" အမှားနှင့် အမှန် "
(၁)
မိမိ အမှားကို ထောက်ပြသူဟာ ရွှေအိုးပေးသူနဲ့
ထပ်တူညီပါသတဲ့ ။ဒီနေရာမှာ သုံးနှုန်းထားတဲ့ ' ရွှေအိုး ' ဟာ
" ပညာရွှေအိုး လူမခိုး " ဆိုတဲ့ မှန်ကန်သော အသိအမြင် ကို
ရည်ညွှန်းတယ်လို့ ဆိုချင်ပါတယ်။အကြောင်းကိစ္စတခုခုအပေါ်
မှားသော အသိအမြင် လက်ဝယ်ပိုင်ဆိုင်ထားပြီး ၎င်းအမှားကို
အမှန်ထင်ပြီး ပြုမူပြောဆို နေထိုင်ရှင်သန်နေသူရဲ့ အမှားကို
ထောက်ပြပြောဆိုသူဟာ မှန်ကန်သော အသိအမြင်
ရွှေအိုးပေးသူ မည်ပါပေတယ်။
" ခေတ်ကာလ ရွှေ့လျားလာတဲ့ ယနေ့အခါသမယကို
ဆင်ခြင်သုံးသပ်ကြည့်ရင် မိမိကိုယ်မိမိ ထင်တလုံးနဲ့
ငါလုပ်သမျှ ငါပြောသမျှ အမှန်ဆိုတဲ့ ပညာမာနငယ်ထိပ်ရောက်လို့
ငါမှငါ ဆိုသူတွေ များလာတာကို သတိပြုမိပါတယ်။ "
ဆိုလိုချင်တာက မိမိရဲ့ ပညာမာန အကာအကွယ်မှိုင်းမိပြီး
အမှားကို အမှန်ထင်သူတွေ များလာတယ်လို့ ဆိုချင်တာပါ။
မိမိအမှား ထောက်ပြသူကို ရန်ပြန်လုပ်တာမျိုးအပြင်
လက်ကိုင်ပြုထားတဲ့ အမှားကြီးကို မလွှတ်တမ်းကိုင်ဆွဲထားကြ
တာမျိုးလည်း ပညာတတ် လူတော်တွေမှာကအစ မြင်ရပါတယ်။
သူမှန်တယ်ထင်နေတဲ့ အမှားကို ထောက်ပြဖို့အမှန်နဲ့အစားထိုးပြဖို့ကို
အတော်လေး ခက်ခဲတာမျိုးလည်း တွေ့ရကြောင့် ဥပေက္ခာ ပြုလိုက်ရတာ
ပိုများပါတယ်၊
ဒီနေရာမှာ ခဏရပ်ပြီး စာရှုသူဟာ အထက်ပါလူစားမျိုးမှာ
မိမိ ပါဝင်နေသူလားလို့ စဉ်းစားဆင်ခြင်သုံးသပ်ဖို့ အကြံပြုပါရစေ။
ပါဝင်နေရင်တော့ ချက်ခြင်းလက်ငင်း ပြုပြင်လိုက်ဖို့
နောက်မကျသေးတာကို အသိပေးလိုပါတယ်။
(၂)
မိမိအမှားကို ထောက်ပြပြောဆိုသူ ရှိလာရင် ထိုလူစားမျိုးမှာ
၁။ အသိအမြင် ဝမ်းစာ အတန်အသင့် ပြည့်ဝသူ
၂။ အသိအမြင် ဝမ်းစာ မပြည့်ဝသူ
ဆိုပြီး ရှိတတ်ပါတယ်။ မိမိအမှားကို ထောက်ပြ ပြောဆိုလာပြီ
ဆိုကတည်းက ထိုသူနှစ်မျိုးလုံးဟာ ရွှေအိုးပေးသူတွေချည်းမို့
မထီမဲ့မြင် မပြုထိုက်ပါဘူး။တချို့မြင်ရတာလေးမှာ
အသိအမြင် ဝမ်းစာမပြည့်ဝသူနဲ့ အတန်အသင့်ပြည့်ဝသူတွေဟာ
စေတနာကြောင့် တစုံတယောက်ရဲ့ တခုခု အမှားကိုထောက်ပြပြောဆိုမှုအပေါ်
အလှောင်ခံရတာမျိုးတွေ ရန်ပြန်လုပ်ခံရတာမျိုးတွေ မြင်ရတော့
" ပြောင်းပြန် ကမ္ဘာ" ကြီးဖြစ်နေပြီလို့တောင် ဆိုချင်ပါတယ်။
" အများစု မြင်တွေ့ရတာက မိမိ မှားလို့ မှားမှန်းမသိတာနဲ့
မှားနေလျက်နဲ့ ပညာမာန်မာနကြောင့် အမှားကို သိလျက်နဲ့
ဆက်မှား သူတွေပါပဲ။ "
မှားလို့ မှားမှန်း မသိသူဟာ အမှားကို ခိုင်မာတဲ့
အချက်အလက်နဲ့ ထောက်ပြတဲ့အခါ ပြုပြင်လွယ်သူ
ဖြစ်တတ်ပြီး မှားနေလျက်နဲ့ ပညာမာန်မာနကြောင့်
အမှားကို သိလျက် ဆက်မှားသူဟာတော့ ပြုပြင်ခက်သူ
အမှန်ကိုလက်ခံဖို့ ခက်ခဲသူတွေ ဖြစ်နေတတ်ပါတယ်။
"'စာရေးသူကတော့ ဒီလို ဒုတိယအမျိုးအစားကို လူမိုက်အမျိုး
အစားအဖြစ် သတ်မှတ်ပြီး အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါတယ်။
သူမှားတာကို သူသိတာက တချက်။ပညာမာန ခံနေတာက
တချက်။မိမိစေတနာကို ရန်တုံ့ပြန်တတ်တာကတချက်။ "
ဒီလိုလူမျိုးရဲ့ အမှားကို ထောက်ပြဆွေးနွေးတဲ့အခါ
မိမိ အပင်ပန်းခံရှာဖွေထားတဲ့ အချက်အလက်တွေကို
လွန်စွါ နှမြောလို့ပါပဲ။အချိန်ကုန် အကျိုးမရှိ ဖြစ်ဖူးတာလည်း
အခါ မနည်းလို့ ကိုယ့်အချိန်နဲ့ အချက်အလက်တွေကို
ဒီလိုလူုမျိုးအတွက် မသုံးတော့ဘဲ ပထမ အမျိုးအစားဖြစ်တဲ့
မှားလို့ မှားမှန်းမသိသူအတွက် သုံးတာမျိုးနဲ့ အားလုံးကို
မျှဝေလိုက်တာမျိုးအတွက်ပဲ သုံးပါတယ်။ထိုသူ မိမိမျှဝေမှုကို
ဖတ်မိပြီး သတိပြုချင်လည်းပြု မပြုလို့ ဆက်မှားလည်း
သူ့ရွေးချယ်မှုပါပဲ။ဘဝနေထိုင်မှု မတူညီမှု အပေါ် မျှခြေချဖို့
အရာဟာ အလွန်ရှားပါးတယ် မဟုတ်လား ။
ဒီလို လူမျိုးကို ဘုရားရှင်ကလည်း ဆိုဆုံးမခက်သူ
အပြောအဆိုခက်ကြောင်းတရားတို့နှင့် ပြည့်စုံသူဆိုပြီး
မဇ္ဈိမနိကာယ် >>> အနုမာနသုတ်မှာ အောက်ပါအတိုင်း
ဟောကြားထားပါတယ်။
(၃)
" ဘုရားရှင်ဟောကြားသော အပြောအဆို ခက်ကြောင်းတရား…"
ငါ့သျှင်တို့ အပြောအဆိုခက်ကြောင်းတရားတို့ဟူသည် အဘယ်တို့နည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အလိုဆိုးရှိ၏၊ အလိုဆိုးတို့၏ အလိုသို့ လိုက်တတ်၏၊ ငါ့သျှင်တို့ ရဟန်း၏ ဤအလိုဆိုးရှိခြင်း အလိုဆိုးတို့၏ အလိုသို့လိုက်ခြင်း သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် မိမိကိုယ်ကို မြှင့်တင်တတ်၏၊ သူတစ်ပါးကို ရှုတ်ချတတ်၏၊ ငါ့သျှင်တို့ ရဟန်း၏ ဤမိမိကိုယ်ကို မြှင့်တင်ခြင်း သူတစ်ပါးကို ရှုတ်ချခြင်း သဘောသည်လည်းအပြောအဆို ခက်ကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အမျက်ထွက်တတ်၏၊ အမျက်လွှမ်းမိုးခံရ၏၊ ငါ့သျှင်တို့ရဟန်း၏ ဤအမျက်ထွက်ခြင်း အမျက်လွှမ်းမိုးခံရခြင်း သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အမျက်ထွက်တတ်၏၊ အမျက်ထွက်ခြင်းအကြောင်းကြောင့် ရန်ငြိုးဖွဲ့တတ်၏၊ ငါ့သျှင်တို့ ရဟန်း၏ ဤအမျက်ထွက်ခြင်း အမျက်ထွက်ခြင်းအကြောင်းကြောင့်ရန်ငြိုးဖွဲ့ခြင်း သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အမျက်ထွက်တတ်၏၊ အမျက်ထွက်ခြင်းအကြောင်း ကြောင့်အစွဲကြီး၏၊ ငါ့သျှင်တို့ ရဟန်း၏ ဤအမျက်ထွက်ခြင်း အမျက်ထွက်ခြင်းအကြောင်းကြောင့် အစွဲကြီးခြင်းသဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အမျက်ထွက်တတ်၏၊ အမျက်နှင့်နီးစပ်သော စကားကိုမြွက်ဆိုတတ်၏။ ငါ့သျှင်တို့ ရဟန်း၏ ဤအမျက်ထွက်ခြင်း အမျက်နှင့်နီးစပ်သော စကားကို မြွက်ဆိုခြင်း သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် စောဒကက စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြု၏။ ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုခြင်းသဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် စောဒကက စောဒနာသော် စောဒကကို ကြိမ်းမောင်း၏။ ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို ကြိမ်းမောင်းခြင်းသဘောသည်လည်းအပြော အဆိုခက်ကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် စောဒကက စောဒနာသော် စောဒကကို (အပြစ်) ပြန်တင်၏။ ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို (အပြစ်) ပြန်တင်ခြင်းသဘောသည်လည်း အပြောအဆို ခက်ကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် စောဒကက စောဒနာသော် စောဒကကို စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်း၏၊ စကားကို အပသို့ လွှဲဖယ်၏၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်းစိတ်ဆိုးခြင်းကို ထင်ရှားပြု၏။ ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းခြင်း စကားကို အပသို့ လွှဲဖယ်ခြင်း အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုခြင်းသဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် စောဒကက စောဒနာသော် စောဒကအား ဖြစ်စဉ်အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်။ ငါ့သျှင်တို့ ရဟန်း၏ ဤစောဒကက စောဒနာသော် စောဒကကို (မိမိ၏) ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်ခြင်းသဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ဂုဏ်ကျေးဇူးကို ချေဖျက်တတ်၏။ ဂုဏ်ပြိုင်တတ်၏။ ငါ့သျှင်တို့ ရဟန်း၏ ဤဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း ဂုဏ်ပြိုင်ခြင်း သဘောသည်လည်းအပြောအဆိုခက် ကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် မနာလိုတတ်၊ ဝန်တိုတတ်၏။ ငါ့သျှင်တို့ ရဟန်း၏ဤမနာလိုခြင်း ဝန်တိုခြင်းသဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် စဉ်းလဲတတ်၏၊ လှည့်ပတ်တတ်၏။ ငါ့သျှင်တို့ ရဟန်း၏ဤစဉ်းလဲခြင်း လှည့်ပတ်ခြင်း သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ခက်ထန်၏၊ အလွန်မောက်မာ၏။ ငါ့သျှင်တို့ ရဟန်း၏့ဤခက်ထန်ခြင်း အလွန်မောက်မာခြင်း သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။
ငါ့သျှင်တို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် မိမိအယူကို စွဲလန်းတတ်၏၊ မြဲမြံစွာ ယူတတ်၏၊ စွန့်နိုင်ခဲ၏။ ငါ့သျှင်တို့ ရဟန်း၏ ဤမိမိအယူကို စွဲလန်းခြင်း မြဲမြံစွာယူခြင်း စွန့်နိုင်ခဲခြင်း သဘောသည်လည်း အပြောအဆိုခက်ကြောင်းတည်း။ ငါ့သျှင်တို့ ဤသဘောတို့ကို အပြောအဆိုခက်ကြောင်းတို့ဟူ၍ဆိုရ၏။
(၄)
" အမှား နဲ့ အမှန် " အကြောင်းလေးကို
ဥာဏ်မှီသလောက်လေး ဆက်ဆွေးနွေးရရင် မိမိလက်ရှိ အမှန်လို့
လက်ခံထားတဲ့ အချက်အလက်တွေဟာ နောက်နှစ်အနည်းငယ်မှာ
အသစ်ရှာဖွေ တွေ့ရှိချက်ကြောင့် အမှားအဖြစ်ပြောင်းလဲ
သွားနိုင်တာမျိုးတွေဟာ မုချ အမှန်တရားမဟုတ်တာမို့
ဒါမျိုးအချက်အလက်တွေကို ယတိပြတ် အမှန်လို့
ပြောဆိုဖို့ မသင့်တော်တဲ့ အချက်အလက်တွေပါ။
ဒါမျိုး အချက်အလက်တွေကို အများစုဟာ ဘယ်တော့မှ
မဖောက်မပြန်မှန်ကန်တဲ့ အချက်အလက်တွေအဖြစ် ကိုးကား
သုံးစွဲမိတတ်ကြသလို ကိုးကားသုံးစွဲကြတာကိုလည်း တွေ့ရပါတယ်။
ကျွန်တော်တို့ဟာ အမှန်လို့ တင်ပြမယ့်အချက်အလက်တခုကို
အကောင်းဆုံး စိစစ်တင်ပြရပါမယ်။အစွန်းတွေကလည်း
လွတ်အောင် အတတ်နိုင်ဆုံး ရှောင်ကြဉ်ရပါမယ်။
ဒါမှလည်း မိမိပတ်ဝန်းကျင်နဲ့ နှောင်းလူတွေ အကျိုးရှိမယ့်
အရာမျိုးဖြစ်မှာပါ။မဟုတ်ရင်တော့ မိမိ ပြောခဲ့သမျှ လုပ်ခဲ့သမျှဟာ
လောကရဲ့ အမှန်တရားတံမြက်စည်း လှည်းချိန်အောက်မှာ
အမှိုက်အဖြစ်နဲ့ အလှည်းကျင်းခံရပြီး မိမိမျိုးဆက်ပါ
သိက္ခာကျ အရှက်ရစေမယ့်အပြင် လောကအတွက်လည်း
အမှိုက်သာ ဖြစ်စေပါလိမ့်မယ်။
"ကြမ်းကျွံတာ နှုတ်ရပေမယ့် စကားကျွံရင်တော့ နှုတ်မရ "
ဆိုတာဟာ လက်တွေ့မျက်မြင် တိကျ မှန်ကန်တဲ့ စကားမဟုတ်လား။
(၅)
" အမှန်အမှားနှင့် အချိန်ကာလ "
" အမှန်တရားနှင့် အချိန်ကာလ" အကြောင်းပြောရရင်
အချို့သော မှန်ကန်မှု တွေဟာ အချိန်ကာလ အတိုင်းအတာ ရှိတတ်ပါတယ်။
ပြောင်းလဲနေတဲ့ လောကမှာ အများစုမှန်ကန်မှုတွေဟာ အချိန်ကာလ
ကြာရှည်တောင့်မခံနိုင်ကြဘဲ အမှန်ကနေ အမှားလုံးလုံး ပြောင်းလဲ
ဖြစ်တည်သွားတတ်ပါတယ်။ဒီတော့ ကျွန်တော်တို့ မှန်တယ်ထင်ထား
သုံးသပ်ဆုံးဖြတ်ထားတဲ့ အချက်အလက် အကြောင်းအရာတွေ
မှားတယ်ထင်ထားတဲ့ အချက်အလက်အကြောင်းအရာတွေဟာ
ခေတ်ကာလနဲ့ အချိန်ကာလကို ဘယ်လောက်အထိ အံတုနိုင်မလဲ
ဆိုတာလည်း မေးခွန်းထုတ်စရာ သုံးသပ်ဆင်ခြင်စရာ
ဖြစ်သွားပါတယ်။အခန့်မသင့်ရင် မိမိအချက်အလက် ခိုင်မာမှုမရှိရင်
ဒီနေ့ မိမိသုံးသပ်ထားတဲ့ အမှန်ဟာ မနက်ဖြန်မှာ အမှားလုံးလုံး ဖြစ်သွားနိုင်ပြီး
ဒီနေ့ မိမိသုံးသပ်ထားတဲ့ အမှားဟာလည်း မနက်ဖြန်မှာ အမှန်လုံးလုံး ဖြစ်သွား
နိုင်ပါတယ်။ဒါ့ကြောင့်လည်း ဗုဒ္ဓဘာသာဝင်တွေ ပြောလေ့ရှိကြတာက
" ဗုဒ္ဓ ဝစနံ သစ္စံ l လောက ဝစနံ သစ္စံ န သစ္စံ " ဗုဒ္ဓရှင်တော်မြတ် မိန့်မှာတာဟာ
သစ္စာထိုက်သော စကားမို့ အချိန်ကာလ မရွေး အမြဲမှန်ကန်တယ်။
လောကစကားကတော့ မှန်တာရော မှားတာရော ရှိတယ်လို့ ဆိုကြပါတယ်။လောကစကားဆိုတာကတော့ လောကက လူတွေပြောတဲ့ စကားကို
ရည်ညွှန်းတာပါ။
(၆)
" အမှန်အမှားနှင့် ရှုထောင့် "
ဖြစ်ပေါ်သမျှ အကြောင်းအရာတိုင်းအပေါ် အမှန် အမှား သုံးသပ်
အဖြေထုတ်မှုမှာ ရှုထောင့်ဆိုတာ ရှိပါတယ်။ရှုထောင့်ဆိုတာက
သုံးသပ် အဖြေထုတ်သူ ဘယ်ရှုထောင့်က ကြည့်သလဲ …???
ဘယ်ရှုထောင့်ရဲ့ အမြင်အသိအပေါ် အဖြေထုတ်ထားသလဲ …???
ဆိုတာပါ။
ဒီ ရှုထောင့် မတူညီမှုဟာလည်း အသိအမြင် မတူညီမှု l
အဖြေမတူညီမှု l အမှားအမှန် မတူညီမှု l ဝေါဟာဟာရ သုံးစွဲမှု
မတူညီမှု စတာတွေကို ဖြစ်စေပါတယ်။ရှုထောင့်ထပ်တူညီမှုမှာတောင်
ဆန့်ကျင်ကွဲပြားတတ်တဲ့ အဖြေနဲ့ အကြောင်းအရာတွေ ပေါ်ပေါက်နိုင်
တာမို့ ရှုထောင့်မတူညီမှုမှာ ဖြစ်ပေါ်လာမယ့် မတူညီကွဲပြားမှုတွေဟာတော့
အလွန်တရာများပြားလွန်းလှပါတယ်။
(၇)
" အမှားအမှန်နှင့် စံ "
ဒီအတွက် သတ်မှတ်ချက် စံတွေအသီးသီး
ကိုယ်စီ သက်ဆိုင်ရာအခြေပြုမှုတွေမှာ ရှိကြပါတယ်။ဒီစံက ကင်းကွာပြီး
မိမိသဘောနဲ့ မိမိ ရှုထောင့်အသစ်က အဖြေထုတ်မှုတွေဟာလည်း
သက်ဆိုင်ရာ အခြေပြုမှုနဲ့ ဘယ်လိုမှ ပက်သက်ဆက်နွယ်ခြင်းမရှိတာကိုတော့
လင်သင့်ခံကြရပါမယ်။
ဥပမာတခုအနေနဲ့ ပြောရရင် နှစ်ပေါင်း နှစ်ထောင်ကျော်ပြီဖြစ်တဲ့
ဗုဒ္ဓဘာသာ ထေရဝါဒ မှာ ဆဋ္ဌသင်္ဂါယနာနဲ့ ပါဠိ မြန်မာ အနက်ပြန်ထားမှုတွေ
ရှိကြပါတယ်။ဒါကတော့ မြန်မာပြည်ထေရဝါဒ အတွက် စံပါပဲ။ဒီစံက ကင်းလွတ်
ပြီး " ငါ့လှေငါထိုး စစ်ကိုင်း ရောက်ရောက်" ပါဠိ နဲ့ အနက်ဖွင့်ဆိုမှုတွေဟာ
ထေရဝါဒနဲ့ ပက်သက်ဆက်နွယ်ြခင်းမရှိဘဲ မိမိတဦးတည်းရဲ့
ပုဂ္ဂလိက သက်သက် အမြင်နဲ့ လုပ်ရပ်သာဖြစ်ပါလိမ့်မယ်။
ဒါကတော့ စံ ကို သိလိုရင်းပါ။ဒါကို အခြေပြုပြီး အခြားအကြောင်းအရာ
တွေအတွက် စံ ကိုအခြေပြုပြီး ချဲ့ထွင် ယူဆကြည့်နိုင်ပါတယ်။
" ဒီရှုထောင့် မတူညီမှုဟာ အလွန်ကြီးမားတဲ့ ကွဲလွဲမှုတွေရဲ့
ရေသောက်မြစ်ဖြစ်တတ်ပြီး ဒါကို ရှင်းလင်းဖို့ကတော့ စံ လိုအပ်ပါတယ်။ "
ဥပမာ အနေနဲ့ ထပ်မံညွှန်ပြရရင် နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ
နိုင်ငံအလိုက် ဥပဒေ ကိုယ်စီ ရှိကြပါတယ်။
ဒါဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ဘဝနေထိုင်မှုကို
သတ်မှတ်ပုံစံချထားတဲ့ စံပါပဲ။ဒီစံ ကို မလိုက်နာနိုင်သူဟာ
ဒီနိုင်ငံက ထွက်သွားဖို့သာရှိပါတယ်။အခြားနည်းအရ ဒီ စံ ဟာ
ပြည်သူများရဲ့ သဘောတူညီချက်မဟုတ်ရင် ဒီ စံ ကို အသစ်ပြောင်းလဲဖို့
ပြည်သူတွေက ကြိုးစားကြရပါမယ်။စံတခုကတော့ မရှိလို့ မဖြစ်ပါဘူး။
သူက ထင်းတစည်းအရ ဥပမာပြု ဆိုရရင် မတူညီတဲ့ ထင်းချောင်းတွေကို
သေသေသပ်သပ် ညီညီညာညာ စည်းတုပ်ပေးမယ့် ကြိုးတချောင်းနဲ့
တူနေလို့ပါပဲ။ဒီတော့ကာ " သုံးလွန်းတင်မှကြိုး " ဆိုတဲ့ စကားအရ
သူဟာလည်း တိကျခိုင်မာတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ခိုင်မာတဲ့
ကြိုးတချောင်းဖြစ်ဖို့တော့ လိုအပ်ပါတယ်။ဒါမှလည်း စံ ပြုထိုက်
စံ ထားထိုက်မယ် မဟုတ်လား ။
" အမှန် အမှား " အကြောင်းကို
ရှုထောင့် အသီးသီးက လက်လှမ်းမှီသလောက် ဆွေးနွေးပြီးပါပြီ။
စာရှုသူ မိတ်ဆွေများ တခုခု အသိအမြင် ရလိုက်ပါစေလို့ ဆန္ဒပြုရင်း
သိလိုတာက >>>>>
မိတ်ဆွေ သင်သိမြင်ထားတဲ့
" အမှန် အမှား " က ဘယ်လိုမျိုးလဲ …???
မျှဝေခဲ့ပါဦး ……………………………………
မောင်သုခ
(1- March-2017) edited…