Thursday, September 24, 2020

" သူတော်ကောင်း ဆိုတိုင်း မယုံလေ နှင့် "

" သူတော်ကောင်း ဆိုတိုင်း
  မယုံလေ နှင့် "

_________
အောင်ကို
___________

(၁)

ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာ
အဝတ်အစားကိုကြည့်ပြီးဖြစ်စေ
ဘုရား စေတီ ဓမ္မာရုံ ပတ်ဝန်းကျင်မှာ
တရားစကား လှိုင်လှိုင် ပြောနေသူ
တွေကို တွေ့ရင်ဖြစ်စေ …

သူတော်ကောင်း အဖြစ်
အလွယ်တကူပဲ ကောက်ချက်ချ
မျက်စိစုံမှိတ် ယုံကြည်တတ်ကြတယ်။

ဘုရားရှင် လက်ထက်တုန်းက
အောက်ပါ အဖြစ်အပျက်လေးမှာတော့
" သူတော်ကောင်း ဆိုတိုင်း မယုံရ "
ကြောင်း ဆိုတာလေးကို မီးမောင်း
ထိုးပြနေတယ်။သတိပြု ဆင်ခြင်စရာ
အတော် ကောင်းပါတယ်။

(၂)

ဘုရားရှင်ကို ကောသလမင်းကြီး
ဖူးမြော်နေတုန်း အနီး အနားကနေ
ရသေ့အုပ်စု တစ်စု ဖြတ်သွားတယ်။

ရသေ့တွေဟာ သူ့ရဲ့ သူသျှိုတွေမှန်း
ကောသလမင်းက သိပါလျက်နဲ့ ဘုရားကို
စကားလွှဲ နဲ့ ဂျင်း စထည့်တယ်။

ဘယ်လို ဂျင်းထည့်သလဲ ဆိုတော့
အရှင်ဘုရား ဒီလောကမှာ ရှိတဲ့ ရဟန္တာ
ပုဂ္ဂိုလ် - အရဟတ္တမဂ်သို့ ရောက်သော ပုဂ္ဂိုလ်
တွေထဲမှာ ဒီပုဂ္ဂိုလ်တွေလည်း အပါအဝင်ပါပဲ
ဘုရားလို့ ရသေ့အုပ်စုကို ညွှန်ပြပြီး
ခပ်တည်တည်နဲ့  လျှောက်ထားတယ်။

မင်းလိုလိုက် မင်းကြိုက်လိုက်ပြီး
ဘုရား ဘာပြန်ပြောမလဲပေါ့ …???

(၃)

ဒီအဖြစ်အပျက်ကို သုံးသပ်ကြည့်ရင်
ဘာကို တွေ့ရမလဲဆိုတော့ ရှေးခေတ်အခါ
ဘုရားပွင့်တော်မူစဉ်ကာလက လူတွေရဲ့
ဥာဏ်ရည် ဥာဏ်သွေးကို သွားတွေ့ရ
နိုင်တယ်။သူတို့က သူများပြောတိုင်း
မျက်စိစုံမှိတ် ယုံတဲ့သူတွေ မဟုတ်ဘူး။

ဘုရားကိုတောင် ပြန်ပြီး စမ်းသပ်
စစ်ဆေးတာကို ပိဋကတ်တော်မှာ ခဏ
ခဏ တွေ့ရတယ်။အကြိမ်ကြိမ်
မြင်ရတယ်။

ဒီခေတ်လူတွေလို သူများပြောတိုင်း
မြင်ရ ကြားရတိုင်း မျက်စိစုံမှိတ် ယုံကြတာ
မဟုတ်ဘူးနော်။ကောသလမင်းက
ဘုရားကို စစ်ဆေးတာသာ ကြည့်။

(၄)

တိပိဋက _ သုတ္တန်ပိဋက _
ခုဒ္ဒကနိကာယ် _  သုတ္တနိပါက်ပါဠိတော် _
(၅) ပါရာယနဝဂ် _ (၁) ဝတ္ထုဂါထာ …မှာ
ဆိုရင်လည်း ဗာဝရီပုဏ္ဏားရဲ့ တပည့် အဇိတ
လုလင်ဟာ ဘုရားရှင်ကို ဘုရားမှန်း တိကျ
သေချာအောင် စိတ်ကနေ မေးခွန်းမေးပြီး
စမ်းသပ် စစ်ဆေးတယ်။

ဘုရားရှင်က အဇိကလုလင် စိတ်က
မေးတဲ့ မေးခွန်းကို နှုတ်ကနေ ပြန်ဖြေ
တော့မှ မဟာပုရိသလက္ခဏာတွေကို
ထပ်မံ စိစစ်ပြီး ဘုရားဖြစ်ကြေင်း
လက်ခံ ယုံကြည်တယ်။

တကယ်တော့ အရာရာကို
အယုံကြည် လွယ်လွန်းလှတဲ့ ဒီနေ့
ခေတ်အခါ လူတွေအဖို့ အတုယူစရာ
အလွန်ကောင်းနေတာ တွေ့ရတယ်။

ကေသမုတ္တိသုတ်မှာဆိုလည်း အယုံ
မလွယ်ကြဖို့ ဘုရားက သတိပေးခဲ့တာပဲ။

ဒါ့ကြောင့် အလွယ်တကူ မယုံကြပါနဲ့။
စမ်းသပ်ပါ။စစ်ဆေးပါ။သေချာတော့မှ
ယုံကြပါ။

ပိဋကတ်တော်မှာ ပါဝင်တဲ့
ကောသလမင်းက  ဘုရားကို ဂျင်းထည့်တဲ့
အကြောင်းလေး ဆက်ရအောင်။

ကောသလမင်းကြီးကို ဘုရားရှင်
ဘယ်လို ပြန်ဖြေရှင်းသလဲ…???

(၅)

________________
တိပိဋက - ခုဒ္ဒကနိကာယ် -
ဥဒါန်းပါဠိတော် - (၆) ဇစ္စန္ဓဝဂ်-
(၂) သတ္တဇဋိလသုတ် …
___________________

အခါတစ်ပါး၌ မြတ်စွာဘုရားသည်
သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ
ဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံး
နေတော်မူ၏။

ထိုအခါ ပသေနဒီကောသလမင်းသည်
မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာ
ဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌
ထိုင်နေ၏။

(၆)

ထိုအခါ၌
ဆံကျစ်ရသေ့ခုနစ်ယောက်
တို့သည်လည်းကောင်း…

နိဂဏ္ဌတိတ္ထိခုနစ်ယောက်
တို့သည်လည်းကောင်း…

အဝတ်မဝတ်သော အစေလက
ခုနစ်ယောက်တို့သည်လည်းကောင်း…

အဝတ်တစ်ထည်သာဝတ်သော တိတ္ထိ
ခုနစ်ယောက် တို့သည်လည်းကောင်း…

ပရိဗိုဇ်ခုနစ်ယောက်
တို့သည်လည်းကောင်း…

ရှုပ်ရှုပ်ထွေးထွေး ပေါက်ရောက်သော
လက်ကတီးမွေး ရှည်သော ခြေသည်း
လက်သည်းကိုယ်ရေအမွေးရှိကုန်လျက်
အထူး ထူးသော ထမ်းပိုးပရိက္ခရာတို့ကို
ယူကုန်၍ မြတ်စွာဘုရား၏မနီးမဝေးမှ
ုဖြတ်သန်း သွားကြကုန်၏။

(၇)

ပသေနဒီကောသလမင်းသည် ထိုသူတို့အား
မြင်၍ နေရာမှထလျက် လက်ဝဲတစ်ဖက် ပခုံး
ထက်၌ ကိုယ်ဝတ်ကို စံပယ်တင်၍ လက်ျာပုဆစ်
ဒူးဝန်းကို မြေ၌ ထောက်လျက် ထိုသူတို့တို့ထံသို့
လက်အုပ်ချီလျက်…

”အသျှင်ဘုရားတို့ တပည့်တော်သည်
  ပသေနဒီကောသလမင်းပါတည်း။

   အသျှင်ဘုရားတို့ တပည့်တော်သည်
   ပသေနဒီကောသလမင်းပါတည်း။

   အသျှင်ဘုရားတို့ တပည့်တော်သည်
   ပသေနဒီကောသလမင်းပါတည်း”ဟု

သုံးကြိမ် တိုင်တိုင် သူ့အမည်ကို
ပြောကြား၏။

(၈)

ထို့နောက် ပသေနဒီကောသလမင်းသည်
မကြာမီ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ဘုရား
ရှင်ကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်ပြီးသော်
မြတ်စွာဘုရားအား ”အသျှင်ဘုရား လောက၌ အကြင်
ရဟန္တာပုဂ္ဂိုလ်တို့ဟူ၍သော်လည်းကောင်း၊ အရ
ဟတ္တမဂ်သို့ ရောက်သော ပုဂ္ဂိုလ်တို့ဟူ၍သော်
လည်းကောင်းရှိကြသည့် ပုဂ္ဂိုလ်တို့တွင်
ထိုပုဂ္ဂိုလ်တို့သည် တစ်ပါးအပါအဝင်
ပါတည်း”ဟု (လျှောက်၏)။

ဘုရားရှင်က ပြန်လည် မိန့်ကြားသည်မှာ
မင်းကြီး ကာမစည်းစိမ်ခံစားသူ သားမယားတို့ဖြင့်
ကျဉ်းမြောင်းသော အိမ်ရာ၌ နေထိုင်ကာ (ကာသိ
တိုင်း) ဖြစ် စန္ဒကူးကို မပြတ်ခံစားလျက် ပန်းနံ့သာ
နံ့သာပျောင်းကို ဆောင်သူ ရွှေငွေကိုသာယာသည့်
လူဖြစ်သော သင်မင်းကြီးသည်

”ဤသူတို့ကား ရဟန္တာပုဂ္ဂိုလ်တို့တည်း။
ဤသူတို့ကားအရဟတ္တ မဂ်သို့ ရောက်သူ
တို့တည်း”ဟု သိနိုင်ခဲ၏။

(၉)

မင်းကြီး အတူတကွ နေထိုင်ခြင်းဖြင့်သာ
သီလကို သိနိုင်၏။ ယင်းသီလကိုလည်း
ရှည်ကြာစွာအတူတကွ နေထိုင်ခြင်းဖြင့်သာ
သိနိုင်၏။ တစ်ခဏမျှ နေထိုင်ခြင်းဖြင့် မသိနိုင်။
စဉ်းစားဆင်ခြင်သူမှသာသိနိုင်၏။ မစဉ်းစား
သူသည် မသိနိုင်၊ ပညာရှိသူမှသာ သိနိုင်၏။
ပညာမဲ့သူသည် မသိနိုင်။

မင်းကြီး အတူတကွ စကားပြောခြင်းဖြင့်သာ
စင်ကြယ်သည်၏ အဖြစ်ကို သိနိုင်၏။ ယင်းကိုလည်း
ရှည်ကြာစွာ ပြောဆိုဖူးမှသာ သိနိုင်၏။ တစ်ခဏမျှ
ပြောဆိုကာမျှဖြင့် မသိနိုင်၊ စဉ်းစားဆင်ခြင်သူမှသာ
သိနိုင်၏။ မစဉ်းစားမဆင်ခြင်သူသည် မသိနိုင်၊
ပညာရှိသူမှသာ သိနိုင်၏။ ပညာမဲ့သူသည်
မသိနိုင်။

(၁၀)

မင်းကြီး ဘေးရန်တွေ့ကြုံသောအခါတို့၌
ဉာဏ်အားစွမ်းကို သိနိုင်၏။ ယင်းကိုလည်း
အခါ များစွာဘေးရန်တွေ့ကြုံမှသာ သိနိုင်၏။
တစ်ရံတစ်ခါ တွေ့ကြုံကာမျှဖြင့် မသိနိုင်၊ စဉ်းစား
ဆင်ခြင်သူမှသာသိနိုင်၏။ မစဉ်းစားမဆင်ခြင်
သူသည် မသိနိုင်၊ ပညာရှိသူမှသာ သိနိုင်၏။
ပညာမဲ့သူသည် မသိနိုင်။

မင်းကြီး အတူတကွ တရားစကား
ဆွေးနွေးခြင်းဖြင့်သာ ပညာကို သိနိုင်၏။
ယင်းကိုလည်း ကာလရှည်စွာ ဆွေးနွေးခြင်း
ဖြင့်သာ သိနိုင်၏။ တစ်ခဏမျှ ဆွေးနွေး
ခြင်းဖြင့် မသိနိုင်၊ စဉ်းစားဆင်ခြင် သူမှသာ
သိနိုင်၏။ မစဉ်းစားမဆင်ခြင်သူသည် မသိနိုင်၊
ပညာရှိသူမှသာ သိနိုင်၏။ ပညာမဲ့သူသည်
မသိနိုင်ဟု (မိန့်တော်မူ၏)။

(၁၁)

အသျှင်ဘုရားအံ့သြဖွယ်ရှိပါပေစွ၊
အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊
အသျှင်ဘုရား မြတ်စွာဘုရားသည်
ဤစကားကို အလွန်ပင် ကောင်းစွာ
ဆိုအပ်ပါ၏။

အသျှင်ဘုရား ဤသူတို့သည်
တပည့်တော်၏ သူလျှိုယောက်ျားတို့ပါတည်း။
ဇနပုဒ်ကို စုံစမ်းထောက်လှမ်းကုန်၍ သွားကြ
ပါကုန်၏။

ထိုသူတို့ ရှေးဦးစွာ စုံစမ်းထောက်လှမ်းပြီး
သည်ကို တပည့်တော်ကနောက်မှ ပြုလုပ်
ဆောင်ရွက်ရပါ၏။

အသျှင်ဘုရား ယခုပင် ထိုသူတို့သည်
ထိုမြူအညစ်အကြေးကို ဆေးလျော်ကုန်လျက်
ကောင်းစွာ ရေချိုးကုန် ကောင်းစွာ လိမ်းကျံကုန်၍
ဆံမုတ်ဆိတ်ပြုပြင်ကာ အဝတ်ဖြူကို ဝတ်ကုန်၍
ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာ ခံစားကြ
ပေလိမ့်မည်ဟု (လျှောက်၏)။

(၁၂)

ထိုအခါ မြတ်စွာဘုရားသည်
ဤအကြောင်းအရာကို သိတော်မူ၍
ထိုသိသော အချိန်၌-

”ရဟန်းသည် မကောင်းမှု အလုံးစုံတို့၌
လုံ့လမပြုရာ၊ (ရဟန်းအသွင်အပြင်ဖြင့်)
သူတစ်ပါး၏အခစားယောက်ျား မဖြစ်ရာ၊
သူတစ်ပါးကိုမှီ၍ အသက်မမွေးရာ၊
တရားဟောခြင်းဖြင့် (လာဘ်ပူဇော်သကာ)
  ကုန်သွယ်ခြင်းတို့ကို မပြုကျင့် ရာ”ဟု
  ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

share - aung ko
          (25 - sep - 2020)

No comments:

Post a Comment