဖြစ်ရန် ချက်လုပ်ခြင်းသည်
လည်းကောင်း ဒဏ္ဍာရီဆန်ဆန် ဖြစ်ရချေသကဲ့သို့
အဓိက အကြောင်းအရာ ဖြစ်သော
ဓါတ်ဆေးပညာဖြင့် ကုမရလက်လွှတ်ထားသော
ရောဂါ အပေါင်းကို ကုသသူ ပေါ်ပေါက်ဖို့
အရေးသည်လည်း မလွယ်ကူလှသော အခြေသို့ဆိုက်ရောက်လေ၏။

ဓါတ်ဟူသောစကားမှာ ပါဠိလို ဓါတု ဖြစ်၏။
ဓါတု ဓါတ်ဟူသော စကား၏ အဓိပ္ပါယ်မှာ
မိမိသဘောကို မိမိဆောင်သည် (ဝါ) ဖြစ်မြဲတိုင်း
ဖြစ်သည်ဟု ဆိုလိုသည်။လောကတွင် သဘာဝဖြစ်သော
ဓါတ်များစွါ ရှိသည့်အနက် ပင်မပဓါန ဖြစ်သော
ဓါတ်တို့မှာ ဗုဒ္ဓအဘိဓမ္မာနှင့် အာယုဗ္ဗေဒ ကျမ်းတို့၌
လာသော ဓါတ်ကြီး ငါးပါးတို့ပင်ဖြစ်၏။
ယင်းတို့ကို ပဉ္စဘုတ်ဟုလည်း ခေါ်၏။ငါးပါးသရုပ်မှာ
ပထဝီ -အာပေါ -တေဇော - ဝါယော -အာကာသ ဟူ၍
ငါးပါးတည်း။ယင်းငါးပါးတို့ ညီညွတ်မျှတနေလျှင်
ကျန်းမာသည် ခေါ်၍ မညီညွတ်မမျှတလျှင် (ဝါ)
အလွန်အယုတ် ဖြစ်နေလျှင် ရောဂါရသည်ဟု
ဆိုစမှတ်ကုန်၏။ထိုဓါတ်ငါးပါးကို ညီညွတ်မျှတအောင်
ပြုလုပ်ခြင်းသည်ပင်လည်း ဆေးဖြစ်၏။

မြန်မာတို့ အများအားဖြင့်နားလည်သည်မှာ
ပြဒါး - ဆေးဒန်း စသည့်ဓါတ်တို့အား ကျန်းမာရေးအတွက်
မဟုတ်ဘဲ ရွှေဖြစ် - ငွေဖြစ် -သိဒ္ဓိမြောက် လုပ်ငန်းတို့
တွင်သာ သုံးကြသည်ဟု အထင်မှားနေကြ၏။
ကျန်းမာရေးအတွက် အသုံးပြုသူသည်လည်း
အလွန်နည်းပါးခဲ့ရာမှ ယနေ့ခေတ်အခါတွင်မူ
ပျောက်ကွယ်မလား ထင်မှတ်စရာ အခြေအနေဖြစ်နေသည်။
ဓါတ်ဆေးတို့ဖြင့် ရွှေဖြစ် -ငွေဖြစ် - သိဒ္ဓိပေါက် လုပ်ငန်းသည်
ဒဏ္ဍာရီ ဆန်လာသည်နှင့်အမျှ ကျန်းမာရေးအတွက်
အသုံးပြုသူ နည်းပါးလာ၍ လူသားတို့ရောဂါဝေဒနာအား
ကယ်တင်မှု နည်းပါးကာ မြန်မာ့ဓါတ်ဆေး
ပညာသည် မြန်မာပြည်၌ တနေ့တခြား မျက်နှာပန်းမလှ
ဖြစ်လာရချေတော့သည်။

လူတို့ပါးစပ်ဖျား၌ပင် " မဖြစ်ရင်ကြေ- ဖြစ်ရင်သေ-
လုလိမ်အတတ်  အဂ္ဂိရတ် " ဟုပင် ရေပန်းစားလာ
ချေပြီ။

ဓါတ်ဆေးဆရာအချို့ ရာဇဒဏ်သင့်ခြင်း…

မြန်မာ့သမိုင်းတွင် အထူးအဆန်း
အသက်တည် ခုနှစ်ခုစား ရှစ်ခုစားဖြင့်ရောဂါကုသသော
အချို့ ဓါတ်ဆေးဆရာတို့ ပေါ်ပေါက်၍ ရာဇဒဏ်သင့်သည်
ကိုလည်း  မှတ်သားဖွယ် တွေ့ရသည်။
အမရပူရ ပထမမြို့တည်မင်းတရားလက်ထက်
ဆေးကုသရာ၌ ရံခါသေတတ် ရံခါပျောက်တတ်၍
သတင်းဆိုးရှိသော ခေါင်းဆောင်ဖြစ်သူ
'ကိုးလံ ' ဆိုသူကို ဓါတ်စာသည်
မည်သည်ကလာသည် မည်သူရေးသားသည်ကို
မင်းတရားကြီးမှ မေးစစ်ရာ ကျနစွါ  မပြောနိုင် -ထိုထို ဓါတ်ဆရာတို့သည် ရဟန်းသံဃာတို့ကို မကိုးကွယ်-သီလသီတင်းမစောင့်-အဓိကအချက်ဖြစ်သော
ဆေးကုသရာတွင်လည်း စည်းစနစ်မရှိ -
ထင်ရာရမ်းသမ်း ကုသသည်ကို စစ်ဆေးပေါ်ပေါက်ရာ ရာဇဝတ် အပြစ် စီရင်ခံရသည်။

မန္တလေးမြို့တည် မင်းတရားကြီး လက်ထက်တွင်လည်း
ဓါတ်ဆရာ  ဦးပို ကို ရာဇဝတ်အပြစ် စီရင်ကြောင်း
မှတ်သားရ၏။

ပညာရှိအမတ်ကြီး ဦးပေါ်ဦး၏
ဓါတ်ဆေးပညာအပေါ် လျှောက်ထားချက်

ပညာရှိအမတ်ကြီး ဦးပေါ်ဦးသည် ပတ္တမြားအကြောင်း
ကျမ်းအမျိုးမျိုးဖြင့် ဘိုးတော်မင်းတရားကို လျှောက်ထားရာ၌ ဓါတ်ဆေးပညာနှင့် ဓါတ်ချက်လုပ်ခြင်းအကြောင်းကို အကျယ်တဝင့် လျှောက်ထားခဲ့၏။ပြဒါးအကြောင်းကို
လျှောက်ထားရာတွင်လည်း အောက်ပါအတိုင်းမှတ်သားဖွယ် ပါဝင်သည်ကို တွေ့ရသည်။

" မူလ အာဒိ သေလာနာမ-မုဠှာသတိသဗ္ဗရောဂါ-
ဗိန္ဓေတိခေသရတံ မတန္တိ ဇီဝတိ" …

ပြဒါးမည်သည်ကား တွေဝေသည်ရှိသော် အလုံးစုံသော
အနာရောဂါကို ပယ်နိုင်၏။ဖွဲ့စည်းမိမူကား ကောင်းကင်ကို
အစိုးရ၏။ပြဒါးသည် သေမူကား အသက်ကိုရှည်စေနိုင်၏။

ထိုအတတ်ကို သီရိခေတ္တရာပြည်ကို အစိုးရသော
စုဠာ သမ္ဘဝမင်းသည်လည်းကောင်း - သထုံပြည်မှ
ဖြစ်ပေါ်သော သထုံသူတော်စင်သည်လည်းကောင်း-
ပေါက္ကံပြည် သမုဒ္ဒရာဇ်မင်း၏ဆရာ စက္ခုဂေါဏမည်သော
ဆရာသည်လည်းကောင်း -ဘေသဇ္ဇဒိသာ မည်သော
ဆရာသည်ကောင်း -ပေါက္ကံပြည်ကို အစိုးရသော
သမုဒ္ဒရာဇ် မင်းသည်လည်းကောင်း -ပတူသင်္ခယာမည်သော
ရဟန်းသည် လည်းကောင်း- ပင်းယသူကြိုမည်သော
ရဟန်းသည်လည်းကောင်း- ပထမတောင်ဖီလာ
ဆရာတော်သည်လည်းကောင်း -ရတနာပူရအင်းဝ
ရွှေပြည်ကြီး ရှင်ဘုရင် မင်းခေါင်ကြီးဆရာ 'ပင်လယ်ကျေး သင်္ဃရာဇာ' ၏ တပည့်ရင်းဖြစ်သော အောင်ချမ်းသာ ရွာလျှင်ဖွား ရာဇာတိရှိသော 'ဣန္ဒာ စရိယ' ဆရာသည်ကောင်း
အစဉ်အဆက်တတ်မြောက်သူများဖြစ်ကြောင်း လျှောက်ထား၏။

ဘဝရှင် မင်းတရားကြီးမှ ပြည်မြို့ဆရာကြီး
ဦးရွှေအောင်သို့ အမတ်ကြီးပေါ်ဦးတင်လျှောက်သမျှ
ဟုတ်မဟုတ်ကို မေးတော်မူရာ မောင်ပေါ်ဦး
တင်လျှောက်သမျှသည် အစမှသည် အဆုံးသို့တိုင်အောင်
အမှန်ချည်းဖြစ်ပါသည်ဟု လွန်စွါ အံ့သြထောမနာ
ပြုလေ၏။

ရွှေ ငွေ ချက်လုပ်ခြင်းသည် ဤအတတ်တို့၏
အာဒိကမ္မိက ရှေးဦးအစဟူ၍ မှတ်တော်မူပါဘုရားဟု
လျှောက်ထားသည်ကိုလည်း မြင်ရသဖြင့် မြန်မာ့ဓါတ်ဆေးပညာနှင့် ဓါတ်ချက်လုပ်မှု
အတတ်သည် အကိုးအကားမဲ့ ပရမ်းပတာ မဟုတ်သည်ကို
မှတ်သားဖွယ် တွေ့ရသလို ယနေ့ခေတ်အခါတွင်
မှေးမှိန်ပျောက်ကွယ်လာ၍ လူသားအပေါင်းအကျိုးငှာ
ပေါက်ပေါက်ရောက်ရောက် အကျိုးမပြုနိုင်သည်မှာလည်း စိတ်မကောင်းဖွယ် ဖြစ်ချေ၏။

သို့ဖြစ်ပါသောကြောင့် ဆရာစဉ်ဆက်မှ ပညာဆက်
ရထားကြကုန်သော မြန်မာ့ ဓါတ်ဆေးပညာအတတ်
တတ်မြောက်သူတို့သည် မြန်မာပြည်သူတို့ကောင်းကျိုး
အလို့ငှာ ရောဂါဝေဒနာအပေါင်းကို ကုသကယ်တင်
နိုင်ကြစေရန် အားထုတ်အောင်မြင်ပါစေကြောင်း
ဆန္ဒပြုလိုက်ရပါသည်။

ထုတ်နှုတ်ဖော်ပြရာ ကျမ်းများ…

-   မြန်မာ့အာယုဗ္ဗေဒ သိမ်ဖြူဆေးသိပ္ပံဆရာတော်
ရေးသားသော " အိုမှုနှင့်ဆိုင်ရာ ပြဿနာများ "…
-  ဝါဇီကရဏ သမုစ္စယ
    (အားတိုးဆေးပေါင်းချုပ်ကျမ်း)…
-   မြန်မာ့ အာယုဗ္ဗေဒ သိမ်ဖြူဆေးသိပ္ပံ
သမားဂုဏ်ရည်ကျမ်း…(ဝဏ္ဏကျော်ထင် ဦးဘသန်း)…
- ဥတုဘောဇန သင်္ဂဟကျမ်း
  (ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်)…
-  ကဝိသေတ္တု မဉ္ဇူသာကျမ်း
   (ဦးပေါ်ဦး လျှောက်ထုံး )…
-  ဦးပို ဓါတ်ကျမ်းများ …

                 မောင်သုခ…

No comments:

Post a Comment