" မီးပျက်တာ အစိုးရကြောင့်လား …??? "
__________
မောင်သုခ
____________
(၁)
" မီးပျက်တာ အစိုးရကြောင့်လား "
မီးပျက်တာ အစိုးရကြောင့်လားလို့
အမေးရှိလာပြီဆိုရင် ခင်များတို့
ဘာပြန်ဖြေကြမလဲ …???
မီးပျက်တာလည်း ပျက်တာပေါ့။
ဒီလို ရာသီမျိုးဆို အရင်နှစ်ကာလတွေမှာလည်း
မီးအတော် ပျက်တာကို တွေ့ရတယ်။
(၆) နာရီခြား မီးပေးတာမျိုးလည်း
ကျွန်တော်တို့ ကြုံခဲ့ရဖူးတယ်။ခရမ်းချဉ်
သီးလို မှိန်တုပ်တုပ် မီးအောက်မှာလည်း
ကျွန်တော်တို့ နေခဲ့ကြဖူးတယ်။ဖယောင်းတိုင်
တွေ ထွန်းပြီးလည်း ဆန္ဒပြ ခဲ့ကြဖူးသေးတယ်။
တကယ်ကတော့ အချိန်ခဏတာ
မီးခေတ္တပျက်တောက်ရခြင်းတွေဟာ
အစိုးရကြောင့် မဟုတ်ဘဲ နောက်ကွယ်က
အကြောင်းရင်းများစွာ ရှိနေပါတယ်။
(၂)
(၂၀၁၅) ခုနှစ်အထိ ရန်ကုန်တိုင်း
ဒေသကြီးအတွင်း လျှပ်စစ်သုံးစွဲမှုကိုကြည့်ရင်
အမြင့်ဆုံးပမာဏဟာ မဂ္ဂါဝပ်-၂၃၅၀ ရှိပါတယ်။
(၂၀၁၆) ခုနှစ် မှာ မဂ္ဂါဝပ်-၂၆၇၀ အထိ တက်လာပြီး
(၂၀၁၇) ခုနှစ်မှာ မဂ္ဂါဝပ်-၂၉၀၀ ၊(၂၀၁၈) ခုနှစ်မှာ
မဂ္ဂါဝပ်-၃၃၀၀ အထိ တိုးတက် သုံးစွဲလာခဲ့တာကို
တွေ့ရတယ်။
လျှပ်စစ် လိုအပ်မှုဟာ အကြောင်းများစွာ
ရှိလာတာကြောင့် တစ်နှစ်ထက် တစ်နှစ်လည်း
ဆက်ပြီး တိုးတက်လာဖို့သာ ရှိပါတယ်။
လျှော့ကျသွားဖို့ မရှိပါဘူး။
(၃)
" မီး ဘာ့ကြောင့်ပျက်သလဲ…??? "
မီးပျက်တာမှာ အကြောင်း
အမျိုးမျိုး ရှိပါတယ်။တစ်ချို့ အတွေး
အခေါ်ချို့တဲ့လွန်းသူများ ပေါက်ကရ
ပြောနေကြသလို lအဆင့်အတန်းမရှိ
ရိုင်းရိုင်းစိုင်းစိုင်းဆဲနေကြသလို မီးပျက်တာဟာ
အစိုးရကြောင့် တစ်ခုတည်း ဆိုတာတော့
မဟုတ်ရပါဗျာ ။ မီးဘာ့ကြောင့် ပျက်တာလဲ
ဆိုတာကို ကြည့်ကြရအောင်။
ရေအားလျှပ်စစ်စက်ရုံများအဖို့
ဆည်တွေရဲ့ ရေလက်ကျန်အခြေအနေအရ
ဓာတ်အားထုတ်လုပ်နိုင်မှု လျော့နည်းလာရင်လည်း
အချိန်ပိုင်းအလိုက် မီးခေတ္တပျက်တောက်မှုတွေ
ရှိတတ်ပါတယ်။ရာသီဥတု ပူပြင်းလွန်းတဲ့
ဒီလို အချိန်မှာ အများဆုံး ဖြစ်တတ်တဲ့
အခြေအနေပါ။
အရင်လက်ထက်က မီးကြိုးတွေ
အများစုဟာ လက်ရှိရာသီဥတုရဲ့
(အပူ)ဒဏ်ကို ခံနိုင်ရည်မရှိတာကြောင့်
မီးကြိုးအသစ် မလဲလှယ်ရသေးတဲ့ နေရာတွေမှာ
အချိန်ပိုင်းအလိုက် တစ်နာရီအနားပေး စနစ်နဲ့
မီးပေးနေရတဲ့ နေရာတွေလည်း ရှိပါတယ်။
(၄)
ဒါ့အပြင် လျှပ်စစ်ဓါတ်အားပေးမှုကို
ခံနိုင်ရည်ကျဆင်းလာတဲ့ ဓါတ်အားစီးဆင်းမှု
မကောင်းမွန်တော့တဲ့ မီးကြိုးအဟောင်းများကို
အသစ်လဲလှယ်နေရတာတွေ အရင်ခေတ်က
လက်ကျန် သစ်သားတိုင်အဟောင်း အိုဆွေး
အိုမတွေကို အသစ်လဲလှယ်နေရတာမျိုးတွေ
ကြောင့်လည်း မီးပျက်ပါတယ်။
အစိုးရသစ် လက်ထက်မှာ ကြက်ဟင်းခါး
သီးလို လမ်းအဟောင်းအဆွေးတွေကို
လမ်းအသစ်ပြုပြင်တာတွေ လုပ်နေတာ
နေရာအနှံ့ တွေ့ကြမြင်ကြမှာပါ။
တစ်ချို့မီးတိုင်တွေဟာ လမ်းဧရိယာနဲ့
မလွတ်ကင်းတဲ့အခါ လွတ်တဲ့ဘေးဖက်ကို
ပြောင်းရွှေ့ပြီး လျှပ်စစ်ဓါတ်အားပေး
တိုင်အသစ် ကြိုးအသစ် လဲလှယ်ရတာတွေ
ကြောင့်လည်း မီးပျက်တတ်ပါသေးတယ်။
(၅)
လျှပ်စစ် ဓါတ်အားပေးတဲ့ မီးကြိုးများကို
နှောင့်ယှက်နေတဲ့ သစ်ပင် သစ်ကိုင်းများ
ခုတ်ထွင် ရှင်းလင်းရတာတွေကြောင့်လည်း
မီးပျက်တတ်ပါတယ်။
လျှပ်စစ် ဝန်ကြီးဋ္ဌာနအနေနဲ့လည်း
လျှပ်စစ်ဓာတ်အားလိုင်းအသစ်တွေ
ဖွင့်လှစ်ခြင်း၊ ဓာတ်အားခွဲရုံအသစ်တွေ
တည်ဆောက်ခြင်း အစရှိတာတွေအပြင်
လျှပ်စစ် ဓာတ်အားတွေကို တစ်နိုင်ငံလုံးပို့ဆောင်
ဖို့ရာမှာ တောင့်တင်းတဲ့ ဓာတ်အား ကွန်ယက်နဲ့
သယ်ဆောင်နိုင်ဖို့ (၂၃၀) ကေဗွီ မဟာဓာတ်အား
လိုင်းများနဲ့ (၅၀၀) ကေဗွီ ပြည်ထောင်စုမဟာ
ဓာတ်အားလိုင်းများ တည်ဆောက်နိုင်ရေး
အစီအစဉ်တွေကိုလည်း ရေးဆွဲ ဆောင်ရွက်
စီစဉ်လျက်ရှိတာတွေကြောင့်လည်း
မီးပျက်တတ်ပါသေးတယ်။
(၆)
" လျှပ်စစ်နဲ့ ပက်သက်ပြီး အစိုးရနဲ့
တာဝန်ရှိသူတွေ ဘာလုပ်နေကြသလဲ …??? "
လတ်တလော အနေနဲ့ မြန်မာ နိုင်ငံမှာ
အိမ်ထောင်စု စုစုပေါင်းရဲ့ (၄၄ %) ခန့်သာ
လျှပ်စစ်ဓာတ်အားရရှိလျက်ရှိပြီး ကျန်ရှိနေတဲ့
နေရာဒေသတွေနဲ့ အိမ်ထောင်စုတွေအတွက်ပါ
လျှပ်စစ်မီး ရရှိအောင် အစိုးရသစ်အနေနဲ့
ဆောင်ရွက် နေပါတယ်။
လျှပ်စစ် နဲ့ စွမ်းအင် ဝန်ကြီးဌာနအနေနဲ့
လက်ရှိ နိုင်ငံတွင်း အိမ်ထောင်စု(၄၄%)ခန့်သာ
လျှပ်စစ်ဓါတ်အား ရရှိနေရာကနေ …
(၂၀၁၉) ခုနှစ် နှစ်ကုန်မှာ (၅၀%) l (၂၀၂၀-၂၀၂၁)
ခုနှစ်မှာ တစ်နိုင်ငံလုံးအိမ်ထောင်စုပေါင်းရဲ့
(၅၅ %) ခန့်သုံးနိုင်အောင်နဲ့ (၂၀၂၅-၂၀၂၆)
ခုနှစ်မှာ တစ်နိုင်ငံလုံး အိမ်ထောင်စုပေါင်းရဲ့
(၇၅ %)၊ ၂၀၃၀ ခုနှစ်မှာတော့ တစ်နိုင်ငံလုံး
အိမ်ထောင်စု အားလုံး ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား
သုံးစွဲခွင့်ရရှိရေးအတွက် ရည်မှန်းချက်ထားပြီး
ဆောင်ရွက်နေကြတယ်။
(၇)
လျှပ်စစ်ပိုထုတ်ဖို့ဆိုတာ ဓာတ်အားပေးစက်ရုံတွေ
များများတည်ဆောက်ပေးဖို့ လိုအပ်ပါတယ်။
ဓာတ်အား ပေးစက်ရုံတွေ တည်ဆောက်စရာမလိုဘဲ
အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အားပိုထုတ်နိုင်ဖို့
အတွက် တည်ဆောက် ထားပြီးဖြစ်တဲ့ ရေအား
လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကနေ နှစ်စဉ်
ထုတ်လုပ်ပေးနိုင်တဲ့ လျှပ်စစ် ပမာဏထက် ပိုတိုး
ထုတ်နိုင်အောင် ကြိုးစားရပါတယ်။
ဥပမာ - ဘီလူးချောင်း ၁ ရေအားလျှပ်စစ်
စက်ရုံဆိုရင် ဒီဇိုင်းအရ တစ်နှစ်ကို လျှပ်စစ်ဓာတ်အား
ကီလိုဝပ်နာရီ သန်း(၂၀၀) ထုတ်ပေးနေရာကနေ
လက်ရှိမှာ ကီလိုဝပ်နာရီ သန်းပေါင်း (၂၁၄) သန်း
ထုတ်တယ်။
လောပိတ စက်ရုံကနေ တစ်နှစ်ကို
မဂ္ဂါဝပ်နာရီ (၁၁၉၀) ထုတ်ပေးနိုင်ရာကနေ
(၁၂၆၂) မဂ္ဂါဝပ် အထိ တိုးထုတ်ခဲ့တယ်။
စက်ရုံကတိုးထုတ်တဲ့ပမာဏဟာ
ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အလတ်စား
စက်ရုံ တစ်ရုံစာရဲ့ တစ်နှစ်စာ ထုတ်လုပ်မှုပမာဏ
တိုးထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘီလူးချောင်း (၃) နဲ့
ကင်းနားစက်ရုံ ၊ မုန်းရေအားလျှပ်စစ်စက်ရုံ၊ ပေါင်းလောင်း ၊
ဆည်တော်ကြီး ၊ ရွှေကျင် ၊ သဖန်းဆိပ်၊ အထက်
ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံ စတာတွေမှာ
မူလစက်ရုံဒီဇိုင်းတွေထက် ပိုထုတ်နိုင်အောင်
ဆောင်ရွက်ခဲ့ကြတာမို့ လျှပ်စစ် ပမာဏ
တိုးထုတ်နိုင်ခဲ့ကြတာပါ။
(၈)
တိုင်းပြည်ရဲ့ လိုအပ်နေတဲ့ လျှပ်စစ်အတွက်
အစိုးရသစ်နဲ့ အတူ လျှပ်စစ်-စွမ်းအင် ဝန်ကြီး
ဌာန အနေနဲ့ ဘာတွေလုပ်နေသလဲဆိုတာ
အများသိအောင် ထပ်ပြီး ဖော်ပြရရင် အစိုးရသစ်ရဲ့
တတိယ(၁)နှစ်တာ ကာလအတွင်း
မြင်းခြံမြို့နယ်မှာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အား
ပေးစက်ရုံ (၂)ရုံ၊ ကျောက်ဆည်မြို့နယ်မှာ သဘာဝ
ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ (၁)ရုံ၊ သထုံ
မြို့နယ်မှာ ဓာတ်အားပေးစက်ရုံ(၁)ရုံ၊ ရာဇဂြိုဟ်နဲ့
အထက်နမ့်ထွမ်ရေအားလျှပ်စစ်ဓာတ်အားပေး
စက်ရုံ(၂)ရုံတို့ တည်ဆောက်ပြီးစီးခဲ့တယ်။
မင်းဘူးမှာ ပုဂ္ဂလိကကနေနေရောင်ခြည်သုံး
လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီးစီး
ခဲ့ပြီး စတင်ထုတ်လုပ်နေပါပြီ။
(၉)
" တိုးတက် ပြောင်းလဲ မှုများ "
(၂၀၁၆ - ၂၀၁၇) နှစ်တွေမှာ
ပြည်သူတွေအကြား ရေပန်းစားလှသော
အခေါ်အဝေါ်ဖြစ်တဲ့ System Breakdown ဟာ
တစ်နှစ်အတွင်း (၁၇) ကြိမ်အထိ ဖြစ်ခဲ့တယ်။
ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက
သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ လေပြင်းမုန်တိုင်း
တိုက်လို့ တာဝါတိုင်တွေ လဲတာကနေစခဲ့ပြီး
ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ
အကြိမ်ကြိမ် ဖြစ်ခဲ့တာပါ။
ဒါပေမယ့် တတိယ(၁)နှစ်တာကာလ
အတွင်းမှာတော့ System Breakdown
နှစ်ကြိမ်သာ ဖြစ်ခဲ့ပါတယ်။
ဘာကြောင့်လဲဆိုရင် ဓာတ်အားလိုင်းတွေ
ပြတ်တောက်မှုကို အလိုအလျောက် ပြန်လည်
ဆက်သွယ်ပေးတဲ့စနစ် (Tele-protection and
Auto-Reclosing Function)ကို တပ်ဆင်
ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။
(၁၀)
ပို့လွှတ်ဖြန့်ဖြူးမှုအပိုင်းမှာလည်း
တိုင်းပြည်ရဲ့ လိုအပ်တဲ့ နေရာတွေကို လျှပ်စစ်
ဓါတ်အားရောက်ရှိဖို့ လျှပ်စစ် ဓာတ်အားလိုင်းကြီးတွေ
တည်ဆောက်ရပါတယ်။ တတိယ(၁)နှစ်အတွင်းမှာ
တည်ဆောက်ဆဲတွေ အများကြီး ရှိသလို ပြီးစီးသွားတာ
တွေက (၂၃၀) ကေဗွီလိုင်း တစ်လိုင်း၊ (၆၆) ကေဗွီ
ဓာတ်အားလိုင်း ၁၁ ခု စုစုပေါင်း ဓာတ်အားလိုင်း
(၂၄၄၉) မိုင်၊ (၂၃၀) ကေဗွီ ဓာတ်အားခွဲရုံ တစ်ရုံ၊ (၆၆)
ကေဗွီ ခွဲရုံ ၂၉ ခု၊ (၃၃) ကေဗွီ ခွဲရုံ ၁၀ ခု၊ (၁၁/၀.၄)
ကေဗွီ ထရန်စဖော်မာ (၄၃၃၈) လုံး၊ စုစုပေါင်း
(၁၃၃၆) အမ်ဗွီအေ အထိ တည်ဆောက်နိုင်ခဲ့တယ်။
ဘာပဲဖြစ်ဖြစ် ဒါတွေဟာ အသိအမှတ်
မပြုလို့ မရတဲ့ မျက်ကွယ်ပြုလို့ မရတဲ့ တိုးတက်
ပြောင်းလဲလာမှုတွေပါပဲ။
(၁၀)
" စည်းကမ်းမဲ့ လျှပ်စစ်သုံးစွဲခြင်း "
လျှပ်စစ် သုံးစွဲမှု အပိုင်းကို ကြည့်ရင်လည်း
တစ်နှစ်ကို လူတစ်ယောက်ရဲ့ လျှပ်စစ်ဓာတ်အား
သုံးစွဲမှုဟာ ပျမ်းမျှ အနေနဲ့ ကီလိုဝပ်နာရီ (၃၇၀)
ရှိတာကို တွေ့ရှိရပြီး ယခင့် ယခင် နှစ်တွေကထက်
ပိုမို တိုးတက်လာပါတယ်။
လျှပ်စစ်သုံးစွဲမှု အပိုင်းကို စေ့စေ့
စပ်စပ် ကြည့်လိုက်ရင် တကယ်လိုအပ်လို့
သုံးစွဲကြတာမျိုးထက် မလိုအပ်တဲ့နေရာနဲ့
အချိန်အခါတွေမှာပါ စည်းကမ်းမဲ့ သုံးတတ်
ကြတာမျိုးတွေရှိတာကိုလည်း တွေ့ရတယ်။
(၁၁)
တကယ်တမ်းကတော့
လျှပ်စစ်ကဏ္ဍဟာ အဆမတန် ကြီးမားတဲ့
အရှုံးပေါ်ခြင်းကို ကျွန်တော်တို့ နိုင်ငံ အနေနဲ့
ရင်ဆိုင်နေရတာပါ။
(၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်မှာ
အရှုံး ပမာဏဟာ ငွေကျပ် (၄၂၂) ဘီလီယံကျော်
ရှိခဲ့ပြီး ထုတ်လုပ်ရေးကဏ္ဍတစ်ခုတည်းမှာကို
အရှုံးပြတဲ့ ပမာဏဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်
ဝန်ကြီးဌာနရဲ့ စာရင်းဇယားများအရ သိရတယ်။
အဆိုပါနှစ်က ဘတ်ဂျက်ကြိုတင်
တွက်ချက်ခန့်မှန်းရာမှာ ငွေကျပ်ဘီလီယံ (၃၆၀)
ကျော် ဆုံးရှုံး မယ်လို့ ခန့်မှန်းခဲ့ပေမယ့် လက်တွေ့
ဆုံးရှုံးမှုမှာ ငွေကျပ် (၄၂၂) ဘီလီယံအထိ
မြင့်တက်ခဲ့တာပါ။
(၁၂)
" အရှုံးပေါ်နေတဲ့ လျှပ်စစ်ကဏ္ဍ "
လျှပ်စစ်ကဏ္ဍရဲ့ အရှုံးပေါ်မှုဟာ အကြောင်းရင်း
အမျိုးမျိုး ရှိနေပြီး သုံးစွဲသူတွေရဲ့ လျှပ်စစ်ဓါတ်အားခ
ကျသင့်ငွေကို တိကျသေချာစွာ မကောက်ယူနိုင်ခြင်းl
တရားမဝင် ခိုးယူ သုံးစွဲသူများရှိခြင်း l လျှပ်စစ်
ဓါတ်အားထုတ်လုပ်မှု ကုန်ကျစရိတ် နှင့် ကောက်ခံ
သောငွေ များစွာကွာဟနေခြင်း တို့ကြောင့်
ဖြစ်ပါတယ်။
ဓါတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့
ကောက်ခံငွေ များစွာကွာဟနေခြင်းရဲ့
အကျိုးဆက်ကနေ စည်းကမ်းမဲ့ လျှပ်စစ်
သုံးစွဲမှု မြောက်များစွာကြောင့် တိုင်းပြည်ရဲ့
ဘဏ္ဍာငွေတွေဟာ ပလိုင်းပေါက်နဲ့
ဖားကောက်သလို ဖြစ်နေတာ အမှန်ပါပဲ။
(၁၃)
" စည်းကမ်းရှိဖို့ လို "
အဲဒါကြောင့် ကျွန်တော်တို့ပြည်သူ
တွေ အနေနဲ့ မီးခဏ ခဏ ပျက်တာကို
အကျိုးသင့် အကြောင်းသင့် ဝေဖန်
တတ်ကြဖို့ လိုအပ်တာကို တွေ့ရပါတယ်။
အကျိုးသင့် အကြောင်းသင့်ဆိုတာက
မီးပျက်တိုင်း အစိုးရကို လှိမ့်ဆဲနေမယ့်အစား
သူတို့ ဘာတွေလုပ်နေကြသလဲ l ကျွန်တော်
တို့ ပြည်သူတစ်ဦးချင်းကရော လျှပ်စစ်နဲ့
ပက်သက်ပြီး ဘာတွေလုပ်ဖို့ လိုအပ်လဲ
ဆိုတာမျိုး ဆင်ခြင်သုံးသပ်ပြီး ဝေဖန်
အကြံပြုကြတာမျိုးကို ဆိုလိုရင်းပါ။
(၁၄)
ဒါ့အပြင် လျှပ်စစ်မီးကို စည်းကမ်း
တကျ သုံးစွဲခြင်း l မလိုအပ်တဲ့ နေရာနဲ့
အချိန်ကာလတွေမှာ မသုံးစွဲကြခြင်း အစရှိတာ
တွေကို ပြုမူကြမယ် ဆိုရင်ဖြင့် အရှုံးပေါ်နေတဲ့
လျှပ်စစ်ကဏ္ဍကို ပြည်သူတစ်ဦးချင်းအနေနဲ့
တာဝန်သိသိ ဖေးမ ကာကွယ်ရာရောက်ပြီး
တိုင်းပြည်ရဲ့ ဘဏ္ဍာငွေကိုလည်း အလေအလွင့်
မရှိရလေအောင် စောင့်ရှောက် ကာကွယ်ရာ
ရောက်တဲ့ အကြောင်း အကြံပြု တင်ပြရင်း …
……………………………………………
…………………………………………………
………………………………………………………
……………………………………………………………
မောင်သုခ
(29- Apr -2019)
အချက်အလက် ကိုးကား (source)_
" မြန်မာ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန "
https://www.facebook.com/MOEEMyanmar/?ti=a
" မြန်မာ့ လျှပ်စစ်နှင့် စွမ်းအင်
ဝန်ကြီးဌာန "၏ ဆောင်ရွက် မှုများ ……
ဧရာဝဏ် ဓါတ်အားခွဲရုံ တစ်နှစ်အတွင်း
ပြီးစီးအောင် ဆောင်ရွက်မည်။
https://www.facebook.com/372087223212860/posts/664888127266100/
တောင်ကြီးခရိုင် ကျေးရွာ (၄၅)ရွာ
အတွက် ဓါတ်အားပေးတိုင်များ စတင်လုပ်ဆောင်
https://www.facebook.com/372087223212860/posts/660306977724215/
စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်
တွင်းရှိ ကျေးရွာ (၂၄) ရွာအတွက် ဓါတ်အားပေး
တိုင်များ စတင်လုပ်ဆောင်
https://www.facebook.com/372087223212860/posts/659677177787195/
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် နှင့် ကသာခရိုင်
အတွင်းရှိ ကျေးရွာ (၂၃၇) ရွာအတွက်
လျှပ်စစ်ဓါတ်အားပေးတိုင်များ စတင်လုပ်ဆောင်
https://www.facebook.com/372087223212860/posts/659124754509104/
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် အတွင်း
ကျေးရွာ (၈၂) ရွာအတွက် လျှပ်စစ်ဓါတ်အားပေး
တိုင်များ စတင်လုပ်ဆောင်
https://www.facebook.com/372087223212860/posts/658077824613797/
" မြန်မာ့ လျှပ်စစ်နှင့် စွမ်းအင်
ဝန်ကြီးဌာန "၏ ဆောင်ရွက် မှုများအား
ဆက်လက် ဖတ်ရှု ရန် လင့်ခ် …
https://www.facebook.com/MOEEMyanmar/?ti=a
No comments:
Post a Comment