Saturday, November 26, 2016

မောင်အိမ်မြှောင် နှင့် ဘိန်းစားအရှောင်

" မောင်အိမ်မြှောင် နှင့် ဘိန်းစားအရှောင် "

မောင်အိမ်မြှောင် သည် လူတယောက်မဟုတ်သည်ကို
အမည်ဖတ်မိသည်နှင့် စာရှုသူ သိလောက်ပြီထင်သော်လည်း
တိတိကျကျ ဖြစ်ရန်အလို့ငှာ မောင်အိမ်မြှောင် သည်
အိမ်မြှောင် တကောင်ဖြစ်ကြောင်း အသိပေးလိုပါသည်။

မောင်အိမ်မြှောင် နေထိုင်သည်မှာ တရုတ်ဘိန်းစားတန်းမှ
ဘိန်းအစားဆုံး ဧတဒဂ် ရနိုင်သည့် အရှောင်၏ တိုက်ခန်း
စုတ်တိစုတ်ပြတ်တွင်ဖြစ်၏။အရှောင်မှာ မိဘ ဘိုးဘွားများ
ထားရှိခဲ့သည့် စည်းစိမ်ကို ဘိန်းနှင့်လဲလှယ်ကာ ဘိန်းရှူသော
ရှေးဟောင်းပစ္စည်း အရောင်းအဝယ်သမားဖြစ်သည်။

အရှောင်၏ အလုပ်သည် လောလောလတ်လတ် တရုတ်ပြည်မှ
မှာယူရရှိသော နွားချိုပန်းပုများကို ကြံ့ချိုဟူ၍ လည်းကောင်းl
ပန်းချီ ကြွေထည်များကို တရုတ်နန်းတွင်းသုံး ရှေးဟောင်း ပန်းချီ
ကြွေထည်များ ဟုလည်းကောင်း လိမ်ညာလှည့်ဖျား၍ ရန်ကုန်ရှိ လောဘအိုး
ကုလားသူဋ္ဌေးများထံ ရောင်းချနေသူဖြစ်၏။ကုလားသူဋ္ဌေးများမှတဆင့်
ဗမာသူဋ္ဌေးများက တဖန်ဝယ်ယူသည်ဟု အရှောင်ကြားမိသည်။

အရှောင် ဘိန်းအလွန်ရှူ၏။ အရှောင်နှင့် ဘိန်းရှူဖော်
့ဘိန်းရှူဖက်ကား စာဖတ်သူကို ကနဦးမိတ်ဆက်ပေးခဲ့သော
လူကြီး လူကောင်း မဟုတ်သည့် အိမ်မြှောင်ကြီး အိမ်မြှောင်ကောင်း မောင်အိမ်မြှောင် ဖြစ်၏။

အရှောင် ဘိန်းရှူ၍  လွင့်တက်လာသော အငွေ့များကို
မောင်အိမ်မြှောင် အမြဲရှူနေကြ။ထိုထို နေ့များသည်
မောင်အိမ်မြှောင် အတွက် နတ်ပြည်။သာယာပေစွ အိမ်မြှောင်ဘဝ။

တခါ တခါ အရှောင်ဘိန်းမရှူသည့် နေ့များတွင်
မောင်အိမ်မြှောင် တယောက် ဘိန်းငတ်၍ ပျာယာခတ်လေတော့သည်။
မည်းမည်း မြင်ရာ ပိုးကောင် လိပ်ပြာ သေဖို့သာကြံ။
ဒေါသတကြီး ရန်ရှာ၏။သတ်ဖြတ်၏။မိမိ အမျိုးတူ အိမ်မြှောင်လည်း
မလွတ်။အမြီးပြတ် လက်ပြတ်သည်မှ စ၍ သေသည်အထိ
ကိုက်ခဲ ရန်လုပ်တတ်၏။ကြောက်စရာ ဘိန်းဖြူပါတကား။
တိရစ္ဆာန်ပင် လူလိုဘိန်းစွဲချေပြီ။လူလို ဘိန်းငတ်သဖြင့်
ရမ်းကား ဆိုးသွမ်းလေပြီ။

တရက် အရှောင် ဘိန်းရှူရာမှ တဆင့်တက်ကာ
သူငယ်ချင်းအိမ်တွင် လုပ်သည့်အတိုင်း လက်ဖျံထဲ ထိုးထည့်၏။
သွေးကြော နေရာလွဲသဖြင့် မာလကီးယားချေပြီ။
အရှောင် သေလေပြီ ။ဒါကို ကွက်ကွက်ကွင်းကွင်း
မြင်လိုက်ရသော မောင်အိမ်မြှောင် တကောင်
သွေးရူးသွေးတန်း ဖြစ်လေတော့သည်။စိတ်ပျက်လက်ပျက်
ဖြစ်လေတော့သည်။

မောင်အိမ်မြှောင် သည် လူတယောက်ဆိုက
ပြဿနာမဟုတ်။အရှောင် သေသွားသော်လည်း
အရှောင် ဘိန်းဖွက်သည့်နေရာကို သူသိသည်၊
အဆင်သင့် ဘိန်းငတ်လျှင် ယူ၍ ရှူရုံသာ။
ယခုတော့ မောင်အိမ်မြှောင်သည် အိမ်မြှောင် တကောင်
ဖြစ်နေ၍ ဒီလိုလုပ်မရ ။တရက်ထက် တရက် ဘိန်းကလည်း
အလွန်ငတ်လာလေ မောင်အိမ်မြှောင် တကောင်
အရှောင်၏ မှောင်မည်းနေသော တိုက်ခန်းအတွင်း
ယင်းထ၍ သွေးရူးသွေးတန်းဖြစ်လေပင်။

မောင်အိမ်မြှောင် တကိုယ်လုံးလည်း ဒဏ်ရာအပြည့်။
အမြီးလည်း ထိပ်ဖျား အနည်းငယ် ပြတ်သွား၏။
မိမိနှင့် တအိမ်တည်းနေ အိမ်မြှောင်များနှင့် ကိုက်ခဲသတ်ပုတ်ထား
သောကြောင့်ပင်။ကျန်အိမ်မြှောင်များသည် ဘိန်းမစွဲ။
အရှောင်ဘိန်းရှူသည်နှင့် ဝေးရာပြေးကြရန် သေဆုံးသွားပြီဖြစ်သော
အိမ်မြှောင်ကြီးဦးပညာမှ မှာထားခဲ့သည်ကို လိုက်နာကြသည်
မဟုတ်လော။ငတ်တလှည့် ပြတ်တလှည့် ဘိန်းရှူတတ်သော
အရှောင်ကြောင့် ဦးပညာတယောက် ဘိန်းငတ်ရင်း သေရ၏။

ဦးပညာ အမှာပါးခဲ့သည်ကား >>>
အရှောင်ဘိန်းရှူလျှင် ဝေးရာပြေးရန်
ယခုကာလ ခေတ်မှီအိမ်သုတ်ဆေးများဒဏ်ခံနိုင်ရန်
အိမ်မြှောင်များ ကျန်းမာရေး လိုက်စားရန်
အချင်းချင်း ခိုက်ရန်မဖြစ်ကြရန်တို့ ဖြစ်၏။
ဦးပညာ အမှာစကားများကို အခြားအခြားသော အိမ်မြှောင်များ လိုက်နာကြသော်လည်း မောင်အိမ်မြှောင် တကောင် လုံးဝ မလိုက်နာခဲ့။
ယခု နောင်တရလေပြီ။သို့သော် မူးယစ်ဆေးဝါး ကျေးကျွန်
ဖြစ်နေရှာသော မောင်အိမ်မြှောင်တကောင် အချိန်လွန်ခဲ့လေပြီ။

တဖြည်းဖြည်း ဘိန်းငတ်ယင်းထ နေရာမှ စိတ်များကယောက်ကယက်
ဖြစ်လာ၏။သွေးများ ပြောင်းပြန်စီးဆင်းကုန်သလား။အသွေးထဲက
တောင့်တနေရာမှ အရိုးထဲ အရိုးထဲမှ ခြင်ဆီထဲ တဆင့်ဆင့်
ဗြောင်းဆန်လာလေပြီ။မျက်နှာကြက်ကို ကုတ်ဆွဲထားသော
လက်ခြေများလည်း ယိုင်နဲ့လာလေပြီ။ မောင်အိမ်မြှောင် အားအင်မရှိတော့ဘဲ
အောက်ကြမ်းပြင်သို့ ဖုတ်ခနဲ ပြုတ်ကျချေပြီ။ကြမ်းပေါ်မှလည်း
ဟိုဒီ မသွားနိုင်။အသက်ရှူသံ မြန်လွန်းသည်မှ တဖြည်းဖြည်း
နှေးကွေးလာ၏။တိရစ္ဆာန် တကောင်အတွက်ပင် မူးယစ်ဆေးဝါးသည်
အလွန်အန္တရာယ်ကြီး၍ အသက်ဆုံးပါးစေမည့် ကြောက်စရာ
အဖျက်လက်နက်ပင်။

အသက်ငယ်ငယ်ရွယ်ရွယ်သာ ရှိသေးသော
မောင်အိမ်မြှောင် တကောင် ဇနီး သားသမီးတို့ကို
စွန့်ခွါ၍ သေခါနီးချေပြီ။

မသေခင်နောက်ဆုံးထွက်သက် သူမြင်ယောင်သွားသည်မှာတော့
အရှောင် ဘိန်းရှူရင်း မီးခိုးများ လှိုင်လှိုင်ထနေသော
မြင်ကွင်းပင် ဖြစ်လေတော့သည်တကား…………………………… ……………………………………………………………………………………
…………………………………………………………………………………

                                       မောင်သုခ
                                   (28-July-2016)

Monday, November 7, 2016

လူ့သက်တမ်းနှင့် အကောင်းဆုံး ဘဝနေထိုင်မှု

" လူ့သက်တမ်း နှင့် အကောင်းဆုံး ဘဝနေထိုင်မှု"

လူ့သက်တမ်းကို
ပျမ်းမျှ (၇၅) နှစ်နဲ့ တွက်ရင်
ရက်ပေါင်း (၂၇၀၀၀) ဝန်းကျင်ပဲ
လူတယောက်ဟာ လူ့ဘဝမှာ
အသက်ရှင်နေထိုင်ရပါမယ်။

ကျွန်တော်တို့လို
အသက် (၃၀) စွန်းစွန်းတွေအဖို့
အသက်ရှင်နေထိုင်ဖို့
လူ့လောကမှာ ကျန်ရှိတဲ့ရက်ဟာ
ရက်ပေါင်း (၁၅၀၀၀) ဝန်းကျင်သာ
ကျန်ရှိပါတော့တယ်။

ဒါတောင် ခရီးသွားလာနေထိုင်ရင်း
အခြားအကြောင်းတွေကြောင့်
အချိန်မရွေး သေဆုံးနိုင်မှုဆိုတာ
ရှိနေပါသေးတယ်။

ဆိုလိုရင်းကတော့
လူတယောက်ဖြစ်လာပြီး
အသက်ရှင်သန်ဖို့နဲ့
အကောင်းဆုံး အကျိုှးရှိတဲ့
အလုပ်လုပ်ဖို့ အချိန်ဟာ
အလွန်တရာ နည်းပါးတယ်ဆိုတာကိုပါ။

ဒီလို အဖိုးတန်လှတဲ့
ကျွန်တော်တို့ အသက်ရှင်သန်မှု
အချိန်ကာလ နေ့ရက်တွေကို
အကျိုးမရှိ ကြောင်သန်းရှာတာမျိုး
ကြောင်ရေချိုးပေးတာမျိုးအစရှိတဲ့
(အကျိုးမရှိ အလုပ်တွေ) နဲ့သာ
ကုန်ဆုံး ရရင်
အတော့်ကို နှမြောဖို့
ကောင်းလှပါတယ်။

အဲဒါကြောင့်
မိတ်ဆွေများ
အသက်ရှင်သန်နေတဲ့
အဖိုးတန် အချိန်တွေကို
အကောင်းဆုံး အသုံးချနိုင်ပါစေလို့
ဆန္ဒပြု ရေးသားလိုက်ပါတယ်။

                              မောင်သုခ
                             (3- Sep-2016)
credit . photo