"ဗင်းဆင့်ဗန်ဂိုး "(Vincent Van Gogh)
(နားရွက်တဖက် မရှိသော ပန်းချီဆရာ)
🌌🎼🎵🎶
_________
မောင်သုခ
_____________
****
(၁)
"ဗင်းဆင့်ဗန်ဂိုး "(Vincent Van Gogh)သည်
"ရာချယ်" ခေါ်ရာနောက်သို့ လိုက်ပါလာခဲ့သည်။
အခန်းထဲရောက်သည့်အခါ "ရာချယ်" က
နှုတ်မှ အမေးစကားပြုရင်း
ဗင်းဆင့်၏ ပေါင်ပေါ်တက်ထိုင်လိုက်သည်။
(၂)
ရာ >>>
ရှင် "ရာချယ်" ကို မချစ်တော့ဘူးလားဟင် ဟု
"ရာချယ်" က နှုတ်ခမ်းစူထားပြီးမေးသည်။
ဗင်းဆင့် >>>
ဘာ့ကြာင့် ဒီလို မေးရတာလဲ…???
ရာ >>>
ရှင် ကျွန်မဆီ မလာတာကြာပြီ ။
ဗင်းဆင့် >>>
ချစ်ပါတယ်ကွယ် …
"ရာချယ်" သည် "ဗင်းဆင့်"၏
သေးငယ်ဝိုင်းစက်သောနားရွက်များကို
အသာလိမ်ဆွဲသည်။ထို့နောက် တဖက်ချင်း နမ်းသည်။
"တကယ်ချစ်ရင် သက်သေပြတဲ့ အနေနဲ့ ရှင့်ရဲ့
ရယ်စရာကောင်းတဲ့ နားရွက်ကလေးတွေ
ကျွန်မကို ပေးမလား ..ပေးမယ်လို့
ကတိပေးရမယ်"
"မင်း ဖြုတ်ယူနိုင်ရင် ယူသွားတော့ "
"ကြည့်စမ်းပါဦး နားရွက်ကလေးက
အပ်ချည်နဲ့ တွဲချုပ်ထားသလိုပဲ။
ကျွန်မရဲ့ အရုပ်က နားရွက်ကလေးတွေနဲ့
သိပ်ကို တူတာပဲ "
…………………………………………………………
(၃)
"ဗင်းဆင့်ဗန်ဂိုး "(Vincent Van Gogh)သည်
အထုပ်တခုကို ဆွဲကာ အိမ်မှထွက်လာခဲ့သည်။
လာမာတင်းရပ်ကွက် အတွင်းမှ ဖြတ်ကာ
လူးဝစ္စ၏ ဇိမ်ဂေဟာကြီး ရှေ့သို့
ရောက်သွားသည်။အိမ်ရှေ့မှ
လူခေါ်ခေါင်းလောင်းကြိုးကို ဆွဲသည်။
တံခါးလာဖွင့်သူမှာ အိမ်အစေခံ တယောက်။
ဗင်းဆင့် မှ >>>
"ရာချယ် " ကို ငါ့ဆီလွှတ်လိုက်ပါ။
မကြာမီ ရာချယ် ရောက်လာသည်။
"အော် ရှင်ပါလား ဘာဖြစ်လို့လဲ ဟင် "
"မင်းအတွက် ပစ္စည်း တခု လာပို့တာ "
"ကျွန်မ အတွက်လား...ဘာလဲ လက်ဆောင်လား "
"ဟုတ်တယ် "
"ရှင်ဟာလေ သိပ်ကို သဘောကောင်းတာပဲ "
"သတိထားပြီး သိမ်းပါ။ဒီပစ္စည်းဟာ
ငါ့ရဲ့ အမှတ်တရပစ္စည်း ဖြစ်နေတယ် "
"ဘာလဲ ဟင် "
"ဖွင့်ကြည့်လေ မင်းမြင်ရမှာ ပေါ့ "
(၄)
ရာချယ် သည် အထုပ်မှ
စက္ကူပတ်များကိုဖြည်သည်။
အထဲမှ ပေါ်လာသော နားရွက်ကို
အလန့်တကြား ကြည့်နေသည်။
ထို့နောက် သတိမေ့ကာ လဲကျသွားလေ၏။
ဗင်းဆင့် သည်ချာခနဲ လှည့်ကာ
အိမ်သို့ ပြန်ခဲ့လေတော့သတည်း ………………
………………………………………………
……………………… ****
(၅)
"ဗင်းဆင့်ဗန်ဂိုး "(Vincent Van Gogh)ဟာ
အရောင်နဲ့ စကားပြောတတ်တဲ့
ပန်းချီဆရာတဦးပါ။သူဟာ ဒတ်ခ်ျ လူမျိုးဖြစ်ပြီး
(1853) ခုနှစ် (Mar-30) မှာ ဒတ်ခ်ျ ဘရားဘန့်နယ်
(Dutch Brabant ) ရဲ့ ( Groot Zundert )
ဆိုတဲ့ ရွာလေးမှာ မွေးဖွားခဲ့တာပါ။
သူသေဆုံးတဲ့ အချိန် အထိ
ပန်းချီကားပေါင်း (1600) ကျော်
ရေးသွားခဲ့တယ်လို့ ဆိုကြတယ်။ဗင်းဆင့် မှာ သူ့ကို
အရမ်း ချစ်တဲ့ "'သီအို " လို့ အမည်ရတဲ့
ညီတယောက်ရှိခဲ့တယ်။ဒါဟာ ဗင်းဆင့်
အတွက်တော့ ဘုရားပေးသော လက်ဆောင်
တခုဆိုရင် မမှားပါဘူး။
ဗင်းဆင့်ရဲ့ ပန်းချီကားတွေကို အချိန်တော်တော်
ကြာတဲ့ အထိ သူ့ပန်းချီကားများကို ဝယ်မည့်သူ
တဦးမှ မရှိခဲ့ပါဘူး။ သူမကွယ်လွန်မီ နောက်ဆုံးနှစ်
(1890) ခုနှစ်ကျမှ သူ့မိတ်ဆွေ ပန်းချီဆရာ
တယောက်က သူ့ပန်းချီကားကို ဒေါ်လာ (80) ပေးပြီး
ဝယ်ယူခဲ့တယ်။ အဲဒီ့ အချိန် ကာလကဆိုရင်
ကမ္ဘာပေါ်မှာ ဗင်းဆင့်ဗန်ဂိုးရဲ့ ကန်းချီကားကို
ကြိုက်တဲ့ သူ ဆိုလို့ ဗင်းဆင့်ရဲ့ ညီ
" သီအို " တဦးတည်းသာ ရှိခဲ့တယ်။
ဒါ့ကြောင့် " ဗင်းဆင့် " ရဲ့ ပန်းချီကားတွေ
နောက်မှာ သီအို ရဲ့ အနစ်နာခံ ပေးဆပ်မှုတွေ
ရှိနေတာကို ငြင်းမရပါဘူး။
(၆)
ဗင်းဆင့်ရဲ့ မိတ်ဆွေ ပန်းချီဆရာ
ဝယ်ယူသွားတဲ့ ပန်းချီကားဟာ
"ဆိုက်ပရပ်စ်ပင်နှင့် ပန်းပွင့်နေသောသစ်ပင် " လို့
အမည်ပေးထားတဲ့ ကားပါ။ဒီပန်းချီကားဟာ
တဦးလက်က တဦးကို အဆင့်ဆင့် ကူးပြောင်းရောက်
ရှိခဲ့ပြီးတဲ့နောက် (1978) Feb ဖေဖော်ဝါရီလမှာ
ပြုလုပ်ခဲ့တဲ့ လေလံပွဲမှာ ပြန်ပေါ်လာခဲ့ပါတယ်။
အဲဒီ့ပွဲမှာ ဒေါ်လာငွေ (1.3)သန်းနဲ့
ဈေးပေး ဝယ်ယူခြင်း ခံခဲ့ရတယ်။။အဲဒီ့ အချိန်ကစပြီး
ဒီနေ့အချိန်အထိ "ဗင်းဆင့်ဗန်ဂိုး "ရဲ့
ပန်းချီကားတွေဟာ ဒေါ်လာ သန်းများစွါတန်တဲ့
အဖိုးတန် ပစ္စည်းတွေ ဖြစ်လာခဲ့တာပါပဲ။
(၇)
ဗင်းဆင့် ကနေ သီအို ထံ ပို့ခဲ့တဲ့
စာတစောင်မှာ ရေးသားထားတာက
"ကိုယ်ဟာ ဒီကမ္ဘာကြီးပေါ် နှစ်ပေါင်းသုံးဆယ်ကျော်
လမ်းလျှောက်နေခဲ့ပြီးပြီ။အဲဒီ့ အတွက်
ကျေးဇူးတင်တဲ့ အနေနဲ့ အမှတ်တရ စုဆောင်း
သိမ်းဆည်းထားနိုင်မယ့်ပစ္စည်းတချို့
ထားခဲ့ချင်တယ် ငါ့ညီ ရယ် " လို့
ရေးသားခဲ့တယ်။
(၈)
" ဗင်းဆင့်ဗန်ဂိုး " အကြောင်း
ပြောခဲ့အခါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ
ရင်းနှီးပြီးသား ဖြစ်တဲ့ သီချင်းတပုဒ်အကြောင်း
မဖော်ပြရင် မပြည့်စုံသလို ဖြစ်မှာအမှန်ပါပဲ။
အဲဒါက ထူးအိမ်သင် ဆိုခဲ့တဲ့
" ဗင်းဆင့်ဗန်ဂိုး တမ်းချင်း " အမည်ရတဲ့
သီချင်းလေးပါ။
ဒီသီချင်းကို တေးရေး " ဝင်းမင်းထွေး "
ရေးခဲ့ပြီး ကိုငှက် ဆိုခဲ့တာပါ။
" ဗင်းဆင့်ဗန်ဂိုး တမ်းချင်း " သီချင်းကို
သိသလောက် ပြောတဲ့အခါ ဒေါင်းဥ ကိုစာဝပ်သလို
ဖြစ်မှာတော့ အမှန်ပါပဲ။ ပန်းချီနယ်ပယ်မို့ ကိုယ့်အလုပ်
ဖြစ်နေတဲ့အခါ ဒေါင်းဥကို စာဝပ်ပါရစေ။
ချို့ယွင်းချက် လိုအပ်ချက်ကတော့
ကျွန်တော့် အပြစ်ပါပဲ။
🌌🎼🎵🎶 (a)
((( ကြယ်တွေ စုံပြီလား ......
ဗင်းဆင့်အနားကို လာကြတယ်....... မျက်စိကနေ
ငါကြားတယ်........ တိတ်ဆိတ်တဲ့ ညလယ်ယံမှာ
ခေါ်သံများ........ကြယ်တွေ ရင်ခုန်သလား......
ဗင်းဆင့်သီချင်းကို ဆိုကြတယ်... လွမ်းဘွဲ့
အကြောင်းကို သီဖွဲ့တယ်..... တောင်တန်းများ...
ကတောင်......တုန်ရီနေတုန်းအချိန်....)))🌌🎼🎵🎶
ဒီအပိုဒ်ကတော့ ဗင့်ဆင့်ဗန်ဂိုးဟာ
အဲဒီ့အချိန်အခါက ကြယ်တွေ လတွေကို
ပန်းချီအနုပညာနဲ့ ဖော်ပြမှုမှာ အသက်ဝင်အနုပညာ
မြောက်တယ်လို့ ပန်းချီ အသိုင်းအဝိုင်းမှာ
ဆိုစမှတ်ပြုကြတယ်။ ကြယ်တွေစုံတဲ့အခါ မျိုးဟာ
ဗင်းဆင့်ကို လွမ်းလို့ အကောင်းဆုံးပေါ့။
" မျက်စိကနေ ငါကြားတယ် " ဆိုတဲ့
စကားလုံးက ကြယ်တွေကို မြင်ရရုံနဲ့
ဗင်းဆင့် ဆွဲခဲ့တဲ့ အသက်ဝင်သော ပန်းချီလက်ရာ
တွေကို သတိရစေပြီး သူပြောချင်တဲ့ အကြောင်း
တွေကို ကြားသိရသလို သူ့ဘဝကို
စာနာမိသလို ခံစားရတဲ့အကြောင်း
ရေးဖွဲ့ထားတာပါပဲ။
[၉]
🌌🎼🎵🎶(b)
((( ငါလေနားလည်ပြီ........
ဘာတွေကမ္ဘာအတွက်ပေး.......သွားသလဲ......
ဘာကြောင့်ရူးသွပ်ခြင်းခံသွားလဲ .......
ဒဏ်ရာတွေဟာ မပျောက်နိုင်ဘူးးးးး……
လူတွေက လုံးဝ နားမလည်ကြဘူးလေး.........
ငါတော့ ကြေကွဲနေ...... ချိန်.........
ကြယ်တွေငိုနေသလား.......
ပန်းပွင့်မီးလျှံ ..ဟိုအထက်မှာ..........
ဒုက္ခမိုးတိမ် အို တစ်စစီ..... ငါချစ်တဲ့ ..
ဗင်းဆင့် ပုံလွှာ ထင်ယောင်မှား......
ကြယ်တွေငိုသံများ........
စိုက်ဘရပ်စ်လမ်းဟာ အိပ်မက်လို....
ယိမ်းနွဲ့မှိုင်းဝေအုပ်ဆိုင်းနေ......
အာလူးစားသူတွေရဲ့ မျက်နှာတွေ......
ငါလေ နားလည်ပြီ....... ဘာတွေကမ္ဘာအတွက်
ချန်ထားသလဲ..... ဘယ်လိုရူးသွပ်ခြင်းဒဏ်
ပြင်းထန်နေ........
ဒဏ်ရာများက. မပျောက်နိုင်ဘူး.. လူတွေက
လုံးဝ နားမလည်ကြဘူးလေ....
ငါတော့ ကြေကွဲနေ....တယ်....)))🌌🎼🎵🎶
ဒါကတော့ ကမ္ဘာအတွက် အနုပညာမြောက်
ပန်းချီကားတွေ အနုပညာဒဿနတွေ
ဗင်းဆင့် ထားခဲ့တာကို သီချင်းရေးသူသိမြင်နားလည်
သလို ခံစားရတဲ့အကြောင်းနဲ့ ကြယ်တွေဟာ
ဗင်းဆင့်ကို သတိရနေတဲ့အကြောင်း ကြယ်တွေနဲ့
ဗင်းဆင့်ဟာ ခွဲမရတဲ့ အကြောင်း ။ဗင်းဆင့်ရဲ့
အပြစ်ကင်းတဲ့ ရူးသွပ်ခြင်းကို လူတွေနားမလည်ခဲ့ဘဲ
ဒဏ်ရာတွေ ပေးခဲ့လို့ သီချင်းရေးသူ စာနာကြေကွဲမိတဲ့
သရုပ်ကို ဖော်ထားတာပါ။
[၁၀]
(ဗင်ဂိုး ရဲ့မအောင်မြင်တဲ့ ပန်းချီဆရာဘဝကို
မိဘတွေအပြစ်ဖို့ပြီး သဘောမတူလို့ 
ဗင်ဂိုးချစ်တဲ့ မာဂေါ့ အမည်ရတဲ့ အမျိုးသမီးငယ်ဟာ
အဆိပ်သောက် သေခဲ့ရတယ်။)
( ရာချယ်ဆိုတဲ့ ပြည့်တန်ဆာမလေးဟာ
ဗင်းဆင့်ရဲ့ နားရွက်ကို အမြဲကိုင်ကိုင်ကြည့်ပြီး
သဘောကျကြောင်း နားရွက်လေးကို သူ့ကိုပေးဖို့
ခဏခဏ ပူဆာတတ်တယ်။ဗင်းဆင့်ဟာ
ဘယ်လောက်အထိ ရိုးသားသလဲ ဆိုတော့
ရာချယ်ဟာ သူ့နားရွက်ကို တကယ် လိုလို
ချင်ချင် ရှိတာမို့ တောင်းတာလို့ ထင်ခဲ့ပုံပဲ။
ဒါ့ကြောင့် သူ့နားရွက်ကို တကယ်ဖြတ်
ပေးခဲ့တယ်။
နားရွက်ပြတ်ပြီး ကျန်းမာရေးချို့တဲ့ နေတဲ့အချိန်
ကလေးတွေက ဗင်းဆင့်ကို အရူးကြီး အရူးကြီး
ဆိုပြီး ခဲနဲ့ပစ် လှောင်ပြောင်ကြသလို လူတွေကလည်း
နှာခေါင်းရှုံ့ ကြပေါ့။ဒီဒဏ်ကို သူ တော်တော်
ခံစားလိုက်ရပုံပဲ။နောက်ပိုင်း စိတ်ကယောက်ကယက်
ဖြစ်သွားပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိပေါ့။)
[၁၁]
အာလူးစားသူများ ပန်းချီကားကတော့
သဘာဝကျပြီး တကယ်အသက်ဝင်တယ်။
(1885- Apr) မှာ ရေးဆွဲခဲ့တာပါ။
အခု နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့က
ဗင်းဆင့်ဗန်ဂိုး ပြတိုက်မှာရှိပါတယ်။စားပွဲတခုရဲ့
ပတ်ပတ်လည်မှာ အာလူးစားနေသူတောင်သူ
ငါးယောက်ရဲ့ပုံကိုရေးဆွဲထားတဲ့ ဆီဆေးပန်ချီကားပါ။
ဒီပန်းချီကားအပေါ် ပန်းချီဝါသနာရှင်တွေနဲ့
ပညာရှင်တော်တော်များများက သူတို့ရဲ့
ပန်းချီကားအပေါ် ရှုမြင်ပုံကို အနက်အဓိပ္ပါယ်
အမျိုးမျိုး ဖွင့်ဆိုကြတယ်။
[၁၂]
🌌🎼🎵🎶(c)
((( ကမ္ဘာကို ပိုင်သမျှတော့ ပေးပြီး....
တစ်သက်တာ ဒုက္ခကြီးယူသွားရှာတယ်... ဒါဟာ
ပါရမီတစ်ခုလေအလား.... လူတွေအတွက်
ဘ၀ကို ရင်းလို့စတေးရှာလားးးးးး
ဒီည ငါ........... ငိုနေပြီ .......)))🌌🎼🎵🎶
ဒီအပိုဒ်ကတော့ ဗင်ဂိုး ဟာ သူ့ဘဝ
အချိန်တွေ အားလုံးကို အနပညာဖန်တီးမှုအတွက်ပဲ
ပေးဆပ်ခဲ့တာပါ။ပန်းချီဆွဲဖို့ အတွက်
မိသားစုကိုတောင် စွန့်လွှတ်ခဲ့တယ်။တည်ငြိမ်တဲ့
ဘဝတခုကို သူ့ရဲ့ ညီ သီအို က ဖန်တီးပေး
တော့လည်း စွန့်လွှတ်ခဲ့တာပဲ။သူ့ရှင်သန်မှုကတော့
တသက်တာ ဒုက္ခနဲ့ အချိန်ပြည့်နပန်းလုံး ခဲ့ရပေါ့။
သူဟာ ပန်းချီ ရေးဖို့ တခုတည်းကိုသာ
အာရုံစိုက်ခဲ့ပြီး ကမ္ဘာပေါ်မှာ ရိုးသားစွါ
ရှင်သန်နေထိုင် သွားသူ တယောက်ပါ။
ပန်းချီပေါ်ရူးသွပ်လွန်းလို့ စွပ်ပြုတ်ပန်းကန်ထဲ
ပန်းချီဆေးတွေ တမင်ထည့်သောက်တဲ့အထိပါပဲ။
ဒီအတွက် " ဂေါ်ဂင် " နဲ့ စကားများကြသေးတယ်။
သတိမေ့ပြီး စွပ်ပြုတ်ပန်းကန်ထဲ ဆေးတွေထည့်တယ်လို့
ကျွန်တော်တော့ မထင်မိဘူး။အရောင်တွေနဲ့ တသားတည်း
ဖြစ်လိုတဲ့ အနုပညာ ရူးသွပ်မှု တခုကြောင့်
ဒါမျိုးလုပ်တယ် မြင်မိတယ်။
[၁၃]
"ဗင်းဆင့်ဗန်ဂိုး "(Vincent Van Gogh) ရဲ့
ဘဝ အဆုံးသတ်ပုံဟာ မလှပါဘူး။
နောက်ဆုံး ပန်းချီကား တချပ်ကို
ရေးဆွဲပြီးတဲ့နောက်သူ့ကိုယ်သူ သေနတ်နဲ့
ပစ်သတ်လို့ သေသွားခဲ့တာ (1890)ခုနှစ်က
ဆိုတော့ အခုဆို နှစ်ပေါင်း (130) ဝန်းကျင်
အချိန်ကြာခဲ့ပါပြီ။ဒီလောက် အချိန်တွေကြာခဲ့ပေမယ့်
ဗင်းဆင့်ရဲ့ နာမည် မသေသေးပါဘူး။
သူ့ရဲ့ နားရွက်တဖက်ကိုလည်း
ဗင်းဆင့်ရဲ့ ပန်းချီကားတွေမှာ ဒီနေ့အထိ
မြင်တွေ့ရဆဲ ဖြစ်နေလေတော့သည်တကား……………
………………………………………………
……………………………………………………………
မောင်သုခ
(1-Sep-2018)
ဗင်းဆင့်ဗန်ဂိုးတမ်းချင်း
: https://youtu.be/DC06BQO-evE
**** to **** ကို
(1)
LUST FOR LIFE
(IRVING STONE)
ဘာသာပြန်သူ >>>
မောင်ထွန်းသူ
(ရမ္မက်မီး)မှ ကောက်နုတ်
ဖော်ပြသည်။