Sunday, November 25, 2018

အကောင်း အဆိုး ဆိုကြရာဝယ်

" အကောင်း အဆိုး ဆိုကြရာဝယ်  "

_________
မောင်သုခ
____________

[၁]

ကျွန်တော့် ဆရာကိုမြတ်မင်းကို
မေးဖူးသည်။ ပန်းချီကား တကား
ကောင်းမကောင်းကို ဘယ်လိုဆုံးဖြတ်သလဲ…???
ဘယ်လိုသိသလဲ …???  ဟူ၍ဖြစ်၏။

ကျွန်တော့်ဆရာ
ပြန်လည် ရှင်းပြသည်မှာ
(museum) ပြတိုက်တွေ သွား
" ပန်းချီကား ကောင်းကောင်းတွေ
များများကြည့် "  ဟူပေတော့သည်။

ကျွန်တော့်ဆရာ ကျေးဇူးကြောင့်
(museum) ပြတိုက်တွေ သွားစရာမလိုဘဲ
သူစုဆောင်းထားသော
ရှေးဆရာ့ ဆရာ ဆရာကြီးများ၏
ပန်းချီကားကောင်း မြောက်များစွါကို
ကြည့်ခွင့်ရခဲ့သည်မှာတော့
လူဖြစ်ရကျိုးနပ်သည့်အထဲက
တခုဟုပင် ဆိုချင်ပေတော့၏။

မြန်မာ ပျူ    ရခိုင် ဒင်္ဂါးများနှင့်
British India ငွေဒင်္ဂါးများ
စုဆောင်း လေ့လာရတာ ဝါသနာပါသော
ကျွန်တော်သည် ကိုရဲ (Daniel Yel Zatt) ထံမှ
သူစုဆောင်းထားသော   ဒင်္ဂါးများကို
ကြည့်ရှုခွင့်ရသောအခါ တော်ရုံသာမာန်
ဒင်္ဂါးတို့သည် မျက်စိတွင် ဒင်္ဂါးကောင်းများအဖြစ်
မယူဆမိတော့သလို စိတ်တွင်လည်း
အကြိုက် မတိုးတော့ ။

[၂]

အစားအသောက်  အကောင်းဆုံး
တခုခုအား စားဖူးထားသူသည် တခြားသော
အလားတူ အစားအစာမျိုး စားကြည့်လေက
မတူခြားနားသော အရသာကို နှိုင်းယှဉ်
သိခြင်းအားဖြင့် သိပြီး မည်သည့်ဟာ
ပိုကောင်းသလဲဆိုသည်ကို လွယ်ကူစွါ
သိရှိနိုင်ပေလိမ့်မည်။

ကျွန်တော်တို့သည်
နေရာတော်တော်များများ၌ အထက်ပါ
နှိုင်းယှဉ်သိ ဖော်မြူလာကို အသုံးချနိုင်ကြပေ၏။

[၃]

ဆရာမ ကြည်အေးကလည်း
ယခုလို ပြောခဲ့ဖူးကြောင်း မှတ်သားရပါသည်။

" လူကောင်းဖြစ်ချင်ရင်
တရားကောင်းကို လေ့လာရသလို…
စာကောင်း ကဗျာကောင်း ရေးချင်ရင်
စာကောင်း ကဗျာကောင်း များများဖတ်ကြ။ " ဟူ၏။

ဆရာမကြည်အေး ပြောကြားသည်ကို
ကျွန်တော့်ဆရာ ကိုမြတ်မင်း အထက်တွင်
ပြောတာနှင့် နှိုင်းယှဉ်ကြည့်လေက
ဦးတည်ရာတူညီသည်ကို တွေ့ရသည်။

အကြင်အခြင်းအရာတခုအား
ကောင်းမကောင်း ဆန်းစစ်ကြရာ၌ နှိုင်းယှဉ်သိမြင်ခြင်း
အခြေခံအကြောင်းရင်းသည် အဓိက လိုအပ်ချက်
တခုဖြစ်ပေတော့၏။

[၄]

ဤနေရာတွင် ပြောစရာရှိလာသည်မှာ
ခေတ်ကာလ မတူညီ ဖန်တီးပုံ အကြောင်းအရာ
အမျိုးအစား မတူညီသော အရာနှစ်ခုကို
နှိုင်းယှဉ်သိဖြင့် ဆင်ခြင်သုံးသပ်ကြည့်လေက
အဖြေမှန်ထွက်ပါ့မလားဟူ၍ မေးစရာ
ရှိလာပေတော့သည်။

အနုပညာ ဖန်တီးမှုတိုင်းတွင်ဖြစ်စေ…
တစုံ တခုသော အရာအား ဖန်တီးလျှင်ဖြစ်စေ …
အခြေခံအားဖြင့် ဝါသနာနှင့် စေတနာ  အနစ်နာ
နာသုံးနာ အရင်းခံ ကြရပေ၏။

အရင်းစစ် အမြစ်မြေက ဆိုသည့်နှယ်
မည်သည့်ဖန်တီးမှုတွင် ဖြစ်စေ ဤသုံးချက်ကို
ဆန်းစစ်ကြည့်လိုက်လျှင် သိသာထင်ရှားပေတော့သည်။

[၅]

ကျွန်တော် သိသော နယ်ပယ်အရ လက်လှမ်းမှီသလောက်
ပြောရပါမူ ပန်းချီ  စာပေရေးရာ ကဗျာဖန်တီးမှု နှင့်
နိုင်ငံရေး လောကတို့တွင် ရှေးလူကြီးများလောက်
ယခု ခေတ်ပြိုင် လူသားများသည် ဝါသနာ စေတနာ
အနစ်ခံမှု  အားတွင်  ခြေဖျားပင် မမှီကြကြောင်း
တွေ့မြင်ရ၏။

ထိုသို့ အခြေခံ အဓိကကျလိုအပ်သော
အချက်များဖြစ်သည့်  ဝါသနာ စေတနာ အနစ်နာခံမှုများ
ချို့ယွင်း အားနည်းဆုတ်ယုတ်လာသော ကျွန်တော်တို့
လူ့အဖွဲ့အစည်း၏  သက်ဆိုင်ရာ နယ်ပယ်များသည်လည်း
ဆုတ်ယုတ် အားနည်းလာသည်ကို အမှန်အတိုင်း
ဝန်ခံရပေလိမ့်မည်။

[၆]

လောက၌ မည်သည့်ကျရောက်ရာ
နယ်ပယ်တွင်မဆို ဝါသနာ အခြေခံက
သာကောင်း၏။

ဝါသနာ မပါဘဲ အကြောင်းကြောင်းကြောင့်
လုပ်ကိုင်ရသော နေရာများ၌မူ စေတနာ
အရင်းခံသင့်ပေ၏။ စေတနာတွင် အနစ်နာခံမှု
ဖြည့်စွက်လိုက်ချေက အချိုပေါ်
သကာဆင့်ဆိုရမလိုပင်။

မိမိအကျိုးအတွက် ဖြစ်စေ
အများအကျိုးတွက်ဖြစ်စေ
မည်သည့်အလုပ်မဆို
စေတနာ ချို့တဲ့ချေက အလုပ်ကောင်းမမည်။
အကောင်း လုပ်သည် မခေါ်။ကြိုးချည်၍
လှော်သည့် ပမာနှယ်ပင် ဖြစ်ရချေမည်။
စေတနာ အရင်းမခံသော အကြင်အကြောင်းကိစ္စသည်
ကောင်းတာလုပ်သော်လည်း ကောင်းတာမဖြစ်တတ်သော
သဘောသဘာဝ ရှိလာတတ်၏။

[၇]

စေတနာထားရှိမှုသည် အဓိကအရေးကြီးသော
အခြေခံ လိုအပ်ချက် တခုဖြစ်သော်လည်း
ကျွန်တော်တို့သည် အကြင်အကြောင်းကိစ္စနှင့်
ဖန်တီးမှုတို့အပေါ်တွင် စေတနာ တခုတည်းဖြင့်လည်း
မပြည့်မစုံ ဖြစ်နေမှာ အမှန်ဖြစ်ပြီး လုပ်ပုံလုပ်နည်း
မှန်ကန်ဖို့ရာလည်း  လိုအပ်ချက်တခု ဖြစ်လာသည်။

စေတနာ ဘယ်လောက်ကောင်းကောင်း
လုပ်ပုံ လုပ်နည်း မမှန်ကန်က လိုရာခရီး
မရောက်။စေတနာလည်း ကောင်းရမည်
လုပ်ပုံ လုပ်နည်းလည်း မှန်ရမည် ။
ဤသို့မှသာ လိုရာခရီး ရောက်ပေတော့၏။

ဤစကား မှန်ကန်ကြောင်းကို
ငါးရာ့ငါးဆယ် ဇာတ်နိပါတ် အတ္ထကာမဝဂ်လာ
ရောဟိဏီဇာတ်တော်၌ ထင်ရှားလေသည်။

အနာထပိဏ်သူဋ္ဌေးတွင် ရောဟိဏီမည်သော
ကျွန်မရှိလေသည်။တရက်သောအခါ အမိသည်
အိပ်နေစဉ် ယင်ကောင်များ နှောင့်ယှက်လွန်းသဖြင့်
ရောဟိဏီအား တားဆီးခိုင်းလေရာ ယင်ကောင်များကို
ကျည်ပွေ့ဖြင့်လိုက်ရိုက်လေ၏။ယင်ကောင်ကို ကျည်ပွေ့ဖြင့်
မရိုက်မိဘဲ အမိဖြစ်သူ၏ ဦးခေါင်းကို အရှိန်လွန်ရိုက်မိလေရာ
ဒဏ်ကြောင့် အမိသေလေတော့၏။

[၈]

အလားတူ ဇာတ်တော်တခုမှာ
ငါးရာ့ငါးဆယ် ဇာတ်နိပါတ် အတ္ထကာမဝဂ်လာ
အာရာမဒူသက ဇာတ်တော်ဖြစ်၏။

ဤဇာတ်တော်သည် တိုင်းပြည်အုပ်ချုပ်မင်းလုပ်
သူများနှင့်တကွ  အစိုးရမင်းများအဖို့
မှတ်သား နာယူ ဆင်ခြင်သုံးသပ်ဖွယ်
အလွန်ကောင်းသော ဇာတ်တော်ဖြစ်လေသည်။

ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း စိုးစံစဉ်
တနေ့သောအခါ နက္ခတ်သဘင်ပွဲချိန်နှင့်
တိုက်လေရာ မင်းကြီး၏ ဥယျာဉ်မှူးသည်လည်း
နက္ခတ်ပွဲကို ပါဝင်ဆင်နွှဲရန်  ပိုးထလေတော့၏။

သို့ဖြင့် ဥယျာဉ်ထဲမှ မျောက်တို့၏ ခေါင်းဆောင်
မျောက်ကြီးထံသွား၍ ဤဥယျာဉ်သည်
သင်တို့အတွက် အလွန်ကျေးဇူးများလှသည်။
အသီး အပင် အရွက်များကို သင်တို့ စားကြရသည်။
ငါပြန်မရောက်မချင်း သစ်ပင်များကို ရေလောင်းရစ်ကြဟု
အမှားထားခဲ့ကာ နက္ခတ်ပွဲသဘင်ကျင်းပရာသို့
ထွက်ခွါသွားလေတော့၏။

ဥယျာဉ်ထဲမှ မျောက်များသည် မျောက်ကြီး
ညွှန်ကြားချက်အရ ဥယျာဉ်တွင်း သစ်ပင်များကို
ရေလောင်းကြပေတာ့သည်။ မျောက်ကြီး၏
အံ့သြနဘန်း စေခိုင်းချက်ကား " အို မျောက်အပေါင်းတို့
ရေကို ဆင်ခြင်၍ သုံးတတ်ရမည်။ရေမလောင်းမီ
သစ်ပင်ငယ်များကို ဦးစွါနုတ်၍ ကြည့်ကြ။

အမြစ်ရှည်သည့်အပင်ကို တွေ့လျှင်
ရေများများလောင်းကာ အမြစ်တိုလျှင် သင့်ရုံသာ
လောင်းကြ။ နောင်တချိန် ရေအခက်အခဲ ရှိနိုင်သည် "
ဟူပေတော့သတည်း …

မျောက်ငယ်များလည်း မျောက်ကြီး ခိုင်းသည့်အတိုင်း
ပြုလုပ်ကြလေရာ ဥယျာဉ်တခုလုံး အစိုးရမကောင်းသည့်ဒဏ်
လှိမ့်ပိမ့်ခံရသည့် မြန်မာပြည်အလား သစ်ပင်ပန်းမန်အပေါင်း
ထောင်းလမောင်း ကျေလေတော့၏။

[၉]

အထက်ပါ ဇာတ်တော်တို့တွင် စေတနာထားသည်ကား
မှန်၏။ လုပ်ပုံလုပ်နည်း မမှန်ကန်လေသောအခါ
အကောင်းလုပ်ပါသော်လည်း အကျိုးရလာဒ်တွင်မူ
ဆိုးဝါး ပျက်စီးရသည်ကို မှတ်သားဆင်ခြင်ဖွယ်
တွေ့ရလေတော့သည်။

ထို့ကြောင့် မည်သည့်အလုပ်တွင်ဖြစ်စေ
စေတနာလည်း ကောင်းရမည်
လုပ်ပုံ လုပ်နည်းလည်း မှန်ရမည် ။
ဤသို့မှသာ လိုရာခရီး ရောက်ပေတော့မည်ဟု
မုချ မှတ်သားထိုက်လေ၏။

ယနေ့အခါသမယ၌
တိုင်းပြည်အပေါ် စေတနာထားကြသော
အစိုးရသစ်လူကြီးမင်းများနှင့်တကွ
နယ်ပယ်အသီးသီးမှ လူတို့သည်လည်း
နေရာအနှံ့ အသီးသီး ပေါ်ထွန်းလာကြသည်ကို
အားရစဖွယ် မြင်တွေ့ရပါသည်။စေတနာ
အခြေခံရှိနှင့်ပြီးသော လူများဖြစ်ကြသည့်အတွက်
စေတနာတွင် လုပ်ပုံလုပ်နည်း မှန်ကန်မှုတဖြစ်လည်း
မှန်ကန်သော အားထုတ်မှုများဖြည့်စွက်လိုက်လေက
အချိန်တိုအတွင်း တိုင်းပြည်တိုးတက်မှာ
အမှန်ပင်ဖြစ်ပါသည်။

[၁၀]

စာပေနယ် နိုင်ငံရေးနယ်ပယ်
များနှင့်တကွ ပရဟိတ နယ်ပယ်များသည်လည်း
ပြည်သူများနှင့် လွန်စွါ နီးနီးကပ်ကပ် ကူးလူး
ဆက်ဆံလာပြီ ဖြစ်ရာ မည်သူကတော့ဖြင့်
စေတနာကောင်းထားသည် မထားသည်ဆိုသည်ကို
ပြည်သူနှင့် ပရိတ်သတ်က လွယ်ကူစွါ အချိန်တိုအတွင်း
သိရှိလာပြီဖြစ်သည်။

ထို့အပြင် စေတနာမှန်သော်လည်း
လုပ်ပုံလုပ်နည်း မှားယွင်းနေသော လုပ်ပုံလုပ်နည်း
မှန်ကန်ပါသော်လည်း စေတနာချို့တဲ့နေသော
ကိုယ်စားလှယ်တော်များ အနုပညာရှင်နှင့်
စာပေနယ်မှ သူများ တိုင်းသူပြည်သားများကိုလည်း 
တိုင်းပြည်အကျိုးရှေးရှုကာ စေတနာအခြေခံပြီး
သကာလ မှန်ကန်သော လုပ်ရပ်များဖြင့်
ပြည်ကျိုး  ပြုနိုင်ပါစေကြောင်း ဆန္ဒပြု
ရေးသားရင်း " အကောင်း အဆိုး ဆိုကြရာဝယ် "
စာစုကို နိဂုံးချုပ်လိုက်ရပေတော့သတည်း ………………
………………………………………………………
………………………………………………………
………………………………………………………

                                    မောင်သုခ
                                 (15 - Nov - 2017)

ချီးမွမ်း ကဲ့ရဲ့ သတိချပ်

" ချီးမွမ်း ကဲ့ရဲ့ သတိချပ် …"

_________
မောင်သုခ
___________

[၁]

" ချီးမွမ်းခြင်းနှင့် ကဲရဲ့ခြင်း " သည်
လောက လူသားအပေါင်းတို့ အမြဲလိုလို
ကြုံကြိုက်တတ်သော အရာများဖြစ်ပေ၏။

ကျွန်တော်တို့သည် ချီးမွမ်းခြင်း တဖြစ်လည်း
ချီးကျူးခံရခြင်းကြောင့် စိတ်ကျေနပ်ဖူးကြသလို
ဆန့်ကျင်ဘက်အနေအားဖြင့် ကဲ့ရဲ့ ရှုံ့ချခံရခြင်း
ဝေဖန်ပြစ်တင်ခံရခြင်းကြောင့်များလည်း
စိတ်မသက်မသာ ဖြစ်ကြဖူးပေမည်။

မကြာသေးမီကပင် မြန်မာပြည်၏
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား
အနောက်နိုင်ငံများမှ ချီကျူး ထောမနာပြု၍
သူတို့ပေးထားသော ဆုများကို ယခုအခါ
ကဲ့ရဲ့ အပြစ်တင်၍  ပြန်လည်ရုပ်သိမ်းကြကြောင်း
ကြားသိရ၏။ ဆုပေးစဉ်အခါကလည်း
ဒေါ်အောင်ဆန်းစုကြည်အနေနှင့်
တောင်းခံခြင်း မရှိပါဘဲ သူတို့သဘောနှင့်သူတို့
လိုလိုလားလား ပေးအပ်ကြပြီး ယခုအခါမှာတော့
ကလေးများ " ငါ့အိုးပုပ် ပြန်ပေး " ဆိုသကဲ့သို့
ဆုများကို ပြန်လည် ရုတ်သိမ်းကြပေသည်။
လူတို့သဘောသဘာဝသည် ပြောင်းလဲ
တတ်လှပေစွ။

မြန်မာပြည်သူများ ကတော့
ကလေးဆန်လွန်းသော အနောက်နိုင်ငံမှ
လူကြီးများအားကြည့်ပြီး ရီရမလို ချော့ရမလို။

ယခုအခါသမယတွင် " မုဒြာခေါ်သံ " အမည်ရှိ
ရုပ်ရှင်ဇာတ်ကားပေါ်ထွက်လာပြီးနောက် မြန်မာ့ရုပ်ရှင်
အချိုးအကွေ့တခုဖြစ်ပေါ်လာသလို ပရိတ်သတ်များက
သရုပ်ဆောင် ဇဏ်ခီတို့လင်မယားကို အလွန်အကျူး
ချီးမွမ်းကြပြီး မြန်မာ့ရုပ်ရှင်လောကသားဟောင်းများကို
ကဲ့ရဲ့အပြစ်တင်သံများ ကြားလာရပေ၏။ကောက်ရိုးမီး
တောက်သည့်နှယ် စိတ်ခံစားချက် ပြင်းထန်တတ်၍
အပြောင်းအလဲမြန်တတ်သည့် မြန်မာတို့ဓလေ့အရ
မည်ရွေ့မည်မျှ ရေချိန်တက်ကောင်းဦးမည် မည်သည့်
အခါသမယတွင် ဆန့်ကျင်ဘက် စိတ်ထားပြောင်းလဲ
ကြမည်ကို မှန်းဆရ ခက်လှပေသည်။

ြုမန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် မြန်မာ့
ရုပ်ရှင်လောက အဖို့ မည်သို့ မည်ရွေ့ ကမ္ဘာ့
အဆင့်အတန်းကိုမှီကာ ကမ္ဘာကျော်လာဦးမည်
ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်ဖွယ်
ကောင်းလာပေတော့၏။

တကယ်တော့ ချီးမွမ်းခြင်း
ကဲ့ရဲ့ခြင်း ဆိုသည့်အပေါ် ပြည်သူများအဖို့ 
အထူးအဆန်းတော့မဟုတ်။

[၂]

" လောကဓံတရား ရှစ်ပါးတွင် ပါဝင်  "
……………………

ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းဟူသည်
ဘုရားရှင်ဟောကြားခဲ့သော တိပိဋက_
သုတ္တန်ပိဋက _အင်္ဂုတ္တရနိကာယ်_
ဒုတိယလောကဓမ္မသုတ်လာ
လောကဓံတရား ရှစ်ပါး၌ ပါဝင်၏။

ဘုရားရှင်က
" ရဟန်းတို့ ဤလောကဓံတရားရှစ်မျိုးတို့သည်
လောကသို့ အစဉ်လိုက်ကုန်၏၊ လောကသည် လည်း
ဤလောကဓံတရားရှစ်မျိုးတို့သို့ အစဉ်လိုက်၏။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ-လာဘ်ရမှု, လာဘ်မရမှု၊
အခြံအရံရှိမှု, အခြံအရံမရှိမှု၊ ကဲ့ရဲ့မှု, ချီးမွမ်းမှု၊
ချမ်းသာမှု, ဆင်းရဲမှုတို့တည်း။

ရဟန်းတို့ ဤလောကဓံတရား ရှစ်မျိုးတို့သည်
လောကသို့ အစဉ်လိုက်ကုန်၏၊ လောကသည်လည်း
ဤလောကဓံတရားရှစ်မျိုးတို့သို့ အစဉ်လိုက်၏။ "
ဟူ၍ ဟောကြားတော်မူခဲ့လေသည်။

အထက်ပါအတိုင်း လောက၌ အစဉ်လိုက်နေသော
လောကဓံတရား ရှစ်ပါး  အကြားတွင်မှ
" ချီးမွမ်းသော်လည်း ဂုဏ်မမြောက်
ကဲ့ရဲ့သော်လည်း ဂုဏ်မပျောက်  "ဆိုသည့်
အကြောင်းကိစ္စတို့ကိုလည်း အောက်ပါအတိုင်း
မှတ်သားဖွယ် သိရှိနိုင်ပါသည်။

[၃]

" ချီးမွမ်းသော်လည်း ဂုဏ်မမြောက်ပုံ "
     (ဝိရုဒ္ဓဒေါသ ဆန့်ကျင်လှ )

" ရတနာပုံပြည်ထောင်တည် ပဌမအာဒိကရာဇာဝင်
ပဉ္စမ သင်္ဂါယနာတင် ဘဝရှင်မင်းတရားကြီး၏
မြှောက်စားပူဇော်ခြင်း အထူးကို ခံတော်မူသော
သာသနာပြု သုဓမ္မာအဝင် သင်္ဂဇာဆရာတော်ဘုရားကြီး
ဟောကြားတော်မူသော တရားတပုဒ်ကို
ဖော်ပြလိုပါသည်။ "

တရံရောအခါ သာသနာပြုသင်္ဂဇာဆရာတော်ကြီးသည်
၁၂၄၆-ခုနှစ် lရန်ကုန်မြို့သို့ ရောက်တော်မူသောအခါ
အမည်နာမထင်ရှားကျော်စောသော တရားဟောဆရာကြီး
တယောက်သည် တင်မြှောက်ရိုကျိုး လက်စုံမိုး၍
ရှိခိုး လျှောက်ထားသည်မှာ - အရှင်ဘုရား - တရားအပေါင်းတို့တွင်
မောဟသည် တပါးသောတရားတို့ထက် လွန်ကဲသည်ဖြစ်၍
မိုက်မဲတွေဝေ စေတတ်သော တရားအစစ်ဖြစ်ပါသည်။

မောဟထက် သာလွန် မိုက်မဲတွေဝေ စေတတ်သော တရားမရှိပါ။
မြတ်စွါ ဘုရားသခင်သည် ဗောဓိပင်နှင့် ရွှေပလ္လင်ကိုရ၍ မာရ်ငါးပါးကို
အောင်မြင်တော်မူစဉ် အခါကပင် မောဟကို ပယ်ခွါဖြတ်တောက်ပြီး
ဖြစ်၍ အလွန်အကဲ မိုက်မဲတွေဝေစေတတ်သော မောဟမရှိပါ။

သို့ဖြစ်ပါ၍ မောဟတည်းဟူသော မောဟတည်းဟုသော
အမိုက်တရားသည် ဘုရား၌ ဆုံးနေပြီဖြစ်သောကြောင့်
" မြတ်စွါဘုရားကို #အမိုက်ဆုံး " ဟု ချီးမွမ်းဂုဏ်တင်၍
အားလုံးသော ပရိတ်သတ်ကို တပည့်တော်
ဟောကြားပါသည်။

ဤသည်ကို အချို့သောသူများက
ဤ စကားမကောင်းဟု စုပေါင်းဖွဲ့နွဲ့၍ အပြစ်တင်ကြပါသည်
ဘုရားဟု လျှောက်ထားလေ၏။

[၄]

" ဟုတ်မှန်သော်လည်း မနှစ်သက် "
…………………………………

ထိုအခါ ဆရာတော် ဘုရားကြီးက ဟုတ်လှပေသည် ဆရာကြီး။
ဆရာကြီး ပြောသော တရားသည် အလွန်ဟုတ်မှန်ပေသည်။
ဆရာကြီးသည် သူတပါးတို့ထက် ထူးချွန်၍ အလွန်ပင်
သိတတ်ပေသည်။ ဆရာကြီးသည် အလွန်တရာ လိမ္မာပေသည်။
ဤကဲ့သို့ ဗဟုသုတများ၍ သိကြားလိမ္မာသည်ဖြစ်သောကြောင့်
လူအများသည် ငါတို့ဆရာကြီးသည်အလွန်တရာ တတ်သိလိမ္မာ
ပါပေသည်။တခါတရံမျှ ချေးမစင်ကို မစားဟု ပြောကြားချီးမွမ်းသော
စကားကို ဆရာကြီးနှစ်သက်ပါမည်လောဟု မေးတော်မူ၏။

ထိုအခါ တရားဟော ဆရာကြီးက တပည့်တော် မနှစ်သက်
နိုင်ပါဘုရားဟု လျှောက်ထားလေလျှင်l ဆရာကြီး
အဘယ့်ကြောင့် မနှစ်သက်နိုင်ပါသနည်း…????

ဆရာကြီးသည် ငယ်စဉ်ကာလမှစ၍ ယခုအရွယ်ကျသည့်တိုင်အောင်
ချေးမစင်ကို တရံတခါမျှ မစားသည်ကို များစွါသောလူတို့လည်း
သိကြပါ၏။ငါလည်းသိ၏ l သိသည့်အတိုင်းလည်း
ဟုတ်မှန်လှပေ၏။ယင်းသို့ ဟုတ်မှန်သည့်အတိုင်းကိုပင်
ချီးမွမ်းထောမနာပြုကြပါလျက်ကို အဘယ့်ကြောင့်
မနှစ်လို နိုင်ပါသနည်း…???

ဟုတ်မှန်သည့်အတိုင်းကိုပင်
ချီးမွမ်းထောမနာပြုသည်ကို နှစ်သက်နှစ်လိုရပါမည်
မဟုတ်တုံလောဟု မေးတော်မူ၏။

[၅]

" ချီးမွမ်းထောမနာခြင်းကြောင့်  ယုတ်နိမ့်ပျက်စီးတတ်ပုံ "

ထိုအခါ တရားဟော ဆရာကြီးက အရှင်ဘုရား-ဟုတ်မှန်တိုင်း
ချီးမွမ်းထောမနာကြသည်ကား မှန်ပါ၏။သို့ဖြစ်ငြားသော်လည်း
အလွန်ယုတ်နိမ့်လှစွါသော မစင်ဖြင့် ဂုဏ်တင်၍ ချီးမွမ်းထောမနာ
ကြပါသောကြောင့် တပည့်တော် မခံနိုင်ပါဟု လျှောက်ကြားလျှင်
ဆရာတော် ဘုရားကြီးက ဆရာကြီး - ဟုတ်မှန်သော စကားကို
အများက ချီးမွမ်းပြောဆိုကြငြားသော်လည်း ဆရာကြီး မနှစ်လို
မနှစ်သက်နိုင်သကဲ့သို့ l ထို့အတူ မြတ်စွါဘုရားရှင် ကိုယ်တော်
မြတ်ကြီး၌ မောဟတည်းဟူသော အမိုက်ဆုံး ကုန်ဆုံး ပျက်စီး
လေသောကြောင့် ဘုရားကို အမိုက်ဆုံးဟု ဆရာကြီးပြောသော
စကားသည် ဟုတ်ကားဟုတ်မှန်၏။ သို့သော်လည်း သူတပါးတို့
မနာခံနိုင် မနှစ်သက်နိုင်သော စကားဖြစ်လေသည် ဆရာကြီး။
ဤကဲ့သို့သော စကားကို မပြောကြားလေနှင့် ။

ဆရာကြီး လောက၌ စကားတို့မည်သည် ချီးမွမ်းထောမနာ
တိုင်း ဂုဏ်ဖြစ်စေသည်မဟုတ်။ဂုဏ်ဖြစ်စေသော အရာလည်း
ရှိသည်l ဂုဏ်မဖြစ်စေသော အရာလည်း ရှိသည်l အချို့သော
အရာမှာ ချီးမွမ်းထောမနာခြင်းကြောင့် ယုတ်နိမ့်ပျက်စီး
သွားတတ်သည်။

[၆]

" နေမင်းနှင့် ပိုးစုန်းကြူး နှိုင်းယှဉ်သလို "

ပုံသာဓကမှာ လူတယောက်သည် အရှေ့ကျွန်းဘက်မှ
ထွန်းတက်၍ပေါ်လာသော ရောင်ခြည်တထောင်ဆောင်သော
ဘာဏုရာဇာ နေမင်းကို ချီးမွမ်းထောမနာလိုသောကြောင့်
ပြောကြားသည်မှာ သြော် အရှင်နေမင်းသည် မိမိ အရောင်အဆင်းဖြင့်
ထွန်းလင်းတောက်ပတော်မူလှပါပေ၏။ပိုးစုန်းကြူးတို့ အရောင်
အဆင်းကိုပင်လည်း နှိမ်နင်းပယ်ရှားနိုင်အောင် တောက်ပတော်
မူနိုင်ပါပေသည်။ပိုးစုန်းကြူး အရောင်ထက် သာလွန်ပါပေသည်ဟု
ချီးမွမ်းထောမနာလေ၏။

ဆရာကြီး ဤစကားသည် ဟုတ်မှန်တိုင်းပြောကြားလျက်
နေမင်းကို အကယ်၍ကား ချီးမွမ်းထောမနာပေ၏။ထိုသို့ပင်
ဟုတ်မှန်တိုင်း  ချီးမွမ်းထောမနာငြားသော်လည်း
ချီးမွမ်းထောမနာရာသို့မရောက်။ရှုံ့ချကဲ့ရဲ့သော ဟီနဒေါသ
သို့သာ ရောက်လေသည်။

ဤသို့သော စကားမျိုးသည်  ချီးမွမ်းထောမနာရာသို့မရောက်ဘဲ
ကဲ့ရဲ့ရှုတ်ချရာသို့သာ ရောက်လေသောကြောင့် ထိုကဲ့သို့သော
စကားမျိုးကို မပြောထိုက် မပြောသင့်ဟု မိန့်တော်မူလျှင်
တရားဟောဆရာကြီးနှင့်တကွ များစွါသော ပရိတ်သတ်
အရပ်ရပ်သော တရားနာသူ အပေါင်းတို့သည်
သောင်းသောင်းဖြဖြ ချီးမွမ်းအံ့သြ၍ ထောမနာကြလေကုန်သတည်း………

[၇]

" ယောမင်းကြီးဦးဖိုးလှိုင်နှင့် မြင်းထိန်းငတာ "

အထက်ပါ  သင်္ဂဇာဆရာတော်၏ တရားကို
နာယူဖတ်ရှုရသောအခါ  မင်းတုန်းမင်းလက်ထက်
မြန်မာပညာရှိ စာပေပညာရှင် ယောမင်းကြီးဦးဖိုးလှိုင်က
မိမိပြုစုထားသော ကျမ်းများအား မချီးမွမ်းရန်
တားယူရသော မြင်းထိန်းငတာ အကြောင်းကို
သတိရမိ၏။

ငတာသည် လက်ဝဲရေကြောင်းဗိုလ်မင်းအိမ်မှ
မြင်းများကို ထိန်းကျောင်းပေးနေရသူ ဖြစ်၏။
အလှူတွေ၊ မင်္ဂလာဆောင်နှင့် လူများရာနေရာတို့၌
ရွှေပြည်ဝန်ကြီး (ယောအတွင်းဝန် ဦးဘိုးလှိုင်) ပြုစုသော
ကျမ်းများ မည်ရွေ့ မည်မျှ ကောင်းကြောင်း
အာပေါင်အာရင်းသန်သန်နှင့် ပြောလေ့ရှိ၏။

ဤသတင်းကို ယောမင်းကြီး ကြားသိလေရာ
"ကိုယ်ကျိုးတွေနည်းကုန်ပြီ" ဟု ညည်းရင်း
ငတာအား ဆင့်ခေါ်ကာ
" မောင်တာ ရေ … မောင်မင်းက ငါရေးတဲ့
ကျမ်းတွေကို ကောင်းကြောင်းတွေ လျှောက်ပြောနေတယ်ဆို"
ဟုမေးရာ  မြင်းထိန်းငတာကလည်း ၀မ်းသာအားရ
"မှန်လှပါဘုရား" ဟု လျှောက်ထူးလေသည်။

မင်းကြီး >>>
"မောင်မင်း ဘယ်ကျမ်းတွေအကြောင်း ပြောဖြစ်လဲ"

ငတာ >>>
"ကျွန်တော်မျိုး ၀ိမုတ္တိရသကျမ်း၊ ကာယာနုပဿာနာကျမ်း၊
ဥတုဘောဇနကျမ်းတွေ အကြောင်း ပြောပါတယ်ဘုရား"

မင်းကြီး >>>
"မောင်မင်း အဲဒီကျမ်းတွေ အားလုံး ဖတ်ဖူးသလား ကွယ့်
မှန်ရာ လျှောက်တင်ပါဦး မောင်တာ … " 

ငတာ >>>
"ကျွန်တော်မျိုး အဲဒီကျမ်းတွေကို မမြင်ဖူးပါ ဘုရား…
ဖတ်လည်း မဖတ်ဘူးပါ။ တပါးသူများပြောသံကြားရ၍
လိုက်ပြောနေခြင်း ဖြစ်ပါတယ်ဘုရား" ဟုပြန်ဖြေရာ
ယောမင်းကြီးလည်း မြင်းထိန်းငတာအား

"ငတာရယ် .. ရော့ရော့ ဒေါင်းဒင်္ဂါး ၁၆ ပြားယူသွားချေ။
အဲဒီငွေနဲ့ ပုဆိုးဝယ်ဝတ် ကွဲ့။ နောက်ဆို ငါ့ကျမ်းတွေ
ကောင်းကြောင်း လျှောက်မပြောရင် …
ထပ်ချီးမြှင့် ပါဦးမယ်" ဟုပြောပြီး
ဒေါင်းဒင်္ဂါး ၁၆ ပြားပေးကာ ငတာထံ ကတိကဝတ်
တောင်း၍  ပြန်လွှတ်လိုက်လေတော့သည်။

[၈]

" ပညာနည်းပါးသူတို့ချီးကျူးခြင်းသည် ဂုဏ်ပျက်ပုံ "

ယောမင်းကြီး ဦးဘိုးလှိုင်တယောက်
မြင်းထိန်းငတာအား အလိမ္မာနှင့် တားယူရသည်ကို
ဆင်ခြင်သုံးသပ်ကြည့်ပါက ပညာနည်းပါးသူတို့
ချီးမွမ်းခြင်းကြောင့် ပညာရှိတို့အဖို့ ဂုဏ်မတက်သည့်အပြင်
ဂုဏ်ပျက်တတ်သော သဘောကို တွေ့မြင်နိုင်ပေမည်။

အဘယ်ကြောင့်ဆိုသော် ငတာသည် ယောမင်းကြီး၏
ကျမ်းစာများအား ဖတ်ဖူးသူ မဟုတ်။ စာပေမတတ်သော
သူတဦးဖြစ်သည်ကို ရပ်ရွာက သိထားလေ၏။
ဤသို့သော သူက ယောမင်းကြီးကို ချီးမွမ်းခြင်းသည်
သဘာဝ ယုတ္တိမတန်တော့ပေ။ ထို့အတွက်
ငတာ၏ ချီးမွမ်းခြင်းကို တားမြစ်ကြောင်း
မှတ်ယူမိပေတော့သည်။

" မသိနားမလည်မှုဖြင့် ချီးမွမ်းဂုဏ်ပြုခြင်းကို 
ပညာရှိတို့ နှစ်ခြိုက်တော် မမူ " ဟူ၍
မုချမှတ်ထိုက်တော့၏။

စာအလျဉ်းသင့်တုန်း ပညာရှိတို့ ကန့်ကွက်
ဝေဖန် ကဲ့ရဲ့ခြင်းကို သူတော်ကောင်းတို့
စိုးရိမ်ကြောင့်ကြ ကြီးတတ်ပုံအားလည်း
"သခင်ကိုယ်တော်မှိုင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း "
တို့  အဖြစ်အပျက်က သက်သေခံနေသောကြောင့်
ဆက်လက်ဖော်ပြပါမည်။

[၉]

"သခင်ကိုယ်တော်မှိုင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း "

(28-1-1947) ဇန်နဝါရီလ (၂၈ )  ရက်နေ့တွင်
ဗိုလ်ချုပ်အောင်ဆန်းက လန်ဒန်ဘီဘီစီ အသံလွှင့်ဋ္ဌာနမှ
ြုမန်မာလိုပြောကာ အသံလွှင့်ခဲ့၏။

တနိုင်ငံလုံးမှလည်း ဗိုလ်ချုပ်ပြောကြားမှုအား
မျှော်လင့်ချက်ကြီးစွါဖြင့် စောင့်ဆိုင်း နားထောင်
ကြကုန်၏။

ဗိုလ်ချုပ်အောင်ဆန်း၏ ပြောကြားမှု  အနှစ်ချုပ်မှာ
" အောင်ဆန်း အက်တလီစာချုပ်အရ အလုပ်ဖြစ်မည်ဟု
မိမိယူဆကြောင်း … သို့သော် မြန်မာပြည်သူတို့ အနေဖြင့်
လွပ်လပ်ရေးလမ်းစဉ်ကို မျက်ခြေမပြတ်စေဘဲ
စည်းလုံးညီညွတ်ရေး အင်အားကို ပိုမိုကြီးမားအောင်
အားထုတ်ကြရမည်ဖြစ်ကြောင်း " ပြောကြားလေသည်။

[၁၀]

ဗိုလ်ချုပ်တို့ ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ပြန်ရောက်
သောအခါတွင်လည်း အောင်ဆန်း အက်တလီစာချုပ်ကို
အတည်ပြုရန်  ခက်ခက်ခဲခဲ ကြိုးစားရလေ၏။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းမှာ ဗိုလ်ချုပ်တို့
ဘိလပ်သွား ဆွေးနွေးသည့်ကိစ္စကို မူလကတည်းက
သဘောမကျခဲ့ပေ။ဂျီစီဘီအေ ခေတ်ကလို
ဂျီစီဘီအေ နှစ်ခြမ်းကွဲရသည့်အဖြစ်ကို ဆရာကြီးမှာ
စိတ်တွင် အစွဲကြီးစွဲ၍  အစိုးရိမ်ကြီးနေသောကြောင့်
သဘောမတူခြင်းပင်။

တခါတရံတွင် ဆရာကြီးက
တစုံတဦးအား မကျေနပ်တာ တချက်ထုတ်ပြော
လိုက်လျှင် ထိုအချိန်က သတင်းစာများတွင်
ဆရာကြီးနာမည်နှင့် ဖဆပလ ကို တိုက်ခိုက်သော
စကားများ ပါလာတတ်လေ၏။

[၁၁]

ဗိုလ်ချုပ်အောင်ဆန်းသည် ဘိလပ်မှ ပြန်လာကာစ
တနေ့တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း အိမ်သို့
တကူးတက ရောက်လာတော့သည်။ဆရာ တပည့်
အလ္လာပ သလ္လာပ စကားများ ပြောဆိုပြီးနောက်
ဗိုလ်ချုပ်က ဆရာကြီးအား ဖဆပလကို
ဝေဖန် တိုက်ခိုက်သောစကားများ မပြောရန်
တောင်းပန်လေ၏။ဆက်လက်ပြီး…

" ဆရာကြီး မျှော်မှန်းလာခဲ့တဲ့ လွပ်လပ်ရေးကို
တနှစ်အတွင်းရအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။
တနှစ်လောက်တော့ စောင့်ကြည့်ပေးပါ l ဒီအတွင်း
ဆရာကြီး ဘာမှ မလုပ်ပါနဲ့ဦး " ဟု
တားမြစ်ပြောဆိုလေရာ…

ဆရာကြီး သခင်ကိုယ်တော်မှိုင်းက…

"  ဟေ့ … အောင်ဆန်း …
မင်းက ဆရာလား …???
ငါက ဆရာလား …???  "  ဟု ပြန်မေးလိုက်ပြီး
အတော် စိတ်ဆိုးသွားလေတော့၏။

ဗိုလ်ချုပ်အောင်ဆန်းမှာ
စိတ်ထိခိုက်သွားပြီး ခေတ္တမျှ ငြိမ်သွားလေသည်။
ပြီးနောက် ဆုံးဖြတ်ချက်
အခိုင်အမာ ချပြီး ဟန်ဖြင့် ထပ်ပြောပြန်၏။

[၁၂]

" ဆရာကြီး … ဒီ့အပြင်လူ ဘာပြောပြော…
ကျွန်တော်တို့ မထိခိုက်ပါဘူး … ဆရာကြီးက
ကျွန်တော်တို့ကို ဆန့်ကျင်တဲ့ စကားတခွန်းပြောယင်
တခွန်းထိခိုက်ပါတယ် …ကျွန်တော် အခု
ဂတိပေးတဲ့အတိုင်း တနှစ်ပြည့်လို့ ဘာမှ ဖြစ်မလာ
ဘူးဆိုယင်  ဆရာကြီး လုပ်လိုရာ လုပ်ပါ …

ကျွန်တော်လည်း နိုင်ငံရေး မလုပ်တော့ပါဘူး …
အေးအေးပဲ နေပါတော့မယ် …

အခုပြောတဲ့စကားကို
ဆရာကြီး မှတ်ထားပေးပါ ခင်မျ … "

" ဒီနေ့ ဘာနေ့လဲ  ဦးယော…
မှတ်ထားပေးပါ ဆရာကြီး … "

ဗိုလ်ချုပ်က အနီးအနားတွင် ရှိသော
ဦးယောဘက်လှည့်ကာ တဆက်တည်း
ပြောလိုက်လေတော့သည်။

ဤသို့  အကြိတ်အနှယ် ဗိုလ်ချုပ်က
ဇွဲနပဲကြီးစွါ ဇွတ်ပြော ဇွတ်တောင်ပန်ပြီး သေချာ
ဂတိပေးသော အခါမှ ဆရာကြီး သခင်ကိုယ်တော်
မှိုင်းလည်း စိတ်ပြေသွားကာ
" အေး … စိတ်ချ … ငါဘာမှ မပြောတော့ဘူး … "
ဟု ဂတိပေးလိုက်လေတော့၏။

ဤသည်မှာ ပညာရှိတို့၏  ဝေဖန်ပြစ်တင်ကဲ့ရဲ့
ခြင်းကို သူတော်ကောင်းတို့ စိုးရိမ်ကြောင့်ကြ
ကြီးတတ်ပုံ၏ ထင်ရှားသော သက်သေပင်
ဖြစ်တော့သည်။ ဗိုလ်ချုပ်အဖို့ ဆရာကြီး
သခင်ကိုယ်တော်မှိုင်း၏ အပြစ်တင်ကဲ့ရဲ့
ဝေဖန်ခြင်းကို စိုးရိမ်သည်မှာ သဘာဝကျလှ
ပေတော့၏။ဤသို့ ပညာရှိတို့ကို အလေးထားခြင်း
ပြည်သူအပေါ် ချစ်ခင်ရိုးသားခြင်းများကြောင့်လည်း
ဗိုလ်ချုပ်အောင်ဆန်း မျှော်လင့်ကြိုးစားခဲ့သော
လွပ်လပ်ရေး၏ အသီးအပွင့်ကို မြန်မာပြည်သူတို့
လက်ဝယ်ပိုင်ဆိုင်ရသည်ဟု ဆိုလေက
မမှားနိုင်ပေ။

[၁၃]

" ချီးမွမ်းခြင်းနှင့် ကဲရဲ့ခြင်း " သည်
လောက လူသားအပေါင်းတို့ အမြဲလိုလို
ကြုံကြိုက်တတ်သော အရာများဖြစ်ပေ၏။

ကျွန်တော်တို့သည် ချီးမွမ်းခြင်း တဖြစ်လည်း
ချီးကျူးခံရခြင်းကြောင့် စိတ်ကျေနပ်ဖူးကြသလို
ဆန့်ကျင်ဘက်အနေအားဖြင့် ကဲ့ရဲ့ ရှုံ့ချခံရခြင်း
ဝေဖန်ပြစ်တင်ခံရခြင်းကြောင့်များလည်း
စိတ်မသက်မသာ ဖြစ်ကြဖူးပေမည်။

အောက်ဖော်ပြပါ မန်လည်ဆရာတော်ကြီး
စီရင်ရေးသားသော မဟာသုတကာရီ
မဃဒေဝလင်္ကာသစ်ကြီးမှ "သူကောင်းတယောက်
ပြစ်တင်ကြောက်လော့ "အမည်ရသော
ကောက်နုတ်ချက်ဖြင့် " ချီးမွမ်း ကဲ့ရဲ့ သတိချပ် …"
စာစုအား နိဂုံးချုပ်လိုက်ရပါတော့သတည်း …
………………………………………………
…………………………………………………

" သူကောင်းတယောက် ပြစ်တင်ကြောက်လော့ "

တရားမကြိုက်        လျှာဒုစရိုက်နှင့်
လူမိုက်တသောင်း   ခြီးမွမ်းရှောင်းလည်း
သူကောင်းတစ်ယောက် 
ပြစ်တင် ကြောက်လော့…

ရှေ့နောက်မဆ    လူ့ဗာလတို့
ဂုဏ ဒေါသ          နှစ်ဝ ကျိုးပြစ်
စိစစ် မြှော်မြင်       မဆင်ခြင်ဘူး…

ဆိုချင်မက်မော    ဆိုလျင်ဆောဖြင့်
သဘောအလိုက်   တုတ်နှင့်ရိုက်သို့
သူမိုက် ချီးမွမ်း      ဂုဏ်နာနွမ်း၏။

(မဃဒေဝ၊ပိုဒ်၊၂၆၁)

                                      မောင်သုခ
                                     [25- Nov-2018]