ကောင်းမွန်သော အနာဂါတ် မြန်မာနိုင်ငံ ဖြစ်ဖို့
ဘာတွေလုပ်သင့်သလဲ …??? >>>
>>>>>>>>>>>>>>>>>>>>>>>>>>>>
ကောင်းမွန်သော အနာဂါတ် မြန်မာနိုင်ငံ ဖြစ်ဖို့အရေးဟာ
တိုင်းပြည်အစိုးရ- ပြည်သူ့ဝန်ထမ်း- ပြည်သူများနဲ့
အသင်းအဖွဲ့များကစလို့ မြန်မာနိုင်ငံမှာမှီတင်းနေထိုင်လျက်
ရှိကြတဲ့ လူသားတဦးချင်းစီအထိကို မဖြစ်မနေဆောင်ရွက်ရမယ့်
အမျိုးသားရေးတာဝန် တရပ်ဖြစ်ပါတယ်။
ဒီနေရာမှာ အမျိုးသားရေးတာဝန်ဆိုတာလေးကို
ပြောပါရစေ ။
အမျိုးသားရေးတာဝန် ဆိုတာ ဘာလဲ ..??? >>>
အမျိုးသားရေးတာဝန် ဆိုသည်မှာ
ကမ္ဘာတခု နိုင်ငံတနိုင်ငံ ဒေသတခု ၏ လတ်တလော အရေးအကြီးဆုံး နှင့်
အင်တိုက်အားတိုက် မလွှဲမသွေ တယောက်မကျန် ပြုလုပ်ရမည့်
အကြောင်းကိစ္စ ကို ခေါ်ဆိုပါသည်။
အမျိုးသားရေးတာဝန်သည် အချိန်အခါ အလိုက် ပြောင်းလဲ နိုင်သော်လည်း မည်သည့်အခါမျှ မပြောင်းလဲသောအရာကား
ဆက်စပ် ဒေသ(နိုင်ငံ)အတွင်း နေထိုင်နေကြသော လူသားအားလုံးတွင်
တာဝန် ရှိသည်ဆိုသော အချက်ပင်ဖြစ်ပါသည်။
ထို့ကြောင့် အမျိုးသားရေး သည် နိုင်ငံရေး ဘာသာရေး လူမျိုးရေး
အစရှိသည့် တဦး တဖွဲ့ တဘာသာ လူမျိုးတစု အတွက်သာ ဦးတည်သည့် သေးသွယ်ကျဉ်းမြောင်းသော ကိစ္စရပ်တို့နှင့် လားလားမျှ
ပက်သက်ခြင်းမရှိဘဲ လူသားအားလုံး ငြိမ်းချမ်းသာယာမှုကို
ရှေးရှုသည့် ကိစ္စရပ် တခုသာ ဖြစ်သည်။
အမျိုးသားရေး ခေါင်းစဉ်အောက် ရောက်သည်နှင့်
ဘာသာရေး လူမျိုးရေး နိုင်ငံရေး ဝါဒရေးထက်
ပိုမိုအရေးကြီးသော လူသားအရေးကို ဦးတည်သည် ဖြစ်သောကြောင့်
ဆိုင်ရာ ယုံကြည်ချက် အယူဝါဒများဖြစ်ကြသည့်
ဗုဒ္ဓဘာသာ ခရစ်ယာန် အစ္စလာမ် ဟိန္ဒူ ဘာသာမဲ့
အစရှိသူတို့သည် မိမိတို့ အယူဝါဒ ရေးရာနှင့်တကွ
ပါတီစွဲ လူမျိုးစွဲ တို့ကို ဦးစားပေးရှေ့တန်းတင်ရမည်ထက်
လူသားများအားလုံး ငြိမ်းချမ်းမှု အကြောင်းကိစ္စ ကို
မလွှဲမသွေ ဦးစားပေး ပြုလုပ်ရမည်ဟု ခိုင်ခိုင်မာမာ
သိရှိထားရပေမည် ။
အထက်ပါ အမျိုးသားရေးတာဝန် အနက်အဓိပ္ပါယ်အရ
ယခုအခါသမယ အဘက်ဘက်နိမ့်ကျခဲ့ပြီး
အကူးအပြောင်းကာလ မြန်မာနိုင်ငံ၏အမျိုးသားရေးသည်
ကောင်းမွန်သော အနာဂါတ် မြန်မာနိုင်ငံသို့ ဦးတည်သည့်
တိုင်းပြည်အေးချမ်း ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်သည်ဟု
မြင်မိပါသည်။
သို့ဖြစ်ပါသောကြောင့်
မြန်မာနိုင်ငံတော်ကြီး၌ မှီတင်းနေထိုင်ကြသော
လူမျိုးဘာသာအသီးသီးနှင့် တိုင်းရင်းသားအပေါင်းတို့သည်
အမျိုးသားရေးကို ရှေးရှုကာ သဘောထားကြီးကြီးထား၍
တရားဥပဒေ စိုးမိုးမှု (ပြည်သူ့ ဥပဒေ) အပြည့်အဝ
မဖြစ်ပေါ်သေးမီ ယခုကာလ၌ ညီညီညွတ်ညွတ်
လက်တွဲကာခရီးဆက်ကြရပေမည်။
နိုင်ငံတနိုင်ငံတွင် ၎င်းနိုင်ငံနှင့်သက်ဆိုင်သော
အရေးကိစ္စများစွါ အသီးသီး ရှိကြပေရာ ဦးစားပေးပြုလုပ်ရမည့်
အရေးကိစ္စလည်း အချိန်အခါတိုင်းတွင် နိုင်ငံတိုင်းလိုလို၌
ရှိကြပေသည်။ယခု မြန်မာနိုင်ငံ၏ ဦးစားပေးပြုလုပ်ရမည့်
အရေးကိစ္စသည် ကောင်းမွန်သော အနာဂါတ် မြန်မာနိုင်ငံ ဖြစ်ဖို့
အရေးကိစ္စ ဖြစ်ပေသည်။ဤနေရာတွင် မေးရန်ရှိလာသည်ကား
ကောင်းမွန်တဲ့ မြန်မာနိုင်ငံ ဖြစ်ဖို့ ဘာတွေလုပ်သင့်သလဲ …???
ဟူ၍ ဖြစ်ပေသည်။
စာရေးသူသိမြင်သလောက် ပိုကောင်းသော မြန်မာနိုင်ငံ
ဖြစ်ဖို့ရန် မြန်မာနိုင်ငံသား လူသားတဦးချင်းစီ၌
သတိမူ ဆင်ခြင် ပြုမူ ပြုပြင်ရန်
အောက်ပါအချက်များကလည်း
အရေးကြီးသော အချက်များဖြစ်ပေသည်။၎င်းတို့မှာ
၁။ အမျိုးသား ရင်ကြားစေ့ရေး ။
၂။ အပြန်အလှန် ယုံကြည်ချက်များအား လေးစားတတ်ရေး ။
၃။ အမျိုးကို စောင့်ရှောက်ရေး ။
၎။ အနာဂါတ်နိုင်ငံ အေးချမ်းသာယာရေး ။
တို့ဖြစ်ပါသည်။
((( မှတ်ချက် ။ ။အမျိုးသား အမျိုး စကားလုံးအနက်ဆိုလိုရင်းမှာ
ဘာသာစုံ လူမျိုးစုံ မြန်မာနိုင်ငံသား အပေါင်းကို ရည်ညွှန်းသည်။ )))
၁။ အမျိုးသား ရင်ကြားစေ့ရေး >>>
မြန်မာနိုင်ငံ၌ သူတလူ ငါတမင်း ပြည်သူအချင်းချင်း
စိတ်ဝမ်းကွဲပြားလျက်ရှိကြသည်မှာ မျက်မြင်ပင်ဖြစ်သည်။
ငါမှ ငါသာ နှိုင်းစရာ ဘဝင်ရောက်လျက် ငါ့မြင်း ငါစိုင်း
စစ်ကိုင်းရောက်ရောက် ဆိုသူများလှပေသည်။
ဤသို့သော အခြေအနေ၌ အမျိုးသား ရင်ကြားစေ့ရေး
အလှမ်းဝေနေသည်မှာ မထူးဆန်းပေ။
အမျိုးသား ရင်ကြားစေ့ရေး ဆိုသည်မှာ
တိုင်းသူပြည်သားတို့ ညီညွတ်ရန် စည်းလုံးရန်
အရေးကိစ္စကို ဆိုလိုသည်။
ုမြန်မာအချင်းချင်း ညီညွတ်ရုံ ရခိုင်အချင်းချင်း ညီညွတ်ရုံ
အစ္စလာမ်ဘာသာဝင်အချင်းချင်း ညီညွတ်ရုံ
ခရစ်ယာန်ဘာသာဝင်အချင်းချင်းညီညွတ်ရုံ
ဘာသာမဲ့ အချင်းချင်းညီညွတ်ရုံ
အစရှိသည်ဖြင့် မိမိတို့ အယူဝါဒတူ လူမျိုးတူ
တစုတလေ ညီညွတ်ရုံဖြင့် အမျိုးသားရင်ကြားစေ့ရေး
မဖြစ်နိုင်ပေ။
အမျိုးသားရင်ကြားစေ့ရေးဖြစ်ပေါ်ရန်
ဘာသာစုံ လူမျိုးစုံ မြန်မာနိုင်ငံသား အပေါင်း
ထိုက်သင့်သလောက် သင့်တင့် ညီညွတ်ရန်
မုချ လိုအပ်ပေသည်။
မတူညီမှုတွေ အခြေခံ၍ မညီညွတ်နိုင်ဟု စောဒကတက်ဖွယ်
ရှိသော်လည်း မတူညီမှုတွေ အခြေခံ၍ ညီညွတ်အောင်
မနေတတ်ခြင်းသည်သာ လိုအပ်ချက် ဖြစ်သည်ကို သတိပြုသင့်၏။
ဤမျှလောက်ဆိုလျှင်ဖြင့် မြန်မာနိုင်ငံသည်
အမျိုးသားရင်ကြားစေ့ရေး အဘယ့်ကြောင့် မဖြစ်ပေါ်သနည်း.???
အမျိုးသားရင်ကြားစေ့ရေး ဖြစ်ပေါ်ရန် မြန်မာပြည်သူတို့
လို လိုအပ်ချက်မှာ အဘယ်နည်း .??? ဆိုသည်ကို
ခန့်မှန်းမိလောက်ပြီဟု မှတ်ထင်မိပါသည်။
၂။ အပြန်အလှန် ယုံကြည်ချက်များအား လေးစားတတ်ရေး >>>
အပြန်အလှန် ယုံကြည်ချက်များအား လေးစားတတ်ရေး သည်လည်း
မြန်မာပြည်သူ အပေါင်းတို့ ကိုယ်စီအရိုးစွဲလျက်ရှိသော
အယူဝါဒ ယုံကြည်ချက် အစွဲကိုယ်စီ အခြေပြုသော အနေအထား၌
အလှမ်းနီးလျက်နှင့် ဝေးနေသော အရေးကိစ္စ ဖြစ်သည်။
အလှမ်းနီးလျက်ဆိုသည်မှာ ဇူကာဘက် ကျေးဇူးကြောင့်
ဖေ့စ်ဘုတ် အမည်ရှိ လူမှုကွန်ယက်တွင်
အပြန်အလှန် ယုံကြည်ချက်များအား လေးစားတတ်ရေးကို
အလွယ်တကူ တည်ဆောက်ရန် အခွင့်ထူးကြီး ရရှိထားခြင်းကို
ဆိုလိုသည်။
အလှမ်းနီးလျက်နှင့် ဝေး ဆိုသည်မှာ
ဤအခွင့်ထူးကြီးကို မြန်မာပြည်သူတို့ လွဲမှားစွါ
အသုံးချ၍ အပြန်အလှန် ယုံကြည်ချက်များကို
လေးစားမှုမထားပဲ အပြစ်တင် အပုပ်ချ အပြန်အလှန်
တိုက်ခိုက်နေကြခြင်းကို ဆိုလိုပါသည်။
ဤမျှလောက်ဆိုလျှင်
အပြန်အလှန် ယုံကြည်ချက်များအား လေးစားတတ်ရေး
အတွက် မည်သည့်နေရာသည် အခွင့်ထူးရရှိထားသော
နေရာဖြစ်၍ မည်သည့်အချက်များကို ပြင်ကြရန်လိုအပ်သလဲ
ဆိုသည်ကို မှန်းဆမိလောက်ပြီဟု မြင်မိပါသည်။
၃။ အမျိုးကို စောင့်ရှောက်ရေး >>>
အမျိုးကို စောင့်ရှောက်ရေး ဆိုသည်ကို
ဖော်ပြရာ၌ သေးသွယ်ကျဉ်းမြောင်းသော
ဘာသာစွဲ လူမျိုးစွဲ အယူဝါဒစွဲများကို ဘေးခဏချထား၍
အမျိုးဟု စာလုံးကို မြင်သည်နှင့် မြန်မာနိုင်ငံသားအပေါင်းကို
ဆိုလို၍ စာရှုသူ ဘာသာစုံ ဘာသာမဲ့ လူသားအသီးသီးသည်
ငါနှင့်သက်ဆိုင်သည် ငါ့ကိုပြောနေတာဟူ၍ နှလုံးပိုက်ကြကုန်လော့။
လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရေးသားသော
" အမျိုး နှင့် မျိုးစောင့်တရား " >>>>>>>>
ချည်ခင်ကို မရှုပ်ထွေးရအောင် အထိန်းက
စောင့်ရှောက်ဘိသကဲ့သို့ အမျိုးတရားက အမျိုးကို
စောင့်ရှောက်သည်။အူထိန်းမရှိသော ချည်ခင်သည်
ဖရိုဖရဲဖြစ်သကဲ့သို့ အမျိုးစောင့်တရား ပျက်ကွက်သောအခါ
အမျိုးလည်း ဖရိုဖရဲ ဖြစ်ချင်တိုင်းဖြစ်၍ ပျက်စီးလေသည်။
လူတိုင်းပင်လျှင် မိမိတို့အမျိုးကို ချစ်ခင်လေ့ရှိကြကုန်၏။
မိမိတို့ အမျိုးပျက်စီးတိမ်ကောသည်ဆိုလျှင် ဝမ်းနည်းတတ်ကြ၏။
မိမိတို့ အမျိုးကို ထိခိုက်လျှင် မခံချင်ဘဲ ရှိတတ်ကြ၏။
" ဤသို့ ဖြစ်လေ့ရှိသည်မှာ တကမ္ဘာလုံး၏ ဓမ္မတာသဘောပင်
ဖြစ်လေသည်"
တိရစ္ဆာန်များပင် ဖြစ်စေကာမူ မိမိတို့၏ အမျိုးဇာတ်ကို
ခင်မင်လေ့ရှိကြကုန်၏။အမျိုးကို ခင်မင်တွယ်တာလေ့မရှိဘဲ
မိမိအကျိုးစီးပွါးကိုသာ ငဲ့ကွက်ကြည့်ရှု၍ အမျိုးကို ညှာတာလေ့
မရှိသူသည် ကမ္ဘာ့ဓမ္မတာအားဖြင့် ရိုင်းစိုင်းသည်ဟု၍
ဆိုအပ်လေ၏။
အမျိုးအားနှင့်စပ်၍ စဉ်းစားဆင်ခြင်သောအခါ
တမျိုးသားလုံးကို မိမိတယောက်တည်းကဲ့သို့ ထင်မြင်ရာ၏။
တယောက်ကိုဆဲလျှင် အများအဆဲခံရသည်။တယောက်အကဲ့ရဲ့
ခံရလျှင် အများအကဲ့ရဲ့ခံရသည်ဟု မှတ်ယူကာ
မိမိ အပြုအမူ အပြောအဆိုတို့အား တမျိုးသားလုံးနှင့်
ပက်သက်သည့်နှယ် ဆင်ခြင်ထိန်းသိမ်းရမည်။
နှုတ်ကမည်ကဲ့သို့ပင် ဝံသာနုရက္ခိတစကား တိုင်းကျိုးပြည်ကျိုး
စကားကို တဖွဖွ ပြောကြားစေကာမူ ဆိုခဲ့ပြီးသောအတိုင်း
စိတ်စွဲ ထိခိုက်၍ မိမိ အပြုအမူ အပြောအဆိုတို့အား
ဆင်ခြင်ခြင်းမရှိလျှင် အပြောနှင့် မနောသဘောချင်း
ဖီလာဖြစ်၍နေရန်သာ အကြောင်းရှိ၍ မိမိ အမျိုးကို မိမိ
ဖျက်ဆီးသူသာ ဖြစ်ချေမည်။မိမိနိုင်ငံကို မိမိဖျက်ဆီးသူသာ
ဖြစ်ချေမည်။
ယခုအခါ ကျွနုပ်တို့ မြန်မာနိုင်ငံမှာ အမျိုးသားနှင့်စပ်ဆိုင်သော
မေတ္တာ ဂရုဏာ များသည် နှုတ်ဖြင့်ပြောကြား စာဖြင့်ရေးသား
ကြသည်နှင့်အညီ အဟုတ်အမှန်ထွန်းကား၍ လာကြပါလျှင်
လွန်စွါညီညွတ်၍ ကြီးပွါးခြင်း အခြေအနေသို့
ရောက်သင့်တန်လေသည်။
ဤမျှလောက်ဖြင့်
အမျိုးကို စောင့်ရှောက်ရေး ဆိုသည်မှာ
အဘယ်နည်း …??? အဘယ်သို့ ပြုမူရမည်နည်း…???
အမျိုးဆိုသည်မှာ မိမိနိုင်ငံ ပြည်သူပြည်သားအပေါင်းအား
ဆိုလိုခြင်းဖြစ်သည်ကို သိမြင်လောက်ပြီဟု
မြင်မိပါသည်။
၎။ အနာဂါတ်နိုင်ငံ အေးချမ်းသာယာရေး >>>
အနာဂါတ်နိုင်ငံ အေးချမ်းသာယာရေးသည်
ကျွနုပ်တို့ နောင်လာနောက်သားများ ဤမြန်မာနိုင်ငံကြီးတွင်
အေးချမ်းညီညွတ်စွါ ယှဉ်တွဲနေထိုင်နိုင်ရေးကို မျှော်မှန်းသော
အရေးကိစ္စဖြစ်သည်။
အနာဂါတ်နိုင်ငံ အေးချမ်းသာယာရေးအတွက်
အနစ်နာခံရမည်မှာ ကျွနုပ်တို့ပင်ဖြစ်သည်ကို
ရှောင်လွှဲ၍ မသင့်ချေ။
လက်ရှိကာလ မြန်မာနိုင်ငံ၌ နေထိုင်ရှင်သန်ကြသူများသည်
ရှေးအတိတ်ကာလမှ ဘိုးဘေးတို့၏ ပြုလုပ်အားထုတ်ဆောင်ရွက်ခဲ့မှုများကို
အမွေခံရ ရှိကြ၏။
လက်ရှိကာလ ကျွန်တော်တို့၏ ပြုလုပ်အားထုတ်
ဆောင်ရွက်မှုများကို နောင်လာနောက်သား
မျိုးဆက်တို့မှ အမွေခံယူ၍ လက်ဆင့်ကမ်းကာ
အဆင့်ဆင့်ကောင်းသထက်ကောင်းမွန်အောင်
စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အမွေများထားရစ်ခဲ့သင့်သည်မှာတော့ သမိုင်းပေးတာဝန်တရပ်ပင်
ဖြစ်ပေသည်။
သို့ဖြစ်ပါသောကြောင့် ကျွန်တော်တို့
လက်ရှိ ကာလ မြန်မာ့ ပြည်သူအပေါင်းသည်
အနာဂါတ် မြန်မာ့ သမိုင်းဖန်တီးရှင်များပင်
ဖြစ်ပေသည်။အနာဂါတ်နိုင်ငံ အေးချမ်းသာယာ၍
ကျွနုပ်တို့ နောင်လာနောက်သားများ ဤမြန်မာနိုင်ငံကြီးတွင်
အေးချမ်းညီညွတ်စွါ ယှဉ်တွဲနေထိုင်နိုင်ရန်မှာ
ကျွနုပ်တို့ တာဝန်ပင် ဖြစ်၏။
မြန်မာ့အရေး၌ နေရာအသီးသီး
ဋ္ဌာနအသီးသီး အယူဝါဒ ယုံကြည်ချက်အသီးသီးမှ
လူများသည် မိမိတို့ သမိုင်းကြောင်းကို ဖန်တီး ထုဆစ်နေကြ
သူများပင်ဖြစ်၍ မိမိသမိုင်းကြောင်း ကောင်းဖို့ကို
အားထုတ်ခြင်းသည် အနာဂါတ် မြန်မာ့ သမိုင်း၌
မျိုးဆက်တို့အကျိုးစီးပွါးဖြစ်ပြီး ဦးညွှတ်လေးစားစရာ
ဖြစ်မှာအမှန်ဖြစ်ပြီး မိမိ သမိုင်းမကောင်းချေကမူ
အနာဂါတ်မျိုးဆက်တို့ အကျိုးစီးပွါးမဲ့ဖြစ်ကာ
စက်ဆုပ်ရွံရှာဖွယ် သမိုင်းတရားခံ ဖြစ်မှာ
အမှန်ပင်ဖြစ်၏ ။
ဆိုးဝါးသော လက်ရှိအခြေအနေတရပ်ကို
ပြောင်းလဲလိုလျှင် မိမိကိုယ်တိုင်မှ စတင်ပြောင်းလဲဖို့အားထုတ်ရပေမည်။
လက်ရှိအခြေအနေ ဆိုးဝါးမှန်း သိပါလျက် ရေစုန်မျှောလိုက်ခြင်းသည်
တာဝန်မဲ့မှု တခုပင်ဖြစ်သည်။
မိမိ၏ ရေစုန်မျှောလိုက်မှုသည်
မိမိ မျိုးဆက် သားမြေးအတွက် အကျိုးမဲ့ ဖြစ်တတ်သည်ကို
သတိချပ်၍ အနာဂါတ် မြန်မာ့ သမိုင်းဖန်တီးရှင်
မြန်မာ့ပြည်သူများ နောင်လာနောက်သားများအတွက်
ကောင်းမွန်သော သမိုင်းအမွေများ ကိုယ်စီ
ထားရစ်ခဲ့နိုင်၍ အနာဂါတ်နိုင်ငံ အေးချမ်းသာယာကာ
ကျွနုပ်တို့ နောင်လာနောက်သားများ ဤမြန်မာနိုင်ငံကြီးတွင်
အေးချမ်းညီညွတ်စွါ ယှဉ်တွဲနေထိုင်နိုင်၍
ကောင်းမွန်တဲ့ အနာဂါတ် မြန်မာနိုင်ငံကြီးကို ပိုင်ဆိုင်ကြစေရန်
ကိုယ်စီ ကိုယ်စီ အားထုတ်သင့်ပါကြောင်း
အကြံပြုရေးသားရင်း……,
ကောင်းတဲ့ အနာဂါတ် မြန်မာနိုင်ငံ ဖြစ်ဖို့ ဘာတွေလုပ်သင့်သလဲ …???
ဆိုသည့် စာစုအား နိဂုံးချုပ်အပ်ပါသည်။
မောင်သုခ
(7-5- 2015)edited (31-Oct-2016)